ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hb စာ. ၁၇-၂၂
  • သင်၌ ရွေးချယ်ပိုင်ခွင့် ရှိသည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်၌ ရွေးချယ်ပိုင်ခွင့် ရှိသည်
  • သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်၏အခွင့်အရေး အသိအမှတ်ပြုခံရ
  • တရားရုံးတက်မည့်အစား
  • ကလေးများအတွက် မေတ္တာပြည့်ဝသော စောင့်ရှောက်မှု
  • သင့်သားသမီးများကို သွေးအလွဲသုံးခြင်းမှ ကာကွယ်ပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ယုံကြည်ခြင်းအတွက် စိန်ခေါ်ချက်ဖြစ်သောဆေးဘက်ဆိုင်ရာအခြေအနေကိုရင်ဆိုင်ရန် အသင့်ရှိပြီလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • သွေးသွင်းခြင်းအစား အရည်အသွေးကောင်းသော ရွေးချယ်စရာများ
    သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း
  • ယေဟောဝါသက်သေများ—ခွဲစိတ်ကုသမှုဆိုင်ရာ/ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်ချက်
    သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း
နောက်ထပ် ကြည့်ပါ
သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း
hb စာ. ၁၇-၂၂

သင်၌ ရွေးချယ်ပိုင်ခွင့် ရှိသည်

ယခု ခေတ်စားနေသည့် ဆေးပညာဆိုင်ရာ လုပ်နည်းကိုင်နည်း (ကောင်းကျိုး/ဆိုးပြစ် စိစစ်ခြင်းဟုခေါ်သည်) တစ်မျိုးက ဆရာဝန်များနှင့် လူနာများ အတူတကွပူးပေါင်း၍ သွေးသွင်းခြင်းကုထုံးကို ရှောင်ကြဉ်ရန် ပို၍လွယ်ကူစေသည်။ ဆရာဝန်များက ဆေးဝါးတစ်မျိုး သို့မဟုတ် ခွဲစိတ်ကုသနည်းတစ်မျိုး၏ ဘေးအန္တရာယ်များနှင့် အလားအလာရှိသော အကျိုးကျေးဇူးများ အစရှိသည့် အကြောင်းခံများကို လေ့လာချိန်ဆကြသည်။ လူနာများလည်း ထိုကဲ့သို့သော စိစစ်လေ့လာခြင်းတွင် ပါဝင်နိုင်ပါသည်။

ဒေသများစွာမှလူတို့ ဆက်စပ်နားလည်နိုင်သည့် သာဓကတစ်ခု—နာတာရှည် ပါးသိရောင်နာ—ကို ကြည့်ကြပါစို့။ သင်၌ ဤပြဿနာ ရှိပါက သင် ဆရာဝန်ထံ သွားပြပေမည်။ စင်စစ်ဆိုရလျှင် သင်သည် ဆရာဝန်နှစ်ဦးနှင့်ပင် ဆွေးနွေးတိုင်ပင်ပေမည်။ အကြောင်းမှာ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များက ထင်မြင်ချက်အကြံဉာဏ် တစ်ခုထက်မက ရယူရန် အကြံပေးလေ့ရှိ၍ဖြစ်သည်။ တစ်ဦးက ခွဲစိတ်ကုသရန် အကြံပြုပေမည်။ အကျုံးဝင်ပတ်သက်သည့် အချက်များကို ရှင်းပြမည်– ဆေးရုံတက်ရသည့်ကာလ၊ နာကျင်မှုအတိုင်းအတာနှင့် ကုန်ကျစရိတ် စသည်ဖြင့်။ ဘေးအန္တရာယ်အနေနှင့် သွေးထွက်လွန်ခြင်း ဖြစ်လေ့မရှိကြောင်း၊ ဤသို့သော ခွဲစိတ်ကုသမှုကြောင့် သေဆုံးရခြင်းမှာလည်း ဖြစ်ခေါင့်ဖြစ်ခဲကြောင်း ပြောပြပေမည်။ သို့သော် နောက်အကြံပေးသည့် ဆရာဝန်က ပဋိဇီဝဆေးဝါးဖြင့် ကုသသည့်နည်းကို စမ်းကြည့်ရန် တိုက်တွန်းပေမည်။ ဆေးဝါးအမျိုးအစား၊ အောင်မြင်မည့် အလားအလာနှင့် အကုန်အကျတို့ကို ရှင်းပြမည်။ အန္တရာယ်အနေနှင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုဖြစ်လောက်သည့် ဆေးတန်ပြန်မှုဖြစ်သောလူနာ အလွန်နည်းလှသည်ဟု ပြောပြမည်။

အရည်အချင်းပြည့်ဝသည့် ဆရာဝန်နှစ်ဦးစလုံးက ဖြစ်နိုင်သည့် အန္တရာယ်များနှင့် အကျိုးကျေးဇူးများကို အသီးသီး စဉ်းစားသုံးသပ်ဖွယ် ရှိသော်လည်း ယခု ဘေးအန္တရာယ်များနှင့် အလားအလာရှိသော အကျိုးကျေးဇူးများမှစ၍ သင် ကောင်းစွာသိထားသည့် အခြားအခြားသော အကြောင်းခံများကို သင် ချင့်ချိန်ရမည်ဖြစ်သည်။ (ဥပမာ သင်၏ စိတ်လှုပ်ရှားမှု သို့မဟုတ် ဝိညာဉ်ရေးခွန်အား၊ မိသားစု ငွေကြေးအခြေအနေ၊ မိသားစုအပေါ် သက်ရောက်မှုနှင့် သင်ကိုယ်တိုင်၏ ကိုယ်ကျင့်သိက္ခာ အစရှိသည်တို့ကို သင်သာလျှင် အကောင်းဆုံး သိရှိထားသည်။) ထို့နောက် သင် တစ်ခုခုကို ရွေးချယ်လိုက်သည်။ ကုထုံးတစ်မျိုးကို ကောင်းစွာသိရှိပြီးနောက် သဘောတူ လက်ခံပြီး အခြားတစ်မျိုးကို ပယ်ချပေမည်။

အကယ်၍ သင့်ကလေး နာတာရှည် ပါးသိရောင်ရောဂါ ဖြစ်ခဲ့သော် အခြေအနေမှာ ဤအတိုင်းပင်ဖြစ်ပေမည်။ တိုက်ရိုက်သက်ဆိုင်သူနှင့် နောက်ဆက်တွဲ အကျိုးများကို ကိုင်တွယ်ဖြေရှင်းရန် တာဝန်ရှိသူဖြစ်သည့် အသင် မိဘဖြစ်သူတို့အား ဆရာဝန်က ကောင်းကျိုးဆိုးပြစ်များနှင့်တကွ ကုထုံးများကို ချပြမည်ဖြစ်သည်။ အဘက်ဘက်မှ စဉ်းစားသုံးသပ်ပြီးနောက် သင့်ကလေး၏ ကျန်းမာရေးမက အသက်ရှင်ရေးပင် အကျုံးဝင်နေသည့် ဤကိစ္စနှင့်ပတ်သက်၍ အသိအမြင်ရှိရှိနှင့် ရွေးချယ်မှု ပြုနိုင်ပေသည်။ ခွဲစိတ်ကုသလျှင် စွန့်စားရမည့် အန္တရာယ်များ ရှိသော်လည်း ယင်းကို သင် သဘောတူ လက်ခံကောင်း လက်ခံပေမည်။ အခြားမိဘများမူကား အန္တရာယ်မကင်းသော်လည်း ပဋိဇီဝဆေးဝါးကုထုံးကို ရွေးချယ်ကောင်း ရွေးချယ်ပေမည်။ ဆရာဝန်များပေးသည့် အကြံဉာဏ်များ ကွဲပြားသကဲ့သို့ လူနာများ သို့မဟုတ် မိဘများလည်း ယူဆချက် ကွဲပြားကြမည်ဖြစ်သည်။ အသိအမြင်ရှိရှိ (ဘေးအန္တရာယ်/အကျိုးကျေးဇူ) ရွေးချယ်မှုပြုရာ၌ ဤသို့ဖြစ်တတ်သည်မှာ အဆန်းမဟုတ်ပါ။

သွေးအသုံးပြုခြင်းနှင့် ပတ်သက်၍ကော မည်သို့ဆိုမည်နည်း။ အချက်အလက်များကို ဓမ္မဓိဋ္ဌာန်ကျကျ ဆန်းစစ်ပါက သွေးသွင်းကုသခြင်း၌ ကြီးမားသော ဘေးအန္တရာယ်ရှိကြောင်း မည်သူမျှ ငြင်းမည်မဟုတ်ပါ။ မက်ဆာချူးဆက် အထွေထွေရောဂါကု ဆေးရုံကြီး၊ သွေးသွင်းကုသရေးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ ချားလ်စ် ဟတ်ဂင်စ်က ဤအချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်– “သွေးသည် ယခင်ကနှင့်စာလျှင် ပို၍ စိတ်ချလာရပြီ။ သို့သော်လည်း သွေးကို စိတ်မချရသော ပစ္စည်းအဖြစ် မလွှဲမရှောင်သာ ယူမှတ်ရဦးမည်။ ယင်းသည် ဆေးပညာတွင် ကျွန်ုပ်တို့ အသုံးပြုနေသည့် အန္တရာယ် အကြီးဆုံးသော အရာဝတ္ထုဖြစ်သည်။”—ဘော်စတွန်ဂလုပ် မဂ္ဂဇင်း၊ ၁၉၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်။

ခိုင်လုံသောအကြောင်းရှိ၍ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအား ဤသို့ အကြံပြုထားသည်– “သွေးသွင်းကုသခြင်း၏ ကောင်းကျိုး/ဆိုးပြစ် ဆက်နွှယ်မှုမှ ဘေးအန္တရာယ်အပိုင်းကို ပြန်လည်ချင့်တွက်၍ အခြားရွေးချယ်စရာ နည်းလမ်းများကို ရှာဖွေရန် လိုအပ်သည်။” (ဤစာစောင်၌ အက္ခရာစောင်းထားသည်)—သွေးဆဲလ်နီသွင်း ကုသခြင်းဝန်းကျင်၊ အမျိုးသား ကျန်းမာရေးသိပ္ပံ ညီလာခံ၊ ၁၉၈၈ ခုနှစ်၊ ဇန်နဝါရီလ ၂၇-၂၉ ရက်။

သွေးအသုံးပြုခြင်း၏ ကောင်းကျိုးဆိုးပြစ်နှင့် ပတ်သက်၍ ဆရာဝန်များ သဘောထား ကွဲလွဲကောင်း ကွဲလွဲကြမည်။ ဆရာဝန်တစ်ဦးသည် သွေးသွင်းကုသခြင်း များစွာပြုလုပ်ခဲ့ပြီး အန္တရာယ်စွန့်စားရသည်မှာ ထိုက်တန်သည်ဟု အခိုင်အမာ ယုံကြည်ပေမည်။ ဆရာဝန် နောက်တစ်ဦးကမူ ဤစွန့်စားမှုများမလုပ်သင့်ဟု ယူဆပေမည်၊ အကြောင်းမှာ သူသည် သွေးမဲ့ကုသနည်းဖြင့် ရလဒ်ကောင်းများ ရရှိထား၍ဖြစ်သည်။ သို့သော် နောက်ဆုံး၌ လူနာဖြစ်သော သို့မဟုတ် မိဘများဖြစ်သော သင်ကိုယ်တိုင် ဆုံးဖြတ်ချက် ချရမည်ဖြစ်သည်။ အဘယ်ကြောင့် သင် ဆုံးဖြတ်ရသနည်း။ အကြောင်းမှာ သင်၏ (သို့မဟုတ် သင့်ကလေး၏) ခန္ဓာကိုယ်၊ အသက်၊ ကိုယ်ကျင့်သိက္ခာမှစ၍ အလွန့်အလွန် အရေးကြီးသော ဘုရားသခင်နှင့်ဆက်ဆံရေး အကျုံးဝင် ပတ်သက်နေ၍ဖြစ်သည်။

သင်၏အခွင့်အရေး အသိအမှတ်ပြုခံရ

ယနေ့ ဒေသများစွာတွင် လူနာဘက်မှ မည်သို့သောကုသမှုမျိုး လက်ခံမည်ကို ဆုံးဖြတ်ပိုင်သည့် မချိုးဖောက်အပ်သော အခွင့်အရေး ရှိကြသည်။ “အသိအမြင်ရှိသော သဘောတူညီချက်ဆိုင်ရာ ဥပဒေသည် အကြောင်းပြချက် နှစ်ရပ်ပေါ်တွင် အခြေခံထားသည်– ပထမ၊ လူနာအနေဖြင့် အကြံပြုထောက်ခံထားသည့် ကုသမှုနှင့်ပတ်သက်၍ အသိအမြင်ရှိရှိ ရွေးချယ်မှုပြုနိုင်ရန် သတင်းအချက်အလက် အလုံအလောက် ရယူပိုင်ခွင့်ရှိသည်။ ဒုတိယ၊ လူနာသည် ဆရာဝန်၏ အကြံပြုထောက်ခံချက်ကို လက်ခံခြင်းသော်လည်းကောင်း၊ ငြင်းပယ်ခြင်းသော်လည်းကောင်း ပြုနိုင်သည်။ . . . လူနာများအား ငြင်းပယ်ခွင့်၊ လက်ခံခွင့်နှင့် စည်းကမ်းသတ်မှတ်ချက်ဖြင့် လက်ခံခွင့် ရှိသူများအဖြစ် ကျွန်ုပ်တို့ မှတ်ယူခြင်းမရှိလျှင် အသိအမြင်ရှိသော သဘောတူညီချက် သဘောတရားသည် ပျက်ပြယ်သွားပေမည်။”—အသိအမြင်ရှိသော သဘောတူညီမှု—ဥပဒေရေးရာ အယူအဆနှင့် ဆေးဝါးကုသမှု လက်တွေ့လုပ်ငန်း၊ ၁၉၈၇ ခုနှစ်။a

လူနာအချို့သည် မိမိတို့၏လုပ်ပိုင်ခွင့်ကို ကျင့်သုံးရန် အားထုတ်သည့်အခါ၌ အတိုက်အခံနှင့် ရင်ဆိုင်ကြရသည်။ ဆန့်ကျင်တိုက်ခိုက်မှုသည် ပါးသိဖြတ်ခြင်း သို့မဟုတ် ပဋိဇီဝဆေးသုံးခြင်းနှင့် ပတ်သက်၍ ပြင်းထန်သော ခံစားချက်ရှိသည့် မိတ်ဆွေတစ်ဦးထံမှ လာနိုင်သည်။ သို့တည်းမဟုတ် မိမိ၏အကြံပြုချက် မှန်ကန်သည်ဟု အခိုင်အမာယုံကြည်နေသော ဆရာဝန်တစ်ဦးထံမှလည်း လာနိုင်သည်။ ဆေးရုံအရာရှိတစ်ဦးက ဥပဒေရေးရာ သို့မဟုတ် ငွေရေးကြေးရေး အကျိုးအမြတ်ပေါ် မူတည်၍ပင် သဘောကွဲလွဲနိုင်ပေသည်။

“အရိုးရောဂါ အထူးကု ဆရာဝန် များစွာသည် [သက်သေခံ] လူနာများအား ခွဲစိတ်ကုသမှုမပြုရန် ဆုံးဖြတ်ထားကြသည်၊” ဟု ဒေါက်တာ ကားလ် အယ်လ်၊ နဲလ်စင် ကဆိုသည်။ “လူနာသည် မည်သည့် ဆေးပညာကုထုံးကိုမဆို ငြင်းပယ်ခွင့်ရှိသည်ဟု ကျွန်ုပ်တို့ လက်ခံယုံကြည်သည်။ ခွဲစိတ်ကုသမှုတစ်ခုကို သွေးသွင်းခြင်းကဲ့သို့သော ကုသမှုတစ်မျိုးမျိုးကို အသုံးမပြုဘဲ နည်းပညာအရ ဘေးကင်းစွာ လုပ်ဆောင်နိုင်မည်ဆိုလျှင် ယင်းကို ရွေးချယ်စရာအဖြစ် စဉ်းစားသင့်ပေသည်။”—အရိုးနှင့် ရိုးဆက် ခွဲစိတ်ကုသမှု ဂျာနယ်၊ ၁၉၈၆ ခုနှစ်၊ မတ်လ။

ထောက်ထားတတ်သည့် လူနာတစ်ဦးသည် ဆရာဝန်တစ်ဦးအား မကျွမ်းကျင်သည့် ကုထုံးတစ်မျိုးကို အသုံးပြုရန် ဖိအားပေးမည်မဟုတ်ပါ။ သို့သော် ဒေါက်တာ နဲလ်စင် ဆိုခဲ့သည့်အတိုင်း အလုပ်တွင် နှစ်မြှုပ်ထားသည့် ဆရာဝန်အများသည် လူနာ၏ ယုံကြည်ချက်ကို ထည့်သွင်းစဉ်းစားတတ်ကြသည်။ ဂျာမန် အရာရှိတစ်ဦးက ဤသို့ အကြံပြုခဲ့သည်– “ဆရာဝန်အနေဖြင့် ယေဟောဝါသက်သေတစ်ဦးကို ကုသပေးရာတွင် ရှိရှိသမျှ ဆေးပညာဆိုင်ရာ ရွေးချယ်စရာအားလုံးကို အလိုရှိသလို အသုံးမပြုနိုင်ဟူသော အကြောင်းပြချက်ဖြင့် . . . အကူအညီပေးခြင်းကို ငြင်းပယ်ခြင်း မပြုနိုင်ပါ။ ဆရာဝန်အတွက် ဖွင့်ထားသည့် အခွင့်အလမ်းများ ချုပ်ချယ်ကန့်သတ်ခြင်း ခံရသည့်တိုင်အောင် အကူအညီ ပေးရမည့်တာဝန် ရှိမြဲရှိနေပါသည်။” (Der Frauenarzt, ၁၉၈၃ ခုနှစ်၊ မေလ-ဇွန်လ) အလားတူပင်၊ ဆေးရုံများ တည်ထောင်ဖွင့်လှစ်ထားခြင်း၏ ရည်ရွယ်ချက်မှာ အမြတ်အစွန်း တစ်ခုတည်းအတွက် မဟုတ်ဘဲ ခွဲခြားဆက်ဆံခြင်းမပြုဘဲ ပြည်သူအားလုံးတို့အတွက် အကျိုးသယ်ပိုးပေးရန်ဖြစ်သည်။ ကက်သလစ် ဘာသာရေး ပညာရှင် ရစ်ချဒ် ဂျေ၊ ဒေဗိုင်းက ဤသို့ရေးသားထားသည်– “ဆေးရုံအနေဖြင့် လူနာ၏အသက်နှင့် ကျန်းမာရေးအတွက် ဆေးပညာဖြင့် အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်သော်လည်း ၎င်းဆေးဝါးကုသမှုသည် [လူနာ၏] ဩတ္တပ္ပစိတ်ကို ထိပါးနှောင့်ယှက်ခြင်း မပြုမိအောင် သတိထားရမည်။ ၎င်းပြင်၊ လူနာကို ချော့မော့မြှောက်ပင့် နားချခြင်းမှသည် အတင်းအဓမ္မ သွေးသွင်းရန် တရားရုံးအမိန့် ရယူခြင်းအထိ အကျပ်ကိုင်သည့် ပုံစံအားလုံးကိုလည်း ရှောင်ရှားရပါမည်။”—ကျန်းမာရေး တိုးတက်မှု၊ ၁၉၈၉ ခုနှစ်၊ ဇွန်လ။

တရားရုံးတက်မည့်အစား

တရားရုံးဆိုသည်မှာ ပုဂ္ဂိုလ်ရေး ဆေးဝါးကုသမှု ပြဿနာများကို ဖြေရှင်းပေးသည့်နေရာ မဟုတ်ကြောင်း လူအများက သဘောတူလက်ခံကြသည်။ အကယ်၍ သင်က ပဋိဇီဝဆေးဝါးကုထုံးကို ရွေးချယ်သော်လည်း တစ်စုံတစ်ယောက်က တရားရုံးသွား၍ သင့်အား ပါးသိဖြတ်ခြင်းကို အတင်းအကျပ် လက်ခံခိုင်းမည်ဆိုလျှင် သင်မည်သို့ ခံစားရမည်နည်း။ ဆရာဝန်တစ်ဦးသည် အကောင်းဆုံးဟု သူယူဆသည့် ကုသစောင့်ရှောက်မှု ပေးလိုမည်ဖြစ်သော်လည်း သင်၏ အခြေခံ အခွင့်အရေးကို နင်းချေရန် ဥပဒေရေးရာ ကျိုးကြောင်းပြချက် တောင်းလျှောက်ရန် သူ့တွင် တာဝန်မရှိပါ။ သမ္မာကျမ်းစာက သွေးကြဉ်ရှောင်ခြင်းကို မတရားမေထုန် ရှောင်ကြဉ်ခြင်းနှင့် တစ်တန်းတစ်စားတည်း ထားရှိသောကြောင့် ခရစ်ယာန်တစ်ဦးအား အတင်းအဓမ္မ သွေးသွင်းပေးခြင်းသည် အဓမ္မ သားမယားပြုကျင့်ခြင်း—မုဒိမ်းကျင့်ခြင်း—နှင့်တူညီသည်။—တမန်တော် ၁၅:၂၈၊ ၂၉။

သို့ရာတွင်၊ တရားရုံးအချို့သည် ဘာသာရေး အခွင့်အရေးကြောင့် အန္တရာယ်အချို့ကို စွန့်စားရန်အသင့်ရှိသော လူနာတစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ “သွေးသွင်းခြင်းကို ခွင့်ပြုနိုင်ရန် တရားဝင် ခြွင်းချက်များ—တရားဝင် ထွင်လုံးများဟု ခေါ်လိုက ခေါ်နိုင်သည်—ပြဋ္ဌာန်းပေးလိုက်ရသည့်” အခါမျိုးတွင် အလွန်ပင် စိတ်သောက ရောက်ရကြသည်ဟု သွေးသွင်းကုသခြင်းအတွက် အသိအမြင်ရှိသော သဘောတူညီချက် (၁၉၈၉ ခုနှစ်) စာအုပ်၌ ရေးသားဖော်ပြထားသည်။ ၎င်းတို့က လူနာ၌ ကိုယ်ဝန်လွယ်ထား၍ သို့မဟုတ် ထောက်ပံ့ရမည့် သားသမီးများရှိ၍ဟု အကြောင်းပြပေမည်။ “၎င်းတို့မှာ တရားဝင် ထွင်လုံးများဖြစ်သည်” ဟု ထိုစာအုပ်ကဆိုသည်။ “တရားဥပဒေအရ အရည်အချင်းပြည့်မီသော အရွယ်ရောက်သူများသည် ဆေးဝါးကုသမှုကို ငြင်းပယ်ပိုင်ခွင့် ရှိကြသည်။”

သွေးသွင်းကုသခြင်းကို လက်ခံရန် မရမက တောင်းဆိုသူအချို့တို့သည် သက်သေခံများမှာ ရောဂါကုထုံးမှန်သမျှကို ငြင်းပယ်သူများမဟုတ် ဟူသည့်အချက်ကို မသိကျိုးကျွန် ပြုကြသည်။ အန္တရာယ် ရောပြွမ်းနေသည်ဟု ကျွမ်းကျင်သူ ပညာရှင်များကပင် ပြောဆိုကြသည့် ရောဂါကုထုံး တစ်မျိုး ကိုသာ သူတို့ ငြင်းပယ်ကြပါသည်။ များသောအားဖြင့် ဆေးဝါးကုသမှု ပြဿနာတစ်ခုကို နည်းအမျိုးမျိုးဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ပါသည်။ တစ်မျိုး၌ ဤအန္တရာယ်ရှိပြီး နောက်တစ်မျိုး၌ ထိုအန္တရာယ်ရှိမည်။ မည်သည့်အန္တရာယ်သည် “သင့် ကောင်းကျိုးချမ်းသာအတွက် အကောင်းဆုံးဖြစ်မည်ကို” တရားရုံးတစ်ခုခု သို့မဟုတ် ဆရာဝန်တစ်ဦးဦးက အိမ်ထောင်ဦးစီးကဲ့သို့ ကောင်းစွာသိရှိနိုင်သလော။ ဤပြဿနာကို သင်ကိုယ်တိုင် ဆုံးဖြတ်ရမည်ဖြစ်သည်။ ယေဟောဝါသက်သေများသည် မိမိတို့အတွက် တစ်စုံတစ်ယောက်က ဆုံးဖြတ်ချက်ချပေးသည်ကို မလိုလားသည့်မူကို အခိုင်အမာ စွဲကိုင်ထားကြသည်၊ ဤကား ဘုရားသခင်ရှေ့ သူတို့တစ်ဦးချင်း၏ တာဝန်ဖြစ်သည်။

တရားရုံးတစ်ခုက သင့်အား စက်ဆုပ်ရွံရှာဖွယ် ကုသမှုတစ်မျိုးမျိုးကို အတင်းအဓမ္မ လက်ခံစေမည်ဆိုပါက သင့်သြတ္တပ္ပစိတ်နှင့် အသက်ရှင်လိုသည့်ဆန္ဒအပေါ် မည်သည့်သက်ရောက်မှု ရှိမည်နည်း။ ဒေါက်တာ ကွန်ရက် ဒရက်ဘင်းဂျားက ဤသို့ရေးသားခဲ့သည်– “လူနာတစ်ဦးအား ရောဂါကုထုံးတစ်မျိုးမျိုးကို အတင်းအဓမ္မ လက်ခံခိုင်းပြီး သူ၏ ဩတ္တပ္ပစိတ်ကို လျစ်လျူရှုကာ ကာယရေးဘက် ကုသမှုပြုပေးသော်လည်း စိတ္တရေးဘက်တွင် အလဲထိုးခံရသည့် အခြေသို့ရောက်စေသော ဆေးကုသမှုဆိုင်ရာ ရည်မှန်းချက်သည် လွဲမှားသောရည်မှန်းချက် မုချဖြစ်သည်။”—Der Praktische Arzt, ၁၉၇၈ ခုနှစ်၊ ဇူလိုင်လ။

ကလေးများအတွက် မေတ္တာပြည့်ဝသော စောင့်ရှောက်မှု

သွေးနှင့်ပတ်သက်သည့် တရားရုံးအမှုများတွင် ကလေးသူငယ်များ အဓိကပါဝင်သည်။ တစ်ခါတစ်ရံ မေတ္တာရှိသော မိဘတို့က သွေးမဲ့ ဆေးဝါးကုသမှုကို လေးစားစွာ တောင်းဆိုသည့်အခါ၌ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအချို့က သွေးသွင်းပေးခြင်းအတွက် တရားရုံး၏ထောက်ခံမှုကို တောင်းလျှောက်ကြသည်။ ခရစ်ယာန်များသည် ကလေးသူငယ်များအား မတော်မတရားပြုကျင့်ခြင်း သို့မဟုတ် စွန့်ပစ်ခြင်းမှကာကွယ်သည့် တရားဥပဒေ သို့မဟုတ် တရားရုံး၏ အရေးယူဆောင်ရွက်မှုများကို သဘောတူလက်ခံကြသည်မှာ အထူးဆိုဖွယ်မရှိပါ။ မိဘအချို့က ကလေးတစ်ဦးအား လူမဆန်စွာ ပြုမူဆက်ဆံခြင်း သို့မဟုတ် မည်သည့် ဆေးဝါးကုသမှုကိုမှ မခံယူစေခြင်း အစရှိသော ပြစ်မှုများအကြောင်းကို သင်ဖတ်ဖူးကောင်း ဖတ်ဖူးပေမည်။ ဝမ်းနည်းဖွယ်ရာပင်။ စွန့်ပစ်ခံ ကလေးသူငယ်တစ်ဦးအား ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ကြားဝင်နိုင်ပါသည်၊ ဝင်လည်းဝင်သင့်ပေသည်။ သို့ရာတွင် ၎င်းသည် မေတ္တာရှိသော မိဘတို့က အရည်အသွေးမြင့်သည့် သွေးမဲ့ ဆေးဝါးကုသမှု ကုထုံးတစ်မျိုးကို တောင်းဆိုခြင်းနှင့် ကွာခြားလှသည်ကို လွယ်ကူစွာ တွေ့နိုင်ပေသည်။

ဤတရားဆွဲဆိုမှုများသည် များသောအားဖြင့် ဆေးရုံတက်နေသည့် ကလေးတစ်ဦးပေါ် စူးစိုက်လေ့ရှိကြသည်။ ထိုကလေး ဆေးရုံပေါ် မည်သို့ရောက်ရှိလာသနည်း၊ အဘယ်ကြောင့် ရောက်ရှိနေသနည်း။ အများအားဖြင့် စိုးရိမ်ကြောင့်ကြတတ်သည့် မိဘတို့က အရည်အသွေးကောင်းသော ကုသစောင့်ရှောက်မှု ခံယူရန်အတွက် သူတို့၏ကလေးကို ခေါ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ယေရှုသည် ကလေးသူငယ်များကို စိတ်ဝင်စားတော်မူသကဲ့သို့ ခရစ်ယာန်မိဘတို့သည် သူတို့၏သားသမီးများကို ဂရုစိုက်စောင့်ရှောက်ကြသည်။ သမ္မာကျမ်းစာက ‘နို့တိုက်မိခင်သည် မိမိ၏ ရင်သွေးကို ချစ်ခင်ယုယ’ သည့်အကြောင်း ဆိုထားသည်။ ယေဟောဝါသက်သေများလည်း မိမိတို့၏ ရင်သွေးများကို အလားတူပင် နှစ်နှစ်ကာကာ ချစ်ခင်မြတ်နိုးကြပါသည်။—၁ သက်သာလောနိတ် ၂:၇; မဿဲ ၇:၁၁; ၁၉:၁၃-၁၅။

မိဘအားလုံးသည် သဘာဝအလျောက် မိမိတို့ သားသမီးများ၏ လုံခြုံရေးနှင့် အသက်ရှင်ရေးအပေါ် သက်ရောက်မှုရှိသည့် ဆုံးဖြတ်ချက်များကို ချပေးတတ်ကြသည်– နေအိမ် အနွေးဓာတ်အတွက် ဓာတ်ငွေ့ သုံးမည်လော၊ မီးထိုးဆီ သုံးမည်လော။ ကလေးကို မော်တော်ကားဖြင့် ခရီးရှည်ခေါ်သွားမည်လော။ ကလေးကို ရေကူးသွားခိုင်းမည်လော။ ဤကဲ့သို့သောကိစ္စများတွင် အန္တရာယ်များ ရှိသည့်အပြင် သေရေးရှင်ရေးကိစ္စများပင် ဖြစ်နိုင်သည်။ သို့သော်လည်း လူ့အဖွဲ့အစည်းက မိဘတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အသိအမှတ်ပြုကြသဖြင့် သားသမီးများပေါ် သက်ရောက်မှုရှိသည့် ဆုံးဖြတ်ချက် အားလုံးနီးပါးတွင် မိဘတို့၏ သဘောထားသည်သာ အဓိကအဖြစ် လက်ခံကြသည်။

၁၉၇၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်က ဤသို့ ရှင်းလင်းစွာ ဖော်ပြခဲ့သည်– “မိသားစုနှင့်ဆိုင်သော ဥပဒေရေးရာ သဘောထားသည် အောက်ပါ ဖြစ်နိုင်ခြေ ယူဆချက်အပေါ် အခြေပြုထားသည်– ကလေးဖြစ်သူသည် ရင့်ကျက်မှု၊ အတွေ့အကြုံနှင့် ဘဝတွင် ခက်ခဲသော ဆုံးဖြတ်ချက်များ ချမှတ်ရာ၌လိုအပ်သည့် ဝေဖန်ပိုင်းခြားနိုင်သည့်စွမ်းရည် မရှိလျှင် မိဘဖြစ်သူတို့က ကလေးကိုယ်စား ဆုံးဖြတ်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ . . . [ဆေးဝါးကုသသည့်ကိစ္စ၌] မိဘဖြစ်သူတို့၏ ဆုံးဖြတ်ချက်သည် အန္တရာယ်ရှိရုံမျှဖြင့် ဆုံးဖြတ်ပိုင်ခွင့်ကို မိဘများထံမှ အစိုးရဌာနတစ်ခုခုက၊ အရာရှိတစ်ဦးဦးက အလိုအလျောက် လွှဲပြောင်းရယူနိုင်သည်မဟုတ်။”—ပါဟမ်းနှင့် ဂျေ၊ အာရ် အမှု။

ထိုနှစ်၌ပင် နယူးယောက် အယူခံတရားရုံးက ဤသို့ စီရင်ချက်ချခဲ့သည်– “ကလေးတစ်ဦး ဆေးဝါးကုသစောင့်ရှောက်မှု အလုံအလောက်ရရှိခြင်း ရှိမရှိ ဆုံးဖြတ်ရာ၌ အရေးအကြီးဆုံးအချက်မှာ . . . မိဘဖြစ်သူတို့က ပတ်ဝန်းကျင် အခြေအနေ အရပ်ရပ်အရ သားသမီးကို လက်ခံနိုင်သည့် ဆေးဝါးကုသမှု ပြုလုပ်ပေးခြင်း ရှိမရှိ ဟူသည့်အချက်ဖြစ်သည်။ မိဘဖြစ်သူတို့သည် ‘မှန်သော’ ဆုံးဖြတ်ချက် ချခဲ့သလော၊ သို့မဟုတ် ‘မှားသော’ ဆုံးဖြတ်ချက် ချခဲ့သလော ဟူသည့်အချက်ဖြင့် စုံစမ်းစစ်ဆေးခြင်း မပြုနိုင်ပေ။ အကြောင်းမှာ ယခုလက်ရှိ ဆေးပညာသည် အကြီးအကျယ် တိုးတက်နေလင့်ကစား ထိုကဲ့သို့ ခိုင်မာပြတ်သားသော အဆုံးသတ်ကောက်ချက်မျိုး ချပိုင်ခွင့် နည်းပါးလှသည်။ တရားရုံးသည်လည်း မိဘများကိုယ်စား တာဝန်ယူခွင့်မရှိပါ။”—ဟော့ဖ်ဘောင်အာ အမှုကို ရည်ညွှန်းလျက်။

ခွဲစိတ်ကုသမှုနှင့် ပဋိဇီဝဆေးဖြင့်ကုသမှု နှစ်ရပ်အနက် မိဘဖြစ်သူတို့က ရွေးချယ်သည့် နမူနာကို ပြန်လည်သတိရပါ။ ရောဂါကုထုံး တစ်မျိုးစီတွင် ဘေးအန္တရာယ်များ အသီးသီးရှိကြသည်။ မေတ္တာရှိသည့် မိဘတို့သည် ဘေးအန္တရာယ်များ၊ အကျိုးကျေးဇူးများနှင့် အခြားသောအချက်များကို လေ့လာချင့်ချိန်ပြီးနောက် တစ်ခုခုကိုရွေးချယ်ရန် တာဝန်ရှိကြသည်။ ဤအချက်နှင့်စပ်လျဉ်း၍ ဒေါက်တာ ဂျွန် ဆမ်မြူအယ်စ်က ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလထုတ် မေ့ဆေးပညာသတင်း တွင် ကလေးသူငယ်များနှင့် ပတ်သက်သော ဆေးဝါးကုသမိန့်ဆိုင်ရာ တရားသူကြီးအတွက် လမ်းညွှန်များ ဆောင်းပါးကို ပြန်လည်သုံးသပ်ရန် အကြံပြုထားသည်။ ၎င်းဆောင်းပါး၏ ရပ်တည်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်–

“မိမိ၏လူနာ သေမည်၊ ရှင်မည်ဟူ၍ ယုတ္တိယုတ္တာရှိရှိ တပ်အပ်သေချာစွာ ဆရာဝန်တစ်ဦး ဟောကိန်းထုတ်နိုင်လောက်သည်အထိ ဆေးပညာမှာ တိုးတက်ခြင်း မရှိသေးချေ။ . . . လုပ်ထုံးလုပ်နည်းဘက်တွင် ရွေးချယ်စရာ ရှိလာပါက—ဥပမာအားဖြင့်၊ အောင်မြင်ရန် အခွင့်အလမ်း ၈၀ ရာခိုင်နှုန်းရှိသည့် လုပ်ထုံးလုပ်နည်းတစ်ခုကို ဆရာဝန်က အကြံပြုထောက်ခံသော်လည်း မိဘဖြစ်သူတို့က သဘောမကျဘဲ အောင်မြင်ရန် အခွင့်အလမ်း ၄၀ ရာခိုင်နှုန်းသာရှိသည့် လုပ်ထုံးလုပ်နည်းတစ်ခုကို ဆန့်ကျင်ခြင်းမပြုဘဲ ရှိသည့်အခါမျိုး—ဆရာဝန်သည် ဆေးပညာအရ ပို၍အန္တရာယ်ရှိသော်လည်း မိဘတို့ဘက်မှ ဆန့်ကျင်ကန့်ကွက်ခြင်း မပြုသည့်နည်းလမ်းကို လိုက်ပေးရမည်။”

ဆေးဝါးကုသခြင်းတွင် သွေးကို အသုံးပြုရာ၌ သေစေနိုင်သည့် ဘေးအန္တရာယ် အများအပြား ပေါ်လာသည့်အပြင် ထိရောက်ထက်မြက်သည့် အခြားကုသနည်းများလည်း ရှိနေသည်ကိုထောက်လျှင် သွေးကိုရှောင်ကြဉ်ခြင်းသည် ပို၍ အန္တရာယ် မနည်းပေလော။

ခရစ်ယာန်တို့သည် မိမိတို့၏ သားသမီးများ ခွဲစိတ်ကုသရန် လိုအပ်လာခဲ့သော် အခြေခံအကြောင်းများစွာကို ချင့်ချိန်သုံးသပ်ကြမည်မှာ ဓမ္မတာပင်။ သွေးသုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ ခွဲစိတ်ကုသမှုတိုင်း အန္တာရာယ်များ ရှိကြသည်ချည်းဖြစ်သည်။ မည်သည့် ခွဲစိတ်ကုဆရာဝန်က အာမခံချက် ပေးသနည်း။ တတ်ကျွမ်းသည့် ဆရာဝန်များသည် သက်သေခံ သားသမီးများအား သွေးမသွင်းဘဲ ခွဲစိတ်ကုသပေးရာ၌ ကောင်းစွာအောင်မြင်သည်ကို မိဘဖြစ်သူတို့က သိကောင်းသိလိမ့်မည်။ ထို့ကြောင့် ဆရာဝန်တစ်ဦးဦး သို့မဟုတ် ဆေးရုံအရာရှိ တစ်ဦးဦးအနေဖြင့် အခြားတစ်နည်းဖြင့် လုပ်ဆောင်လိုခဲ့သော် အချိန်ကုန်လူပန်းသည့် ဥပဒေကြောင်းအရ တိုက်ပွဲဖြစ်မည့်အစား မေတ္တာရှိသည့် မိဘဖြစ်သူတို့နှင့် ပူးပေါင်းလုပ်ဆောင်လျှင် အကျိုးသင့်အကြောင်းသင့် မရှိပေလော။ သို့တည်းမဟုတ် မိဘဖြစ်သူတို့အနေဖြင့် ဤကဲ့သို့သောရောဂါများကို ကိုင်တွယ်ရာ၌ အတွေ့အကြုံ ကောင်းစွာရှိသည့်အပြင် လိုလိုလားလား အကူအညီပေးလိုကြသည့် ဝန်ထမ်းများရှိသော အခြားဆေးရုံတစ်ရုံသို့ မိမိတို့၏ကလေးကို ပြောင်းရွှေ့နိုင်ပေသည်။ အမှန်ဆိုရလျှင် သွေးမဲ့ကုသမှုသည် အရည်အသွေးကောင်းသော စောင့်ရှောက်ပြုစုမှု ပို၍ဖြစ်နိုင်ပေသည်။ အကြောင်းမှာ အထက်၌ ဖော်ပြခဲ့သည့်အတိုင်း ဤသို့ပြုခြင်းသည် ထိုမိသားစုအား “တရားဝင်သော ဆေးကုသမှုဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်ကိုလည်းကောင်း၊ ဆေးကုသမှုနှင့်မဆိုင်သော ရည်မှန်းချက်ပန်းတိုင်ကိုလည်းကောင်း စွမ်းဆောင်ရယူ” ရန် ကူညီပေးနိုင်၍ဖြစ်သည်။

[အောက်ခြေမှတ်ချက်များ]

a စာမျက်နှာ ၃၀-၁ တွင် ပြန်လည်ပုံနှိပ်ဖော်ပြထားသည့် “သွေး– မည်သူ၏ ရွေးချယ်မှုနည်း၊ မည်သူ၏ ဩတ္တပ္ပစိတ်နည်း” ဆေးပညာ ဆောင်းပါး ရှု။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်]

ဥပဒေဆိုင်ရာ စိုးရိမ်ပူပန်မှုများမှ သက်သာရာရစေခြင်း

‘ဆရာဝန်အချို့နှင့် ဆေးရုံအချို့က လူနာအား သွေးသွင်းပေးရန် တရားရုံးအမိန့်ကို အဘယ်ကြောင့် အဆောတလျင် ရယူကြသနည်း’ ဟူ၍ သင် စူးစမ်းမိပေမည်။ အချို့ဒေသများ၌ အများအားဖြင့် ဖြစ်တတ်သည့်အကြောင်းမှာ တာဝန်မကင်းဖြစ်မည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်သည်။

ယေဟောဝါသက်သေများ သွေးမပါသည့် ဆေးဝါးကုသမှုကို ရွေးချယ်သည့်အခါ ထိုသို့သော စိုးရိမ်ပူပန်စရာအကြောင်း မရှိပါ။ အမေရိကန်ပြည်ထောင်စု အဲလ်ဘတ် အိုင်းစတိုင်း ဆေးကောလိပ်မှ ဆရာဝန်တစ်ဦးက ဤသို့ရေးသားခဲ့သည်– “[သက်သေခံ] အများစုသည် ဆရာဝန်များနှင့် ဆေးရုံများအား တာဝန်ရှိခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် အမေရိကန် ဆရာဝန်များအသင်းမှ ပုံစံစာရွက်တွင် လက်မှတ်ရေးထိုးရန် အသင့်ရှိကြသည့်အပြင် သက်သေခံများစွာသည် ဆေးဘက်ဆိုင်ရာ သတိပေးချက် [ကတ်ပြား] ဆောင်ထားကြသည်။ မှန်မှန်ကန်ကန် လက်မှတ်ထိုး၍ ရက်စွဲတပ်ထားသော ‘သွေးမှထုတ်လုပ်သည့် ဆေးပစ္စည်းများ လက်ခံရန် ငြင်းပယ်ခြင်း’ ပုံစံသည် သဘောတူစာချုပ် ဖြစ်သဖြင့် ဥပဒေကြောင်းအရ လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည်။”—မေ့ဆေးပညာသတင်း၊ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ။

မှန်ပါသည်၊ ဆရာဝန် သို့မဟုတ် ဆေးရုံအနေဖြင့် ယေဟောဝါသက်သေများ တောင်းဆိုသည့် သွေးမဲ့ကုထုံးဖြင့် ကုသပေးခြင်းအတွက် ဥပဒေကြောင်းအရ တာဝန်ရှိခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် အာမခံချက်ကို သက်သေခံများက ပေးကြသည်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များ အကြံပေးသည့်အတိုင်း ယေဟောဝါသက်သေ တစ်ဦးချင်းသည် ဆေးဘက်ဆိုင်ရာ မှတ်တမ်းမှတ်ရာကတ်ပြားကို ဆောင်ထားကြသည်။ ယင်းကတ်ကို တစ်နှစ်တစ်ခါ အသစ်လဲလှယ်၍ ကာယကံရှင်နှင့် များသောအားဖြင့် ကာယကံရှင်၏ မိသားစု ဆွေမျိုးသားချင်းတို့က အသိသက်သေများအဖြစ် လက်မှတ်ရေးထိုးကြသည်။

၁၉၉၀ ပြည့်နှစ်၊ မတ်လတွင် ကနေဒါနိုင်ငံ အွန်တဲရီးယို စီရင်စု တရားရုံးချုပ်က ထိုကဲ့သို့သော မှတ်တမ်းမှတ်ရာနှင့် ပတ်သက်၍ သဘောကျစွာဖြင့် ဝေဖန်သုံးသပ်သည့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်– “ဤကတ်သည် ကိုင်ဆောင်သူ၏ တရားဝင် ရပ်တည်ချက်ကို စာဖြင့်ရေးသားဖော်ပြသည့် ကြေညာချက်ဖြစ်သဖြင့် ဆရာဝန်နှင့် သဘောတူစာချုပ် ချုပ်ဆိုရာ၌ ယင်းကန့်သတ်ချက်ကို တရားဝင် ထည့်သွင်းရေးသားနိုင်သည်။” Medicinsk Etik (၁၉၈၅ ခုနှစ်) တွင် ပါမောက္ခ ဒဲန်းနီယယ် အန္ဒာဆင်က ဤသို့ရေးသားခဲ့သည်– “လူနာတစ်ဦးက မိမိသည် ယေဟောဝါသက်သေ တစ်ဦးဖြစ်ကြောင်း၊ မည်သည့် အခြေအနေ၌မဆို သွေးလက်ခံမည်မဟုတ်ကြောင်း ရှင်းလင်းပြတ်သားစွာ ရေးသားဖော်ပြထားသည့် ထုတ်ပြန်ချက် ပါရှိလျှင် လူနာ၏ လုပ်ပိုင်ခွင့်ကို လေးစားသည့်အနေနှင့် သူ၏ဆန္ဒကို နှုတ်ဖြင့်ထုတ်ဖော်သည့်အလား လေးစားလိုက်နာပေးရမည်။”

သက်သေခံများသည် ဆေးရုံကထုတ်ပေးသော သဘောတူညီချက် ပုံစံစာရွက်တွင်လည်း လက်မှတ်ရေးထိုးကြပါမည်။ ဂျာမနီနိုင်ငံ ဖရိုင်းဘာ့ဂ်မြို့မှ ဆေးရုံတစ်ရုံ၌ အသုံးပြုသည့်ပုံစံတွင် လူနာအား ဆရာဝန် ကုသပေးသည့် အကြောင်းအချက်များ ရေးသားရန်နေရာ ပါရှိသည်။ ၎င်းနောက် ဆရာဝန်နှင့် လူနာတို့၏ ထိုးမြဲလက်မှတ်အထက်တွင် ဤသို့ ဖြည့်စွက်ဖော်ပြထားသည်– “ယေဟောဝါသက်သေများ ဘာသာရေး အဖွဲ့ဝင်တစ်ဦးအနေနှင့် ခွဲစိတ်ကုသမှု ခံယူစဉ်အတွင်း ပြင်ပသွေးကိုဖြစ်စေ၊ သွေးအစိတ်အပိုင်းများကိုဖြစ်စေ ပြတ်သားခိုင်မာစွာ ငြင်းပယ်ပါသည်။ လိုအပ်၍ စီစဉ်ထားသည့် လုပ်ထုံးလုပ်နည်းသည် သွေးထွက်ခြင်းနှင့်ဆက်စပ်သည့် ထပ်တိုးရောဂါသစ်များကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်ရကြောင်းကို ကျွန်ုပ် ကောင်းစွာသိရှိပါသည်။ ကျွန်ုပ်သည် ဤအကြောင်းနှင့်စပ်လျဉ်း၍ ရှင်းပြချက် အစုံအစေ့ ရရှိပြီးနောက် လိုအပ်သော ခွဲစိတ်ကုသမှုကို ပြင်ပသွေး သို့မဟုတ် သွေးအစိတ်အပိုင်းများ အသုံးမပြုဘဲ ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံပါသည်။”—Herz Kreislauf, ၁၉၈၇ ခုနှစ်၊ ဩဂုတ်လ။

အမှန်ဆိုရလျှင် သွေးမဲ့ကိုင်တွယ်ဖြေရှင်းမှုသည် ဘေးအန္တရာယ် ပို၍ပင်နည်းတတ်သည်။ သို့သော် ဤနေရာ၌ အရေးကြီးသည့်အချက်မှာ သက်သေခံလူနာများက မလိုအပ်သည့် စိုးရိမ်ပူပန်မှုများမှ သက်သာကင်းလွတ်ခွင့် ပြုလိုက်ခြင်းဖြင့် ဆေးဝန်ထမ်းများကလည်း လူတို့ကို ကျန်းမာအောင် ကူညီစောင့်ရှောက်ပါမည်ဟူသော ကတိသစ္စာနှင့်အညီ ရဲရဲတင်းတင်း ဆက်လက်၍ လုပ်ဆောင်စေနိုင်ခြင်းဖြစ်သည်။ “ယေဟောဝါသက်သေများ၌ လုပ်ဆောင်ပေးသည့် အရေးကြီးသော ဝမ်းဗိုက်ပိုင်း ခွဲစိတ်ကုသမှုများ” ဆောင်းပါးတွင် ဒေါက်တာ အဲန်ဂျလို အေ၊ ကမ်းဘိုးရစ္စ ဖော်ပြထားသည့်အတိုင်း ဤသို့သော ပူးပေါင်းဆောင်ရွက်မှုသည် အားလုံးအတွက် အကျိုးရှိသည်–

“ခွဲစိတ်ကုဆရာဝန်အနေနှင့် ခွဲစိတ်ကုသမှုမပြုမီ သဘောတူထားသည့်အချက်ကို တရားဝင်စာချုပ်အဖြစ် မှတ်ယူ၍ ခွဲစိတ်ကုသနေစဉ်ဖြစ်စေ၊ ခွဲစိတ်ကုသပြီးနောက်၌ဖြစ်စေ အခြေအနေ မည်သို့ပင်ဖြစ်လာပါစေ ယင်းကို လိုက်နာစောင့်စည်းအပ်သည်။ [ဤသို့ဖြင့်] လူနာများအား သူတို့၏ ခွဲစိတ်ကုသမှုအပေါ် အကောင်းမြင်သဘောဘက် တိမ်းညွတ်စေသည့်အပြင် ခွဲစိတ်ကုဆရာဝန်၏ အာရုံကိုလည်း ဥပဒေရေးရာနှင့် သဘောတရားရေးရာ ထည့်တွက်စဉ်းစားရမည့်အချက်များမှ ခွဲစိတ်ကုသမှုနှင့် နည်းပညာများဘက်သို့ ပြောင်းစေနိုင်သဖြင့် ဆရာဝန်သည်လည်း အကောင်းဆုံး ခွဲစိတ်ကုသမှု ပြုနိုင်သည့်အခွင့်အရေး ရရှိမည်ဖြစ်ရာ လူနာအတွက်လည်း အကောင်းဆုံးအကျိုး စွမ်းဆောင်ပေးနိုင်သည်။”—အမေရိကန် ခွဲစိတ်ကုဆရာဝန်၊ ၁၉၈၇ ခုနှစ်၊ ဇွန်လ။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

“ဆေးဘက်ဆိုင်ရာ နည်းပညာကို အလွန်အကျွံ အသုံးပြုခြင်းသည် ယခုမျက်မှောက် ကျန်းမာရေး စောင့်ရှောက်မှု အသုံးစရိတ် မြင့်တက်လာရသည့် အဓိကအချက်တစ်ချက်ဖြစ်သည်။ . . . သွေးသွင်းကုသခြင်း၏ ကုန်ကျစရိတ်နှင့် ဖြစ်နိုင်သည့်အန္တရာယ် အလားအလာ ကြီးမားမှုတို့ကြောင့် ဤအချက်သည် အထူးသဖြင့် အရေးကြီးသည်။ သို့ဖြစ်သောကြောင့် အမေရိကန် ဆေးရုံများ တရားဝင် အသိအမှတ်ပြုမှုဆိုင်ရာ ပူးတွဲကော်မရှင်က သွေးသွင်းကုသခြင်းကို ‘ဗုံးပေါလအော သုံးစွဲနေသော ဘေးအန္တရာယ် ကြီးမား၍ မှားယွင်းတတ်သော’ အမျိုးအစားအဖြစ် သတ်မှတ်ခဲ့ကြသည်။”—“သွေးသွင်းကုသခြင်း၊” ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ-ဩဂုတ်လ။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]

အမေရိကန်ပြည်ထောင်စု– “ပုဂ္ဂလိက ပိုင်ခွင့်ဆိုင်ရာ ကျင့်ဝတ်တရား အမြင်သဘောထားက လူနာ၏ သဘောတူညီမှုကို မရှိမဖြစ် လိုအပ်ချက်အဖြစ် အလေးထားသဖြင့် လူတစ်ဦး၏ ကြမ္မာနှင့်ဆိုင်သော ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာ ကာယကံရှင်ကသာ ဆုံးဖြတ်ရပေမည်။ သဘောတူညီမှု ရယူရန်လိုအပ်ရသည့် ဥပဒေဆိုင်ရာ အခြေခံအကြောင်းပြချက်မှာ လူနာ၏ သဘောတူညီမှု မရရှိဘဲ ဆေးကုသမှု တစ်စုံတစ်ရာ ပြုလုပ်ပေးပါက လက်ရောက်မှု မြောက်၍ဖြစ်သည်။”—“သွေးသွင်းကုသမှုအတွက် အသိအမြင်ရှိရှိ သဘောတူညီခြင်း၊” ၁၉၈၉ ခုနှစ်။

ဂျာမနီ– “လူနာ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်သည် အကူအညီပေးခြင်းနှင့် အသက်ကို ထိန်းသိမ်းကာကွယ်ပေးခြင်း အခြေခံမူထက် ပို၍အရေးကြီးသည်။ သို့ဖြစ်သောကြောင့် လူနာ၏ ဆန္ဒကိုလွန်ဆန်၍ သွေးသွင်းခြင်း မပြုရပါ။”—“Herz Kreislauf,” ၁၉၈၇ ခုနှစ်၊ ဩဂုတ်လ။

ဂျပန်– “ဆေးလောက၌ ‘အကြွင်းမဲ့’ ဟူသည် မရှိပါ။ ဆရာဝန်များက ခေတ်ပေါ်ဆေးပညာသည် အကောင်းဆုံး လမ်းစဉ်ဖြစ်သည်ဟု ယုံကြည်၍ လိုက်လျှောက်ကြသော်လည်း အသေးစိတ် အချက်အလက်တိုင်းကို ‘အကြွင်းမဲ့’ အဖြစ်မှတ်ယူပြီး လူနာများအား အတင်းအကျပ် လက်ခံခိုင်းခြင်း မပြုသင့်ပါ။ လူနာများဘက်မှလည်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိရပါမည်။”—“မီနာမီ နီဟွန်း ရှင်ဘွန်း၊” ၁၉၈၅ ခုနှစ်၊ ဇွန် ၂၈ ရက်။

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်]

“မိ သားစုများ[ယေဟောဝါသက်သေ တို့]  သည် အလွန်စည်းလုံး၍ ချစ်ခင်ကြင်နာကြသည်ကို ကျွန်ုပ် တွေ့ရှိရသည်” ဟူ၍ ဒေါက်တာ လောရင့်စ် ဖရန့်ကယ်လ်က အစီရင်ခံသည်။ “သူတို့၏ကလေးများသည် ကောင်းစွာ သွန်သင်ခြင်းခံရပြီး သူတစ်ပါးကို ဂရုစိုက်၍ ရိုသေလေးစားတတ်သူများ ဖြစ်ကြသည်။ . . . ဆေးကုသမှု ညွှန်ကြားချက်များကို ပို၍ပင် လေးစားလိုက်နာမည့်ပုံ ပေါက်သည်။ ဤအချက်က သူတို့သည် မိမိတို့၏ ယုံကြည်ချက်များ ခွင့်ပြုသည့် အတိုင်းအတာအထိ ဆေးပညာ၏အကူအညီကို လက်ခံ မည်ကိုပြသသည့်သဘော ဖြစ်နိုင်သည်။”—ကလေးရောဂါကုဌာန၊ အမ်၊ ဒီ၊ အန်ဒါဆင် ဆေးရုံနှင့် အသားပို သုတေသန တက္ကသိုလ်၊ ဟူစတန်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု၊ ၁၉၈၅ ခုနှစ်။

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]

“ဒေါက်တာ ဂျိမ်းစ် အယ်လ်၊ ဖလက်ချာ၊ ဂျူနီယာက ဤသို့မှတ်ချက်ပေးသည်– “ဆေးပညာဆိုင်ရာ ကြောင်းကျိုးခိုင်လုံသော ဝေဖန်ပိုင်းခြားနိုင်စွမ်း၏ နေရာတွင် ကျွမ်းကျင်ပညာရှင်ဟူသော မာန်မာန အစားဝင်လာသည်မှာ မထူးခြားသည့်အရာ ဖြစ်လာမည်ကို ကျွန်ုပ် စိုးရိမ်မိသည်။ ‘ယနေ့ အကောင်းဆုံး’ ဟု ယူမှတ်သော ကုသမှုများသည် မနက်ဖြန်တွင် ပြုပြင်မွမ်းမံခြင်း၊ သို့မဟုတ် စွန့်ပစ်ခြင်း ခံရကြသည်။ ‘ဘာသာရေး ကိုင်းရှိုင်းသောမိဘ’ တစ်ဦးနှင့် မိမိ၏ ကုသမှုသည်သာ အကြွင်းမဲ့ အရေးကြီးသည်ဟု အခိုင်အမာ ယုံကြည်သော မာနကြီးသည့်ဆရာဝန်တစ်ဦးတို့အနက် မည်သူက ပို၍ အန္တရာယ် ပေးနိုင်သနည်း။”—“ကလေးရောဂါဗေဒ၊” ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ