ယေဇကျေလ
၁ သုံးဆယ်ပြည့်နှစ်၊* လေးလပိုင်း၊ ငါးရက်နေ့မှာ ကျွန်တော်ဟာ ပြည်နှင်ခံတွေနဲ့အတူ+ ခေဗာမြစ်နားမှာ+ ရှိနေတုန်း ကောင်းကင်ပွင့်ပြီး ဘုရားသခင်ဆီက စိတ်အာရုံတွေကို မြင်ရတယ်။ ၂ ဘုရင်ယေခေါနိ ပြည်နှင်ဒဏ်ခံရပြီး ငါးနှစ်မြောက်၊ ငါးရက်နေ့မှာ၊+ ၃ ပုရောဟိတ်ဗုဇိရဲ့သား ကျွန်တော် ယေဇကျေလ* ဆီ ယေဟောဝါရဲ့ စကားတော် ရောက်လာတယ်။ ခါလဒဲပြည်၊+ ခေဗာမြစ်နားမှာရှိနေတုန်း ကျွန်တော့်အပေါ် ယေဟောဝါရဲ့ လက်တော် သက်ရောက်လာတယ်။+
၄ ကျွန်တော်ကြည့်လိုက်တဲ့အခါ မြောက်အရပ်ကနေ လေပြင်းမုန်တိုင်း တိုက်ခတ်လာတာကို မြင်တယ်။+ ပြိုးပြိုးပြက်ပြက် လက်နေတဲ့ မီးနဲ့* တိမ်ထုကြီးကိုလည်း မြင်တယ်။+ အဲဒီမီးထဲမှာ ပယင်းလိုမျိုး* အရာတစ်ခု ရှိနေတယ်။+ ၅ သတ္တဝါလေးပါးနဲ့တူတဲ့အရာလည်း ရှိနေတယ်။+ တစ်ပါးစီက လူ့အသွင်ရှိကြတယ်။ ၆ တစ်ပါးစီမှာ မျက်နှာလေးခု၊ အတောင်လေးခုစီ ရှိတယ်။+ ၇ ခြေထောက်တွေဟာ ဖြောင့်တန်းပြီး ပြောင်လက်နေတဲ့ ကြေးနီရောင် ထနေတယ်။+ ခြေဖဝါးတွေဟာ နွားခွာနဲ့ တူတယ်။ ၈ အတောင်လေးခုအောက်မှာ လူ့လက်တွေ ရှိတယ်။ လေးပါးစလုံးမှာ မျက်နှာတွေ၊ အတောင်တွေရှိတယ်။ ၉ အတောင်တွေ တစ်ခုနဲ့တစ်ခု ထိနေတယ်။ လေးပါးစလုံးဟာ သွားတဲ့အခါ မကွေ့ဘဲ တည့်တည့်သွားတယ်။+
၁၀ သူတို့ရဲ့ မျက်နှာပုံစံကတော့– လေးပါးစလုံးမှာ လူမျက်နှာရှိတယ်။ ညာဘက်မှာ ခြင်္သေ့+ မျက်နှာ၊ ဘယ်ဘက်မှာ နွား+ မျက်နှာရှိတယ်။ လေးပါးစလုံးမှာ လင်းယုန်+ မျက်နှာ+ ရှိတယ်။ ၁၁ သူတို့ရဲ့မျက်နှာက အဲဒီလိုပုံစံရှိတယ်။ အတောင်တွေကို အပေါ်ဘက် ဖြန့်ထားတယ်။ လေးပါးစလုံးမှာ တစ်ခုနဲ့တစ်ခုထိနေတဲ့ အတောင်နှစ်ခုစီ၊ ကိုယ်ခန္ဓာကိုဖုံးထားတဲ့ အတောင်နှစ်ခုစီ ရှိတယ်။+
၁၂ လေးပါးစလုံး ရှေ့တည့်တည့် သွားတယ်။ စွမ်းအားတော် သွားစေချင်တဲ့ ဘယ်နေရာမဆို သွားတယ်။+ သွားတဲ့အခါ ကွေ့စရာမလိုဘူး။ ၁၃ သတ္တဝါတွေရဲ့ ပုံသဏ္ဌာန်ဟာ မီးကျီးခဲတွေနဲ့တူတယ်။ တောက်ပတဲ့ မီးရှူးတွေနဲ့တူတဲ့အရာက သတ္တဝါတွေကြားမှာ သွားချည်လာချည် ရွေ့ရှားနေတယ်။ အဲဒီမီးထဲကနေ လျှပ်စီးတွေ တဖျတ်ဖျတ် လက်နေတယ်။+ ၁၄ သတ္တဝါတွေ သွားချည်လာချည် လုပ်တဲ့အခါ လျှပ်စီးတွေ တဖျတ်ဖျတ် လက်နေတယ်။
၁၅ သတ္တဝါတွေကို ကျွန်တော် ဆက်ကြည့်နေတုန်း မျက်နှာလေးခုရှိတဲ့ သတ္တဝါတစ်ပါးစီ ဘေးမှာ၊ မြေပေါ်မှာ ဘီးတစ်ဘီးစီ ရှိနေတာကို မြင်ရတယ်။+ ၁၆ ဘီးတစ်ခုလုံးရဲ့ပုံစံဟာ ပြောင်ခေါင်းစိမ်းလို တောက်ပနေတယ်။ ဘီးလေးဘီးစလုံး တစ်ပုံစံတည်းပဲ။ ဘီးတွေရဲ့ပုံစံနဲ့ ဖွဲ့စည်းပုံဟာ ဘီးတစ်ဘီးထဲမှာ နောက်တစ်ဘီးကို အလယ်ကနေ ကန့်လန့်ဖြတ် တပ်ထားတာနဲ့ တူတယ်။ ၁၇ ဘီးတွေသွားတဲ့အခါ ကွေ့စရာမလိုဘဲ ဘယ်အရပ်မျက်နှာမဆို သွားနိုင်တယ်။ ၁၈ ဘီးခွေတွေဟာ မြင့်လွန်းလို့ ထိတ်လန့်အံ့သြစရာပဲ။ လေးဘီးစလုံးရဲ့ ဘီးခွေပတ်လည်မှာ မျက်လုံးတွေအပြည့်ပဲ။+ ၁၉ သတ္တဝါတွေ သွားတဲ့အခါတိုင်း ဘီးတွေ အတူလိုက်သွားတယ်။ သတ္တဝါတွေ မြေပေါ်က တက်သွားတဲ့အခါ ဘီးတွေလည်း လိုက်တက်သွားတယ်။+ ၂၀ စွမ်းအားတော် သွားစေချင်တဲ့နေရာ၊ စွမ်းအားတော် သွားတဲ့နေရာတိုင်းကို သူတို့သွားကြတယ်။ သတ္တဝါတွေပေါ် သက်ရောက်နေတဲ့ စွမ်းအားတော်ဟာ ဘီးတွေပေါ်လည်း သက်ရောက်နေတဲ့အတွက် ဘီးတွေက သူတို့နဲ့အတူ လိုက်တက်သွားတယ်။ ၂၁ သူတို့သွားတဲ့အခါ ဘီးတွေ လိုက်သွားတယ်။ သူတို့ရပ်တဲ့အခါ ဘီးတွေ လိုက်ရပ်တယ်။ မြေပေါ်က တက်သွားတဲ့အခါ ဘီးတွေလည်း လိုက်တက်သွားတယ်။ သတ္တဝါတွေပေါ် သက်ရောက်နေတဲ့ စွမ်းအားတော်ဟာ ဘီးတွေပေါ်မှာလည်း သက်ရောက်နေလို့ပဲ။
၂၂ သတ္တဝါတွေရဲ့ ဦးခေါင်းအထက်မှာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရေခဲပြင်လို တဖိတ်ဖိတ် တောက်နေတဲ့ မျက်နှာပြင်ကြီးတစ်ခု ရှိနေတယ်။+ ၂၃ အဲဒီမျက်နှာပြင်ကြီးအောက်မှာ သူတို့ရဲ့အတောင်တွေကို တစ်ခုနဲ့တစ်ခုထိအောင် ဖြန့်ထားတယ်။ တစ်ပါးစီမှာ ကိုယ်ခန္ဓာတစ်ပိုင်းကို ဖုံးစရာ အတောင်နှစ်ခုနဲ့ ကိုယ်ခန္ဓာ နောက်တစ်ခြမ်းကို ဖုံးစရာ အတောင်နှစ်ခု ရှိတယ်။ ၂၄ သူတို့ရဲ့ အတောင်ခတ်သံကို ကျွန်တော်ကြားတယ်။ ရေလုံးကြီးရဲ့အသံ၊ အနန္တတန်ခိုးရှင်ရဲ့ အသံလိုပဲ။+ သူတို့သွားတဲ့အသံဟာ စစ်ချီသံလိုပဲ။ သူတို့ရပ်တဲ့အခါ အတောင်တွေကို ချထားတတ်တယ်။
၂၅ သူတို့ရဲ့ ဦးခေါင်းထက်က မျက်နှာပြင်ကြီးပေါ်ကနေ အသံတစ်သံ ထွက်လာတယ်။ (သူတို့ ရပ်တဲ့အခါ အတောင်တွေကို ချထားတတ်တယ်။) ၂၆ သူတို့ရဲ့ ဦးခေါင်းထက်က မျက်နှာပြင်ကြီးပေါ်မှာ နီလာကျောက်လို၊+ ရာဇပလ္လင်လို သဏ္ဌာန်တစ်ခု ရှိတယ်။+ ရာဇပလ္လင်ပေါ်မှာ လူသဏ္ဌာန်ရှိသူတစ်ဦး ထိုင်နေတယ်။+ ၂၇ သူ့ရဲ့ ခါးအပေါ်ပိုင်းလောက်ကနေ ပယင်းရောင် တောက်ပနေတာ၊ မီးသဏ္ဌာန် ဖြာထွက်နေတာကို+ ကျွန်တော် တွေ့တယ်။ ခါးအောက်ပိုင်းမှာလည်း မီးနဲ့တူတဲ့အရာကို တွေ့တယ်။+ သူ့ပတ်လည်မှာ ဖြာထွက်နေတဲ့ ရောင်ခြည်ဟာ၊ ၂၈ မိုးရွာတဲ့နေ့မှာ တိမ်ပေါ်က သက်တံနဲ့တူတယ်။+ ပတ်လည်မှာ အဲဒီလိုရောင်ခြည်မျိုး ဖြာထွက်နေတယ်။ ယေဟောဝါရဲ့ ဘုန်းအသရေ ထွန်းလင်းသလိုမျိုးပဲ။+ အဲဒါကိုမြင်တဲ့အခါ ကျွန်တော် ပျပ်ဝပ်လိုက်တယ်။ အဲဒီအခါ စကားသံတစ်သံ ကြားရတယ်။
၂ သူက “လူသား၊* မတ်တတ်ရပ်ပါ။ မင်းကို ပြောစရာရှိတယ်”+ လို့ ပြောတယ်။ ၂ သူလည်း စကားပြောရော ကျွန်တော့်အပေါ် စွမ်းအားတော် သက်ရောက်လာပြီး မတ်တတ်ရပ်ခိုင်းတဲ့အတွက်+ သူ့အသံကို ကြားရတယ်။
၃ သူက ကျွန်တော့်ကို ပြောတယ်– “လူသား၊ မင်းကို အစ္စရေးလူတွေဆီ၊+ ငါ့ကိုပုန်ကန်တဲ့ လူမျိုးတွေဆီ စေလွှတ်မယ်။+ သူတို့ရော၊ ဘိုးဘေးတွေရော ဒီနေ့အထိ ငါ့ကို ပြစ်မှားနေတုန်းပဲ။+ ၄ ဖီဆန်သူတွေ၊ အကြင်နာကင်းမဲ့သူတွေဆီ မင်းကို ငါစေလွှတ်မယ်။+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောခိုင်းတဲ့ စကားပဲဆိုပြီး သူတို့ကို ပြောရမယ်။ ၅ သူတို့ဟာ ပုန်ကန်တတ်တဲ့ အမျိုးဖြစ်လို့+ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ သူတို့အလယ်မှာ ပရောဖက်ရှိမှန်း သိရကြလိမ့်မယ်။+
၆ “လူသား၊ မင်းကို ဆူးပင်တွေ၊ ဆူးချုံတွေ ဝိုင်းရံနေပေမဲ့၊*+ ကင်းမြီးကောက်တောထဲမှာ မင်း နေထိုင်ရပေမဲ့ သူတို့ကို မကြောက်နဲ့။+ သူတို့ဟာ ပုန်ကန်တတ်တဲ့ အမျိုးဖြစ်လို့ သူတို့ဘာပြောပြော မကြောက်နဲ့။+ သူတို့ရဲ့ မျက်နှာထားကြောင့် မထိတ်လန့်နဲ့။+ ၇ သူတို့ဟာ ပုန်ကန်တတ်သူတွေဖြစ်လို့ သူတို့ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ငါပြောခိုင်းတဲ့အတိုင်း မင်းပြောရမယ်။+
၈ “လူသား၊ ငါပြောမယ့်စကားကို နားထောင်ပါ။ ပုန်ကန်တတ်တဲ့ အဲဒီအမျိုးလို မင်း မပုန်ကန်ပါနဲ့။ ပါးစပ်ဟပြီး ငါပေးတာကို စားပါ။”+
၉ ဒါနဲ့ စာလိပ်ကိုင်ထားတဲ့+ လက်တစ်ဖက် ဆန့်တန်းလာတာ+ ကျွန်တော်မြင်တယ်။ ၁၀ စာလိပ်ကို သူဖြန့်လိုက်တဲ့အခါ စာလိပ်ရှေ့ခြမ်းမှာရော နောက်ခြမ်းမှာပါ စာတွေရေးထားတယ်။+ ငိုချင်းတွေ၊ ညည်းတွားမြည်တမ်းချက်တွေ ရေးထားတယ်။+
၃ အဲဒီနောက် သူက “လူသား၊ မင်းရှေ့က စာလိပ်ကို စားလိုက်ပါ။ စားပြီးရင် အစ္စရေးအမျိုးကို သွားပြောပါ”+ လို့ ကျွန်တော့်ကို ပြောတယ်။
၂ ဒါနဲ့ ကျွန်တော် ပါးစပ်ဟလိုက်တဲ့အခါ သူ အဲဒီစာလိပ်ကို ကျွေးတယ်။ ၃ ပြီးတော့ “လူသား၊ ငါပေးတဲ့ စာလိပ်ကို စားပြီး ဗိုက်ဖြည့်ပါ” လို့ ပြောတယ်။ ကျွန်တော်လည်း စာလိပ်ကို စားလိုက်တဲ့အခါ ပါးစပ်ထဲမှာ ပျားရည်လို ချိုတယ်။+
၄ သူဆက်ပြောတာက “လူသား၊ အစ္စရေးအမျိုးဆီ သွားပြီး ငါပြောခိုင်းတာကို ပြောပြလိုက်ပါ။ ၅ မင်း နားမလည်တဲ့စကား၊ မင်း မသိတဲ့စကားကို ပြောတဲ့လူတွေဆီ စေလွှတ်တာ မဟုတ်ဘူး။ အစ္စရေးအမျိုးဆီ မင်းကို စေလွှတ်နေတာ။ ၆ မင်း နားမလည်တဲ့စကား၊ မင်း မသိတဲ့စကားကိုပြောတဲ့ လူတွေဆီ စေလွှတ်တာ မဟုတ်ဘူး။ အကယ်၍ သူတို့ဆီ စေလွှတ်ခဲ့ရင် မင်းပြောတာကို သူတို့နားထောင်လိမ့်မယ်။+ ၇ အစ္စရေးအမျိုးကတော့ ငါ့စကားကို နားမထောင်တဲ့အတွက် မင်းပြောတာကိုလည်း နားထောင်မှာ မဟုတ်ဘူး။+ အစ္စရေးတစ်မျိုးလုံးဟာ ခေါင်းမာပြီး အကြင်နာကင်းမဲ့ကြတယ်။+ ၈ ဒါကြောင့် မင်းရဲ့မျက်နှာထားကို သူတို့ရဲ့မျက်နှာထားလို ငါမာကျောစေမယ်။ မင်းရဲ့နဖူးကိုလည်း သူတို့ရဲ့နဖူးလိုမာကျောစေမယ်။+ ၉ မင်းရဲ့နဖူးကို စိန်လို မာအောင်၊ မီးခတ်ကျောက်ထက် မာအောင် ငါလုပ်မယ်။+ သူတို့ဟာ ပုန်ကန်တတ်တဲ့ အမျိုးဖြစ်လို့ သူတို့ကို မကြောက်နဲ့။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နဲ့။”+
၁၀ “လူသား၊ ငါပြောသမျှကို နားထောင်ပြီး နှလုံးသွင်းပါ။ ၁၁ ပြည်နှင်ခံရတဲ့ အမျိုးသားချင်းတွေဆီ သွားပါ။+ သူတို့ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောခိုင်းတဲ့စကားပဲ ဆိုပြီး သူတို့ကိုပြောပါ”+ လို့ သူဆက်ပြောတယ်။
၁၂ အဲဒီနောက် စွမ်းအားတော်က ကျွန်တော့်ကို ချီမသွားတဲ့အခါ+ “ယေဟောဝါရဲ့ ဘုန်းအသရေကို စံမြန်းရာနေရာမှာ ချီးမွမ်းကြပါစေ” ဆိုတဲ့ အသံကြီး ကျွန်တော့်နောက်ကနေ ထွက်ပေါ်လာတာကို ကြားရတယ်။ ၁၃ သတ္တဝါတွေရဲ့အတောင်ချင်း ရိုက်ခတ်သံ၊+ သူတို့ဘေးနားက ဘီးတွေရဲ့အသံ၊+ မြည်ဟည်းသံတွေ ထွက်ပေါ်နေတယ်။ ၁၄ စွမ်းအားတော်က ကျွန်တော့်ကို ချီမပြီး ခေါ်ဆောင်သွားတယ်။ ကျွန်တော်လည်း နာကြည်းစိတ်၊ ဒေါသစိတ်နဲ့ လိုက်ပါသွားတယ်။ ယေဟောဝါရဲ့လက်တော် ကျွန်တော့်အပေါ် အားအင်အပြည့်နဲ့ သက်ရောက်နေတယ်။ ၁၅ ဒါနဲ့ ကျွန်တော်လည်း ခေဗာမြစ်နားက+ တေလဗိဗမြို့မှာရှိတဲ့ ပြည်နှင်ခံတွေဆီ သွားပြီး သူတို့နဲ့အတူ နေထိုင်တယ်။ အဲဒီမှာနေပြီး ခုနစ်ရက်လုံး မိန်းမောတွေဝေနေတယ်။+
၁၆ ခုနစ်ရက်စေ့သွားတဲ့အခါ ယေဟောဝါရဲ့ စကားတော် ကျွန်တော့်ဆီ ရောက်လာတယ်–
၁၇ “လူသား၊ မင်းကို အစ္စရေးအမျိုးအတွက် ကင်းစောင့်ခန့်လိုက်ပြီ။+ ငါပြောတာကို မင်း ကြားတဲ့အခါ အဲဒီအတိုင်း သူတို့ကို သတိပေးရမယ်။+ ၁၈ ‘မင်း သေကိုသေရလိမ့်မယ်’ လို့ လူဆိုးကို ငါပြောပေမဲ့ သူ့ကို မင်း သတိမပေးဘူး၊ မကောင်းတဲ့လမ်းစဉ်ကနေ ပြန်လှည့်လာပြီး အသက်ဆက်ရှင်နိုင်အောင် သတိမပေးဘူးဆိုရင်+ သူဟာ ဆိုးညစ်တဲ့အတွက် သူ့အပြစ်နဲ့သူ သေရလိမ့်မယ်။+ ဒါပေမဲ့ သူ့သွေးကို မင်းဆီကနေ ငါပြန်တောင်းမယ်။*+ ၁၉ အကယ်၍ သတိပေးပေမဲ့ လူဆိုးဟာ မကောင်းမှုကို မစွန့်ဘူး၊ မကောင်းတဲ့လမ်းစဉ်ကနေ ပြန်လှည့်မလာဘူးဆိုရင် သူ့အပြစ်နဲ့သူ သေရလိမ့်မယ်။ မင်းကတော့ အသက်ချမ်းသာ ရလိမ့်မယ်။+ ၂၀ ဖြောင့်မတ်သူဟာ မှန်ရာကိုစွန့်ပြီး မကောင်းတာလုပ်တယ်ဆိုရင် သူ့ရှေ့မှာ ဆူးငြောင့်ခလုတ်ကို ငါချထားမယ်။ သူသေရလိမ့်မယ်။+ မင်း သတိမပေးဘူးဆိုရင် သူ့အပြစ်နဲ့သူ သေရလိမ့်မယ်။ သူ့ရဲ့ ဖြောင့်မှန်တဲ့လုပ်ရပ်တွေကို ငါ သတိရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့သွေးကို မင်းဆီကနေ ငါပြန်တောင်းမယ်။*+ ၂၁ အကယ်၍ ဖြောင့်မတ်သူကို အပြစ်မလုပ်ဖို့ မင်း သတိပေးတဲ့အတွက် သူ အပြစ်မလုပ်ဘူးဆိုရင် ကျိန်းသေ အသက်ဆက်ရှင်လိမ့်မယ်။+ မင်းလည်း အသက်ချမ်းသာရမယ်။”
၂၂ အဲဒီမှာ ကျွန်တော့်အပေါ် ယေဟောဝါရဲ့လက်တော် ရောက်လာပြီး “အခု၊ ချိုင့်ဝှမ်းလွင်ပြင်ဆီ သွားပါ။ အဲဒီမှာ မင်းကို ငါပြောစရာရှိတယ်” လို့ ပြောတယ်။ ၂၃ ဒါနဲ့ ကျွန်တော်လည်း ချိုင့်ဝှမ်းလွင်ပြင်ဆီ သွားတယ်။ အဲဒီမှာ ယေဟောဝါရဲ့ဘုန်းအသရေ တည်ရှိနေတယ်။+ ခေဗာမြစ်နားမှာ တွေ့ခဲ့ရတဲ့ ဘုန်းအသရေလိုမျိုးပဲ။+ အဲဒါကို မြင်တဲ့အခါ ကျွန်တော် ပျပ်ဝပ်လိုက်တယ်။ ၂၄ အဲဒီအခါ စွမ်းအားတော် သက်ရောက်လာပြီး ကျွန်တော့်ကို မတ်တတ်ရပ်စေတယ်။+ ပြီးတော့ ဘုရားသခင် မှာတာက–
“သွားပြီး အိမ်ထဲမှာပဲ နေပါ။ ၂၅ လူသား၊ မင်းကို မသွားလာနိုင်အောင် ကြိုးတွေနဲ့ ချည်ထားကြမယ်။ ၂၆ ငါက မင်းရဲ့လျှာကို အာခေါင်မှာ ကပ်စေမှာဖြစ်လို့ မင်း ဆွံ့အသွားမယ်။ သူတို့ကို ပဲ့ပြင်ပေးနိုင်တော့မှာ မဟုတ်ဘူး။ သူတို့ဟာ ပုန်ကန်တတ်တဲ့အမျိုးပဲ။ ၂၇ မင်းကို ငါစကားပြောတဲ့အခါမှာတော့ မင်းရဲ့နှုတ်ကို ဖွင့်ပေးမယ်။ ‘ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောခိုင်းတဲ့စကားပဲ’ ဆိုပြီး သူတို့ကို ပြောရမယ်။+ နားထောင်ချင်တဲ့သူ နားထောင်ပါစေ၊+ နားမထောင်ချင်တဲ့သူလည်း နားမထောင်ဘဲ နေပါစေ။ သူတို့ဟာ ပုန်ကန်တတ်တဲ့ အမျိုးပဲ။+
၄ “လူသား၊ အုတ်တစ်ချပ်ကို ယူပြီး မင်းရှေ့မှာ ထားပါ။ အဲဒီပေါ်မှာ ဂျေရုဆလင်မြို့ပုံကို ရေးထွင်းပါ။ ၂ ပြီးတော့ အဲဒီမြို့ပတ်လည်မှာ+ ထိုးစစ်တံတိုင်း တည်ဆောက်ပါ။+ ထိုးစစ်ကုန်းရိုးကိုလည်း ဆောက်ပါ။+ စခန်းချပြီး မြို့ကို ခံတပ်ဖြိုစက်တွေနဲ့ ဝိုင်းထားပါ။+ ၃ သံဒယ်ပြားတစ်ခုကို ယူပြီး မင်းနဲ့မြို့ကြားမှာ သံတံတိုင်းလို ခြားလိုက်ပါ။ အဲဒီနောက် မြို့ကို ရန်လိုတဲ့မျက်နှာထားနဲ့ စိုက်ကြည့်ပါ။ မြို့ ဝိုင်းရံပိတ်ဆို့ခံရမယ်။ မြို့ကို မင်း ဝိုင်းထားရမယ်။ ဒါဟာ အစ္စရေးအမျိုးအတွက် နိမိတ်ပဲ။+
၄ “အဲဒီနောက် ဘယ်ဘက်စောင်းအိပ်ပြီး အစ္စရေးအမျိုးရဲ့အပြစ်ကို ခံယူရမယ်။+ မင်း စောင်းအိပ်ရတဲ့ရက်နဲ့အညီ သူတို့ရဲ့အပြစ်ကို ခံယူရလိမ့်မယ်။ ၅ သူတို့ပြစ်မှားတဲ့ နှစ်တွေနဲ့ညီတဲ့ ရက်ပေါင်း ၃၉၀ ကို ငါသတ်မှတ်ပေးတယ်။+ အစ္စရေးအမျိုးရဲ့အပြစ်ကို မင်း ခံယူရမယ်။ ၆ ရက်စေ့တဲ့အထိ မင်း အဲဒီလိုနေရမယ်။
“အဲဒီနောက် ညာဘက်စောင်းအိပ်ပြီး ယုဒအမျိုးရဲ့အပြစ်ကို ခံယူရမယ်။+ တစ်နှစ်ကို တစ်ရက်နှုန်းနဲ့ ရက်ပေါင်း ၄၀ ငါသတ်မှတ်ပေးတယ်။ ၇ မင်းက ဝိုင်းထားတဲ့ ဂျေရုဆလင်မြို့ကို မျက်နှာမူပြီး+ လက်သီးလက်မောင်း တန်းရမယ်။ ဒီမြို့ ပျက်စီးမယ့်အကြောင်း ပရောဖက်ပြုရမယ်။
၈ “မြို့ကို ဝိုင်းထားတဲ့နေ့ မစေ့မချင်း ဟိုဘက်ဒီဘက် မလှည့်နိုင်အောင် မင်းကို ကြိုးနဲ့ချည်ထားမယ်။
၉ “အဲဒီနောက် ဂျုံ၊ မုယော၊ ပဲကြီး၊ ပဲနီလေး၊ ဆပ်နဲ့ ဂျုံကြမ်းမျိုးကို အိုးထဲထည့်ပြီး မုန့်လုပ်ပါ။ ဘယ်ဘက်စောင်းပြီး အိပ်ရတဲ့ ရက်ပေါင်း ၃၉၀ ပတ်လုံး အဲဒီမုန့်ကို မင်း စားရမယ်။+ ၁၀ တစ်နေ့ကို ရှယ်ကယ် ၂၀* ချိန်ပြီး စားရမယ်။ သူ့အချိန်နဲ့သူ စားရမယ်။
၁၁ “ရေကိုလည်း တစ်ဟိန်ရဲ့ခြောက်ပုံတစ်ပုံ* ချိန်ပြီး သောက်ရမယ်။ သူ့အချိန်နဲ့သူ သောက်ရမယ်။
၁၂ “အဲဒီမုန့်ကို မုယောမုန့်ပြား စားသလို စားရမယ်။ လူတွေရှေ့မှာ လူ့မစင်ခြောက်ကို မီးဆိုက်ပြီး အဲဒီမုန့်ကို လုပ်ရမယ်။” ၁၃ အဲဒီနောက် ယေဟောဝါက “လူမျိုးခြားတွေအလယ်မှာ ငါတကွဲတပြား ဖြစ်စေမယ့် အစ္စရေးတွေလည်း မသန့်ရှင်းတဲ့မုန့်ကို ဒီလိုပဲစားရမယ်”+ လို့ ဆက်ပြောတယ်။
၁၄ ဒါနဲ့ ကျွန်တော်က “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကျွန်တော်ဟာ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ အသေကောင်ဖြစ်စေ၊ သားရဲကိုက်သတ်ထားတဲ့ အကောင်ဖြစ်စေ မစားဖူးပါဘူး။+ မသန့်ရှင်းတဲ့ အသားကိုလည်း မစားဖူးပါဘူး။+ အဲဒီလိုစားပြီး ညစ်ညူးသွားတာမျိုး မဖြစ်ဖူးပါဘူး” လို့ပြောလိုက်တယ်။
၁၅ အဲဒီအခါ ဘုရားသခင်က “ကောင်းပြီ။ လူ့မစင်အစား နောက်ချေးကိုသုံးဖို့ ငါခွင့်ပြုတယ်။ နောက်ချေးကို မီးဆိုက်ပြီး မုန့်လုပ်ရမယ်” လို့ပြောတယ်။ ၁၆ ဘုရားသခင် ဆက်ပြောတာက “လူသား၊ အခု ဂျေရုဆလင်မြို့မှာ စားနပ်ရိက္ခာကို* ငါဖြတ်တောက်မယ်။+ သူတို့ဟာ အစာကို စိုးရိမ်တကြီးနဲ့ ခွဲတမ်းချပြီး စားရလိမ့်မယ်။+ ရေကို ကြောက်ကြောက်နဲ့ ခွဲတမ်းချပြီး သောက်ရလိမ့်မယ်။+ ၁၇ အစာရေစာ ပြတ်လပ်သွားတဲ့အတွက် တစ်ယောက်ကိုတစ်ယောက် အထိတ်တလန့် ကြည့်ကြလိမ့်မယ်။ ကိုယ့်အပြစ်ကြောင့်ပဲ လုံးပါးပါးကြလိမ့်မယ်။
၅ “လူသား၊ ဆံသဆရာရဲ့ သင်တုန်းဓားလို ထက်တဲ့ဓားကို ယူပြီး မင်းရဲ့ဆံပင်နဲ့ မုတ်ဆိတ်တွေကို ရိတ်လိုက်ပါ။ အဲဒါတွေကို ချိန်ခွင်နဲ့ချိန်ပြီး သုံးပုံပုံပါ။ ၂ မြို့ကို ဝိုင်းထားတဲ့ရက် စေ့တဲ့အခါ တစ်ပုံကို မြို့ထဲမှာ မီးရှို့လိုက်ပါ။+ နောက်တစ်ပုံကို မြို့ပတ်လည်မှာ ဓားနဲ့ခုတ်ဖြတ်ပါ။+ နောက်ဆုံးတစ်ပုံကို လေထဲ လွှင့်ပစ်ပါ။ ငါက ဓားကိုဆွဲထုတ်ပြီး နောက်ကနေ လိုက်ခိုင်းမယ်။+
၃ “နောက်ဆုံးတစ်ပုံထဲက အမွေးတချို့ကို ယူပြီး ဝတ်ရုံထဲမှာ ထုပ်ထားပါ။ ၄ ကျန်တာကိုတော့ မီးရှို့ပြီး ပြာချလိုက်ပါ။ အဲဒီမီးဟာ အစ္စရေးတစ်မျိုးလုံးဆီ ပျံ့နှံ့သွားလိမ့်မယ်။+
၅ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ဒါဟာ ဂျေရုဆလင်မြို့ပဲ။ သူ့ကို လူမျိုးခြားတွေ အလယ်မှာ၊ တိုင်းနိုင်ငံတွေအလယ်မှာ ငါထားတယ်။ ၆ ဒါပေမဲ့ သူက ငါ့တရားစီရင်ချက်တွေ၊ ဥပဒေတွေကို ဆန့်ကျင်တယ်။ ပတ်ဝန်းကျင်လူမျိုးခြားတွေ၊ တိုင်းနိုင်ငံတွေထက် ပိုပြီးဆိုးညစ်တယ်။+ မြို့သားတွေက ငါ့တရားစီရင်ချက်ကို ငြင်းပယ်ကြတယ်။ ငါ့ဥပဒေအတိုင်း မလိုက်လျှောက်ကြဘူး။’
၇ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မင်းဟာ ပတ်ဝန်းကျင်လူမျိုးတွေထက် ပိုသောင်းကျန်းတယ်။ ငါ့ဥပဒေအတိုင်း မလိုက်လျှောက်ဘူး။ ငါ့တရားစီရင်ချက်တွေအတိုင်း မလုပ်ဆောင်ဘူး။ အဲဒီအစား ပတ်ဝန်းကျင်လူမျိုးတွေရဲ့ တရားစီရင်ချက်တွေကိုပဲ လိုက်နာတယ်။+ ၈ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အို ဂျေရုဆလင်၊ အခု မင်းကို ငါတိုက်ခိုက်မယ်။+ လူမျိုးခြားတွေရှေ့မှာ မင်းကို တရားစီရင်မယ်။+ ၉ မင်းရဲ့ ရွံမုန်းစရာအကျင့်တွေကြောင့် အရင်က မပေးဖူးတဲ့၊ နောက်နောင်လည်း ပေးမှာမဟုတ်တဲ့ ပြစ်ဒဏ် မင်းကို ငါပေးမယ်။+
၁၀ “‘“ဒါကြောင့် မင်းဆီက မိဘတွေဟာ ကိုယ့်သားသမီးတွေရဲ့ အသားကို စားကြလိမ့်မယ်။+ သားသမီးကလည်း မိဘရဲ့အသားကို စားကြလိမ့်မယ်။ မင်းကို ငါတရားစီရင်မယ်။ မင်းဆီမှာ ကျန်ကြွင်းသူတွေကို အရပ်ရပ် ကွဲလွင့်စေမယ်။”’+
၁၁ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ သန့်ရှင်းရာဌာနတော်ကို ရွံရှာဖွယ် ရုပ်တုတွေ၊ ရွံမုန်းဖွယ် အကျင့်တွေနဲ့ ညစ်ညူးစေတဲ့အတွက်+ မင်းကို ငါငြင်းပယ်မယ်။ မင်းအတွက် ငါဝမ်းမနည်းဘူး။ သနားညှာတာမှာ မဟုတ်ဘူး။+ ၁၂ လူသုံးပုံတစ်ပုံဟာ မြို့ထဲမှာ ကပ်ရောဂါဘေးကြောင့်၊ အငတ်ဘေးကြောင့် သေဆုံးရလိမ့်မယ်။ နောက်တစ်ပုံက မြို့ပတ်လည်မှာ ဓားဘေးကြောင့် ကျဆုံးရလိမ့်မယ်။+ နောက်ဆုံးတစ်ပုံကိုတော့ အရပ်ရပ်ဆီ ငါကွဲလွင့်စေမယ်။ ငါက ဓားဆွဲထုတ်ပြီး နောက်ကနေ လိုက်ခိုင်းမယ်။+ ၁၃ အဲဒီနောက်မှာတော့ ငါ အမျက်ပြေသွားလိမ့်မယ်။ ငါ့ဒေါသ ငြိမ်ကျပြီး စိတ်ကျေနပ်သွားလိမ့်မယ်။+ ငါ့ဒေါသကို ဖွင့်ချပြီးချိန်မှာ ငါယေဟောဝါဟာ ငါတစ်ပါးတည်းကို ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရားဖြစ်လို့ ပြောခဲ့တာပဲဆိုတာ သူတို့ သိရကြလိမ့်မယ်။+
၁၄ “‘ငါက မင်းကို ပျက်စီးယိုယွင်းတဲ့နေရာ ဖြစ်စေမယ်။ ပတ်ဝန်းကျင်လူမျိုးတွေ အလယ်မှာ၊ ဖြတ်သန်းသွားလာသူတွေ အမြင်မှာ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေမယ်။+ ၁၅ မင်းကို ဒေါသတကြီး တရားစီရင်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ပေးတဲ့အခါ မင်းဟာ ပတ်ဝန်းကျင် လူမျိုးတွေအတွက် ကဲ့ရဲ့ရှုတ်ချစရာ၊ နှာခေါင်းရှုံ့စရာ၊+ ကြောက်လန့်စရာ၊ သတိပေးပုံနမူနာ ဖြစ်လိမ့်မယ်။ ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။
၁၆ “‘ငါက အငတ်ဘေးဖြစ်တဲ့ သေစေနိုင်တဲ့ မြားတွေကို မင်းဆီ လွှတ်လိုက်မယ်။ အဲဒီမြားတွေက မင်းကို ဖျက်ဆီးလိမ့်မယ်။+ မင်းရဲ့စားနပ်ရိက္ခာကို* ဖြတ်တောက်လိုက်တဲ့အတွက် အငတ်ဘေး ပိုဆိုးလာမယ်။+ ၁၇ အငတ်ဘေးနဲ့ ကြမ်းကြုတ်တဲ့ သားရဲတွေကို မင်းဆီ စေလွှတ်မယ်။+ မင်းရဲ့သားသမီးတွေ သေဆုံးကုန်မယ်။ မင်းဆီမှာ ကပ်ရောဂါဘေးနဲ့ သွေးထွက်သံယိုမှုတွေ ပြည့်နေလိမ့်မယ်။ မင်းအပေါ် ဓားဘေး ကျရောက်စေမယ်။+ ဒါဟာ ငါယေဟောဝါ ပြောတဲ့ စကားပဲ။’”
၆ ကျွန်တော့်ကို ယေဟောဝါ ပြောတယ်– ၂ “လူသား၊ အစ္စရေးတောင်တန်းတွေဘက် မျက်နှာမူပါ။ သူတို့ပျက်စီးမယ့်အကြောင်း ပရောဖက်ပြုပါ။ ၃ မင်းပြောရမှာက– ‘အစ္စရေးတောင်တန်းတို့၊ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာကို နားထောင်ပါ။ တောင်တန်း၊ တောင်ကုန်း၊ မြစ်ချောင်း၊ ချိုင့်ဝှမ်းတို့ကို အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက “မင်းတို့အပေါ် ဓားဘေးကို ငါကျရောက်စေမယ်။ မင်းတို့ရဲ့ အထွတ်အမြတ်နေရာတွေကို ဖျက်ဆီးမယ်။ ၄ ယဇ်ပလ္လင်တွေ ဖြိုချခံရလိမ့်မယ်။ နံ့သာပေါင်းပလ္လင်တွေ ပြိုကျသွားလိမ့်မယ်။+ မင်းတို့ရဲ့ အလောင်းတွေကို ရွံမုန်းဖွယ်ရုပ်တုတွေ* ရှေ့မှာ ငါပစ်ချမယ်။+ ၅ အစ္စရေးတွေရဲ့ အလောင်းတွေကို ရွံမုန်းဖွယ် ရုပ်တုတွေရှေ့မှာ ပစ်ချမယ်။ အရိုးတွေကို ယဇ်ပလ္လင်ပတ်လည်မှာ ဖြန့်ကြဲမယ်။+ ၆ မင်းတို့နေထိုင်ရာ အရပ်ရပ်မှာရှိတဲ့ မြို့တွေ ပျက်စီးသွားလိမ့်မယ်။+ အထွတ်အမြတ်နေရာတွေ ဖြိုချခံရပြီး ပျက်စီးသွားလိမ့်မယ်။+ ယဇ်ပလ္လင်တွေ ဖြိုချခံရပြီး တစ်စစီ ဖြစ်သွားလိမ့်မယ်။ ရွံမုန်းဖွယ်ရုပ်တုတွေ ပျက်စီးသွားပြီး နံ့သာပေါင်းပလ္လင်တွေ ခုတ်လှဲခံရမယ်။ မင်းတို့လုပ်ထားသမျှ ဖယ်ရှားခံရမယ်။ ၇ မင်းတို့အလယ်မှာ လူသေတွေ လဲကျနေလိမ့်မယ်။+ အဲဒီအခါ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့သိရကြလိမ့်မယ်။+
၈ “‘“တိုင်းပြည်အရပ်ရပ်ဆီ မင်းတို့ကွဲလွင့်သွားတဲ့အခါ တချို့ကို လူမျိုးတွေအလယ်မှာ ဓားဘေးကနေ ငါလွတ်မြောက်စေမှာဖြစ်လို့ ကျန်ကြွင်းသူတွေ ရှိလိမ့်မယ်။+ ၉ လွတ်မြောက်သွားသူတွေဟာ သုံ့ပန်းဘဝရောက်သွားတဲ့ လူမျိုးတွေအလယ်မှာ ငါ့ကိုသတိရကြလိမ့်မယ်။+ ငါ့ဆီကနေ လမ်းလွဲပြီး သစ္စာမဲ့သွားတဲ့အတွက်၊ ရွံမုန်းဖွယ်ရုပ်တုတွေကို ရာဂစိတ်နဲ့ တပ်မက်နေတဲ့အတွက် ငါရင်ကျိုးရတယ်ဆိုတာ သူတို့ နားလည်လာလိမ့်မယ်။+ သူတို့လုပ်ခဲ့တဲ့ မကောင်းမှုတွေ၊ ရွံစရာအကျင့်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ရွံပြီး အရှက်ရလိမ့်မယ်။+ ၁၀ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။ သူတို့အပေါ် ဒီဘေးဆိုးကျရောက်စေမယ်ဆိုပြီး ငါအလကားကြိမ်းနေတာ မဟုတ်မှန်း သိရကြလိမ့်မယ်။”’+
၁၁ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မင်း လက်ခုပ်တီးပြီး ခြေဆောင့်ပါ။ အစ္စရေးအမျိုးရဲ့ မကောင်းမှုတွေ၊ ရွံစရာအကျင့်တွေကြောင့် ဝမ်းနည်းပူဆွေးကြောင်း ပြပါ။ သူတို့ဟာ ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးကြောင့် ကျဆုံးရမှာဖြစ်လို့ပဲ။+ ၁၂ ရပ်ဝေးကလူတွေ ကပ်ရောဂါဘေးကြောင့် သေဆုံးရလိမ့်မယ်။ အနီးတစ်ဝိုက်ကလူတွေ ဓားဘေးကြောင့် ကျဆုံးရလိမ့်မယ်။ အသက်ရှင် လွတ်မြောက်သူတွေကတော့ အငတ်ဘေးကြောင့် သေဆုံးရလိမ့်မယ်။ ငါ့ဒေါသကို သူတို့အပေါ် အကုန်အစင် ဖွင့်ချမယ်။+ ၁၃ ရွံမုန်းဖွယ် ရုပ်တုတွေအလယ်မှာ၊ အဲဒီရုပ်တုတွေ ကျေနပ်အောင် မွှေးကြိုင်တဲ့အလှူတွေ ဆက်သတဲ့+ ယဇ်ပလ္လင်တွေ ပတ်လည်မှာ၊ တောင်ကုန်းတွေ၊ တောင်ထိပ်တွေပေါ်မှာ၊ စိမ်းလန်းတဲ့သစ်ပင်၊ သစ်ပင်ကြီးတွေအောက်မှာ လူတွေ အတုံးအရုံး သေတဲ့အခါ+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့ သိရကြလိမ့်မယ်။+ ၁၄ ငါ့လက်ကိုဆန့်ပြီး သူတို့ကို ဒဏ်ခတ်မယ်။ သူတို့ရဲ့ပြည်ကို လွင်တီးခေါင်ဖြစ်စေမယ်။ သူတို့နေထိုင်တဲ့ နေရာတွေကို ဒိဗလတ်အရပ်နားက တောကန္တာရထက် လူသူကင်းမဲ့စေမယ်။ အဲဒီအခါ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့ သိရကြလိမ့်မယ်။’”
၇ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ အစ္စရေးပြည်ကို အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားတွေကို မင်း ပြောရမယ်– ‘အဆုံး ရောက်လာပြီ။ တစ်ပြည်လုံးရဲ့အဆုံး ရောက်လာပြီ။ ၃ အခု မင်းရဲ့အဆုံး ရောက်လာပြီ။ မင်းအပေါ် ငါ့ဒေါသကို ဖွင့်ချမယ်။ မင်းရဲ့လမ်းစဉ်နဲ့အညီ တရားစီရင်မယ်။ မင်းရဲ့ ရွံစရာအကျင့်တွေအတွက် ပြန်ဆပ်ပေးမယ်။ ၄ မင်းအတွက် ငါဝမ်းမနည်းဘူး။ သနားညှာတာမှာ မဟုတ်ဘူး။+ မင်းရဲ့လမ်းစဉ်အတိုင်း ရလဒ်ကို ပြန်ခံစေမယ်။ ရွံစရာအကျင့်တွေရဲ့ အကျိုးဆက်ကို ခံရလိမ့်မယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းသိရလိမ့်မယ်။’+
၅ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ဘေးဆိုးတစ်ခု၊ မကြုံဖူးတဲ့ ဘေးဆိုးတစ်ခု လာနေပြီ။+ ၆ အဆုံး လာနေပြီ။ အဆုံးရောက်လာတော့မယ်။ မင်းဆီ ဗြုန်းခနဲ ရောက်လာမယ်။ အဆုံး လာနေပြီ။ ၇ အို ပြည်သား၊ မင်းအလှည့်* ရောက်လာပြီ။ အချိန်ရောက်လာပြီ။ အဲဒီနေ့ နီးနေပြီ။+ တောင်တန်းတွေပေါ်မှာ အုတ်အုတ်သဲသဲအသံ ထွက်ပေါ်နေတယ်။ ပျော်ရွှင်မြူးထူးသံတော့ မဟုတ်ဘူး။
၈ “‘မကြာခင် ငါ့ဒေါသကို မင်းအပေါ် သွန်းလောင်းမယ်။+ ငါ့ဒေါသကို အကုန်အစင် ဖွင့်ချမယ်။+ မင်းရဲ့လမ်းစဉ်နဲ့အညီ တရားစီရင်မယ်။ မင်းရဲ့ ရွံစရာအကျင့်တွေအတွက် ပြန်ဆပ်ပေးမယ်။ ၉ မင်းအတွက် ငါဝမ်းမနည်းဘူး။ သနားညှာတာမှာ မဟုတ်ဘူး။+ မင်းရဲ့လမ်းစဉ်အတိုင်း ရလဒ်ကို ပြန်ခံစေမယ်။ ရွံစရာအကျင့်တွေရဲ့ အကျိုးဆက်ကို ပြန်ခံရလိမ့်မယ်။ မင်းကိုဒဏ်ခတ်တဲ့သူဟာ ငါယေဟောဝါပဲဆိုတာ မင်းသိရလိမ့်မယ်။+
၁၀ “‘အဲဒီနေ့ လာနေပြီ။+ မင်းအလှည့်* ရောက်လာပြီ။ ကြိမ်လုံးဟာ အပွင့်ပွင့်နေပြီ။ ရောင့်တက်မှုဟာ အညွန့် တလူလူတက်နေပြီ။ ၁၁ မင်းရဲ့ဆိုးညစ်မှုကြောင့် ကြိမ်လုံးက ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်။+ ကိုယ်တိုင်သာမက စည်းစိမ်ဥစ္စာတွေ၊ လူအုပ်တွေ၊ ထင်ပေါ်ကျော်ကြားမှုတွေ တစ်ခုမှကျန်ရစ်မှာ မဟုတ်ဘူး။ ၁၂ အဲဒီအချိန် ရောက်လာမယ်။ အဲဒီနေ့ ရောက်လာမယ်။ ဝယ်သူ ဝမ်းမြောက်မနေနဲ့။ ရောင်းသူလည်း ညည်းတွားမနေနဲ့။ လူတိုင်းကို ငါဒေါသထွက်နေလို့ပဲ။+ ၁၃ ရောင်းသူက အသက်ချမ်းသာရခဲ့ရင်တောင် ရောင်းလိုက်တဲ့မြေကို ပြန်လာနိုင်မှာ မဟုတ်ဘူး။ ဒီစိတ်အာရုံအတိုင်း သူတို့ကြုံရလိမ့်မယ်။ တစ်ယောက်မှ ပြန်လာနိုင်မှာ မဟုတ်ဘူး။ သူ* ကျူးလွန်ခဲ့တဲ့အပြစ်ကြောင့် တစ်ယောက်မှ အသက်ဆက်ရှင်မှာ မဟုတ်ဘူး။
၁၄ “‘သူတို့က ခရာမှုတ်ပြီး+ အသင့်ဖြစ်နေပေမဲ့ စစ်တိုက်ထွက်သူတစ်ယောက်မှ မရှိဘူး။ သူတို့ကို ငါဒေါသထွက်နေလို့ပဲ။+ ၁၅ အပြင်မှာ ဓားဘေး၊+ အထဲမှာ ကပ်ရောဂါဘေးနဲ့ အငတ်ဘေး ရှိနေတယ်။ လယ်ထဲမှာရှိနေသူတိုင်း ဓားဘေးကြောင့် သေဆုံးလိမ့်မယ်။ မြို့ထဲမှာရှိနေသူတွေကို အငတ်ဘေးနဲ့ ကပ်ရောဂါဘေး ဝါးမျိုလိမ့်မယ်။+ ၁၆ အသက်ရှင် လွတ်မြောက်သူတွေက တောင်တန်းတွေပေါ် တက်သွားလိမ့်မယ်။ အားလုံးဟာ ကိုယ့်အပြစ်နဲ့ကိုယ် ချိုင့်ဝှမ်းထဲက ချိုးငှက်တွေလို ညည်းတွားနေလိမ့်မယ်။+ ၁၇ သူတို့လက်တွေ ပျော့ခွေသွားလိမ့်မယ်။ ဒူးတွေလည်း အရည်တစက်စက် ကျနေလိမ့်မယ်။*+ ၁၈ အထည်ကြမ်း* ဝတ်ပြီး+ တဆတ်ဆတ် တုန်နေလိမ့်မယ်။ အားလုံး အရှက်တကွဲဖြစ်ပြီး ခေါင်းတုံးတုံးကြလိမ့်မယ်။+
၁၉ “‘သူတို့က ငွေကို လမ်းပေါ် လွှင့်ပစ်လိမ့်မယ်။ သူတို့အတွက် ရွှေဟာ ရွံစရာပဲ။ ယေဟောဝါ အမျက်ထွက်တဲ့နေ့မှာ ရွှေငွေတွေ ကယ်တင်နိုင်မှာ မဟုတ်ဘူး။+ သူတို့ ဝဝလင်လင် စားရမှာ မဟုတ်ဘူး။ ဗိုက်ဟောင်းလောင်း ဖြစ်နေလိမ့်မယ်။ အဲဒီရွှေငွေတွေဟာ သူတို့အတွက် အပြစ်ကျူးလွန်စေတဲ့ ဆူးငြောင့်ခလုတ် ဖြစ်လို့ပဲ။ ၂၀ သူတို့ရဲ့ အလှတန်ဆာတွေကြောင့် မာန်တက်နေတယ်။ ရွှေငွေတွေသုံးပြီး ရွံရှာဖွယ်ရုပ်ပုံတွေ၊ ရွံမုန်းဖွယ်ရုပ်တုတွေ လုပ်တယ်။+ ဒါကြောင့် အဲဒီရွှေငွေတွေကို ရွံစရာဖြစ်အောင် ငါလုပ်မယ်။ ၂၁ တိုင်းတစ်ပါးသားတွေ လုယက်ဖို့၊ လူဆိုးတွေ သိမ်းယူဖို့ ငါအပ်မှာဖြစ်လို့ အဲဒီရွှေငွေတွေကို သူတို့ ညစ်ညူးစေမယ်။
၂၂ “‘သူတို့ကို ငါမျက်နှာလွှဲမယ်။+ ရန်သူတွေက ငါ့ရဲ့လျှို့ဝှက်နေရာကို* ညစ်ညူးစေမယ်။ ဓားပြတွေ ဝင်လာပြီး ညစ်ညူးစေမယ်။+
၂၃ “‘သုံ့ပန်းတွေကို ချည်ဖို့ သံကြိုးတွေ လုပ်ပါ။+ တိုင်းပြည်မှာ မမျှတတဲ့စီရင်ချက်တွေကြောင့် လူတွေ သေဆုံးနေတယ်။+ မြို့ထဲမှာလည်း အကြမ်းဖက်မှုတွေ အပြည့်ပဲ။+ ၂၄ ငါက လူမျိုးခြားတွေထဲက အဆိုးဆုံးလူတွေကို ခေါ်လာပြီး+ အိမ်တွေကို သိမ်းယူစေမယ်။+ ခွန်အားကြီးသူတွေရဲ့ မာနကို ချိုးပစ်မယ်။ သန့်ရှင်းရာအရပ်တွေ ညစ်ညူးသွားလိမ့်မယ်။+ ၂၅ သူတို့ ဝေဒနာခံစားရတဲ့အခါ ငြိမ်သက်ခြင်းကို ရှာမှာပဲ။ ဒါပေမဲ့ တွေ့မှာမဟုတ်ဘူး။+ ၂၆ ဘေးဒုက္ခ တစ်ခုပြီးတစ်ခု ဖြစ်လာမယ်။ သတင်း တစ်ခုပြီးတစ်ခု ကြားရလိမ့်မယ်။ လူတွေက ပရောဖက်ကို စိတ်အာရုံအကြောင်း မေးမြန်းကြလိမ့်မယ်။+ ပုရောဟိတ်တွေက ပညတ်အကြောင်း သင်ပေးနိုင်မှာ မဟုတ်ဘူး။ အကြီးအကဲတွေလည်း အကြံဉာဏ်ပေးနိုင်မှာ မဟုတ်ဘူး။+ ၂၇ ဘုရင်ဟာ ညည်းတွားငိုကြွေးရလိမ့်မယ်။+ ခေါင်းဆောင်လည်း စိတ်ပျက်နေလိမ့်မယ်။ ပြည်သားတွေဟာ ကြောက်လွန်းလို့ လက်တွေ တဆတ်ဆတ် တုန်နေလိမ့်မယ်။ သူတို့ရဲ့ လမ်းစဉ်နဲ့အညီ ငါဆက်ဆံမယ်။ သူတို့ တရားစီရင်ခဲ့တဲ့အတိုင်း ပြန်တရားစီရင်မယ်။ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့ သိရကြလိမ့်မယ်။’”+
၈ ခြောက်နှစ်မြောက်၊* ခြောက်လပိုင်း၊ ငါးရက်နေ့မှာ ကျွန်တော် အိမ်မှာထိုင်နေတုန်း၊ ရှေ့မှာ ယုဒအကြီးအကဲတွေ ထိုင်နေတုန်း ကျွန်တော့်အပေါ် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါရဲ့ လက်တော် သက်ရောက်လာတယ်။ ၂ ကျွန်တော် ကြည့်လိုက်တဲ့အခါ မီးသဏ္ဌာန်တစ်ခု တွေ့တယ်။ သူ့ခါးအောက်ပိုင်းလောက်ကနေ မီးတွေ တောက်နေတယ်။+ ခါးအပေါ် ပိုင်းလောက်ကနေ ပယင်းရောင်* တောက်နေတယ်။+ ၃ လက်နဲ့တူတဲ့အရာတစ်ခုက ကျွန်တော့်ဆံပင်ကို လှမ်းဆုပ်ပြီး မလိုက်တယ်။ ဘုရားသခင်ဆီက စိတ်အာရုံထဲမှာ စွမ်းအားတော်က ကျွန်တော့်ကို မိုးနဲ့မြေကြားကနေ ခေါ်သွားပြီး ဂျေရုဆလင်မြို့ဆီ၊ မြောက်အရပ်ကို မျက်နှာမူထားတဲ့ အတွင်းတံခါး ဝင်ပေါက်ဆီ ခေါ်သွားတယ်။+ အဲဒီနေရာမှာ ဘုရားရဲ့ ဝန်တိုစိတ်ကို ဆွပေးတဲ့ ရုပ်တုရှိနေတယ်။+ ၄ အဲဒီမှာ အစ္စရေးတို့ ဘုရားသခင်ရဲ့ ဘုန်းအသရေ တည်ရှိနေတယ်။+ ချိုင့်ဝှမ်းလွင်ပြင်မှာ ကျွန်တော်တွေ့ခဲ့တဲ့ ဘုန်းအသရေလိုမျိုးပဲ။+
၅ သူက “လူသား၊ မြောက်အရပ်ကို ကြည့်လိုက်ပါဦး” လို့ပြောတယ်။ ကျွန်တော်လည်း မြောက်အရပ်ကို ကြည့်လိုက်တဲ့အခါ ပူဇော်ရာပလ္လင်ရဲ့ မြောက်ဘက်တံခါးပေါက်မှာ ဘုရားရဲ့ ဝန်တိုစိတ်ကို ဆွပေးတဲ့ ရုပ်တုရှိနေတယ်။ ၆ သူက “လူသား၊ သန့်ရှင်းရာဌာနတော်ကို ငါစွန့်သွားအောင် အစ္စရေးအမျိုးလုပ်နေတဲ့ ရွံစရာတွေကို မြင်သလား။+ ဒီထက်ရွံစရာကောင်းတာတွေကို မြင်ရဦးမယ်”+ လို့ ပြောတယ်။
၇ အဲဒီနောက် ကျွန်တော့်ကို ရင်ပြင်ရဲ့ဝင်ပေါက်ဆီ ခေါ်သွားတယ်။ ကျွန်တော် ကြည့်လိုက်တဲ့အခါ နံရံမှာ အပေါက်တစ်ပေါက် တွေ့တယ်။ ၈ သူက “လူသား၊ ကျယ်ကျယ်ဖောက်လိုက်” လို့ပြောတော့ ကျွန်တော် ဖောက်လိုက်တဲ့အခါ ဝင်ပေါက်တစ်ခု တွေ့တယ်။ ၉ သူက “အထဲဝင်သွားပြီး အဲဒီမှာ သူတို့လုပ်နေတဲ့ ဆိုးရွားပြီး ရွံစရာကောင်းတာတွေကို ကြည့်လိုက်ပါ” လို့ပြောတယ်။ ၁၀ ဒါနဲ့ ကျွန်တော် ဝင်ကြည့်လိုက်တဲ့အခါ နံရံပတ်လည်မှာ တွားသွားသတ္တဝါတွေ၊ ရွံရှာဖွယ် သားရဲမျိုးစုံရဲ့ ပုံတွေ၊+ အစ္စရေးအမျိုးရဲ့ ရွံမုန်းဖွယ်ရုပ်တုတွေ*+ ရေးထွင်းထားတာကို တွေ့တယ်။ ၁၁ အဲဒီရှေ့မှာ အစ္စရေးအကြီးအကဲ ၇၀ ရပ်နေတယ်။ သူတို့အလယ်မှာ ရှာဖန်ရဲ့သား+ ယာဇညာ ရပ်နေတယ်။ နံ့သာခွက်ကိုယ်စီ ကိုင်ထားတယ်။ မွှေးကြိုင်တဲ့ နံ့သာပေါင်းငွေ့ တလူလူတက်နေတယ်။+ ၁၂ သူက “လူသား၊ အမှောင်ထဲမှာ၊ ရုပ်တုတွေ ရေးထွင်းထားတဲ့ အတွင်းခန်းတွေထဲမှာ အစ္စရေးအကြီးအကဲတွေ ဘာလုပ်နေလဲဆိုတာ မြင်သလား။ သူတို့က ‘ကျုပ်တို့ကို ယေဟောဝါဘုရား မမြင်ပါဘူး။ ဒီပြည်ကို ယေဟောဝါ စွန့်သွားပြီ’ လို့ပြောနေကြတယ်”+ ဆိုပြီး ကျွန်တော့်ကို ပြောတယ်။
၁၃ သူက “ဒီထက် ဆိုးရွားပြီး ရွံစရာကောင်းတာတွေကို သူတို့လုပ်နေတာ မြင်ရဦးမယ်” လို့ ဆက်ပြောတယ်။ ၁၄ အဲဒီနောက် ယေဟောဝါအိမ်တော်ရဲ့ မြောက်ဘက်တံခါးပေါက်ဆီ ကျွန်တော့်ကို ခေါ်သွားတယ်။ အဲဒီမှာ တမ္မုဇနတ်ဘုရားအတွက် ထိုင်ပြီး ငိုကြွေးနေတဲ့ အမျိုးသမီးတွေကို မြင်လိုက်ရတယ်။
၁၅ သူက “လူသား၊ မင်းမြင်ပြီလား။ ဒီထက် ဆိုးရွားပြီး ပိုရွံစရာကောင်းတာတွေ ရှိသေးတယ်”+ လို့ပြောတယ်။ ၁၆ အဲဒီနောက် ကျွန်တော့်ကို ယေဟောဝါအိမ်တော်ရဲ့အတွင်းရင်ပြင်ဆီ ခေါ်သွားတယ်။+ ယေဟောဝါရဲ့ ဗိမာန်တော်မုခ်ဝနဲ့ ပူဇော်ရာပလ္လင်ကြားက ဝင်ပေါက်မှာ အမျိုးသား ၂၅ ယောက်လောက် ရှိနေတယ်။ ယေဟောဝါရဲ့ ဗိမာန်တော်ကို ကျောခိုင်းပြီး အရှေ့အရပ်ကို မျက်နှာမူရင်း နေမင်းကို ဦးချရှိခိုးနေကြတယ်။+
၁၇ သူက “လူသား၊ မင်းမြင်ပြီလား။ ဒီလိုရွံစရာတွေ လုပ်ရတာ၊ တိုင်းပြည်ကို အကြမ်းဖက်မှုတွေနဲ့ ပြည့်စေပြီး+ ငါ့ကိုစိတ်ဆိုးအောင် လုပ်ရတာဟာ အသေးအဖွဲလေးပါလို့ ယုဒအမျိုး ထင်နေတာလား။ သူတို့က ငါ့နှာခေါင်းကို သစ်ခက်နဲ့* တို့ကြတယ်။ ၁၈ ဒါကြောင့် ငါဒေါသတကြီး အရေးယူမယ်။ သူတို့အတွက် ဝမ်းမနည်းဘူး။ သနားညှာတာမှာ မဟုတ်ဘူး။+ သူတို့ အကျယ်ကြီး အော်ခေါ်ရင်တောင် ငါနားမထောင်ဘူး”+ လို့ပြောတယ်။
၉ အဲဒီနောက် သူက “မြို့ကို ဒဏ်ခတ်ဖျက်ဆီးဖို့ လက်နက်ကိုယ်စီ ကိုင်ထားသူတွေကို ဆင့်ခေါ်လိုက်ပါ” လို့ ကျွန်တော့်ကို အော်ပြောတယ်။
၂ အဲဒီအခါ မြောက်အရပ်ဘက် မျက်နှာမူထားတဲ့ အထက်တံခါးပေါက်ကနေ+ လူခြောက်ယောက် ထွက်လာတာကို ကျွန်တော်တွေ့တယ်။ ရိုက်ခွဲစရာလက်နက် ကိုယ်စီ ကိုင်ထားတယ်။ ချည်ထည်ဝတ်ဆင်ပြီး ခါးမှာ စာရေးတော်မင်ဘူး ချိတ်ထားသူတစ်ယောက်လည်း ပါတယ်။ ကြေးနီပူဇော်ရာပလ္လင်ဘေးမှာ သူတို့လာရပ်ကြတယ်။+
၃ အစ္စရေးတို့ ဘုရားသခင်ရဲ့ ဘုန်းအသရေဟာ+ ခေရုဗိမ်တွေအထက်မှာ ရှိနေရာကနေ အိမ်တော်တံခါးခုံကို ရောက်လာတယ်။+ ချည်ထည်ဝတ်ဆင်ပြီး ခါးမှာ စာရေးတော်မင်ဘူး ချိတ်ထားသူကို ခေါ်ပြီး၊ ၄ ယေဟောဝါက “ဂျေရုဆလင်မြို့ထဲ သွားပါ။ မြို့ထဲမှာလုပ်နေတဲ့ ရွံစရာတွေကြောင့်+ သက်ပြင်းချသူတွေ၊ ညည်းတွားသူတွေရဲ့ နဖူးမှာ မှတ်သားပါ”+ လို့ ပြောတယ်။
၅ ဘုရားသခင်က ကျန်တဲ့သူတွေကိုလည်း “သူ့နောက်ကနေ မြို့ထဲ လိုက်သွားပြီး လူတွေကို ကွပ်မျက်ပါ။ သူတို့အတွက် ဝမ်းမနည်းနဲ့။ သနားမနေနဲ့။+ ၆ လူကြီးလူငယ်၊ အပျိုစင်၊ မိန်းမ၊ ကလေးငယ်ပါမကျန် ကွပ်မျက်ပါ။+ နဖူးမှာ အမှတ်အသားပါသူတွေကိုတော့ မကွပ်မျက်နဲ့။+ သန့်ရှင်းရာဌာနတော်ကနေ စလုပ်ပါ”+ လို့ပြောတယ်။ ဒါကြောင့် သူတို့က အိမ်တော်ရှေ့မှာရှိတဲ့ အကြီးအကဲတွေကို စပြီးကွပ်မျက်တယ်။+ ၇ အဲဒီနောက် “အိမ်တော်ကို ညစ်ညူးစေပါ။ ရင်ပြင်တွေကိုအလောင်းတွေနဲ့ ပြည့်စေပါ။+ ကဲ၊ စပေတော့” လို့ ဘုရားပြောတာနဲ့ သူတို့လည်း ထွက်သွားပြီး မြို့ထဲမှာ လူတွေကို ကွပ်မျက်ကြတယ်။
၈ အဲဒီလို ကွပ်မျက်တဲ့အခါ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်တယ်။ ကျွန်တော်လည်း ပျပ်ဝပ်ပြီး “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ဂျေရုဆလင်မြို့အပေါ် အမျက်တော် သွန်းလောင်းတဲ့အခါ အစ္စရေးအကြွင်းအကျန်တွေကိုပါ ဖျက်ဆီးပစ်မှာလား”+ လို့ပြောလိုက်တယ်။
၉ အဲဒီအခါ ဘုရားက “အစ္စရေးနဲ့ ယုဒအမျိုးရဲ့ အပြစ်ဟာ အင်မတန်ကြီးလေးတယ်။+ တိုင်းပြည်မှာ သွေးချောင်းစီးနေတယ်။+ မြို့ထဲမှာလည်း အကျင့်ပျက်ခြစားမှုတွေ အပြည့်ပဲ။+ ‘ဒီပြည်ကို ယေဟောဝါဘုရား စွန့်သွားပြီ။ ယေဟောဝါ မမြင်ပါဘူး’+ လို့ ပြောနေကြတယ်။ ၁၀ ဒါကြောင့် သူတို့အတွက် ငါဝမ်းမနည်းဘူး။ သနားညှာတာမှာ မဟုတ်ဘူး။+ သူတို့လမ်းစဉ်ရဲ့ အကျိုးဆက်ကို ပြန်ခံစေမယ်” လို့ ပြောတယ်။
၁၁ အဲဒီနောက် ချည်ထည်ဝတ်ဆင်ပြီး ခါးမှာ မင်အိုးချိတ်ထားသူက “မိန့်မှာထားတဲ့အတိုင်း လုပ်ပြီးပါပြီ” လို့ လာပြောတာကို ကျွန်တော်တွေ့ရတယ်။
၁၀ ကျွန်တော်ကြည့်နေတုန်း ခေရုဗိမ်တွေရဲ့ ဦးခေါင်းအထက် မျက်နှာပြင်ကြီးပေါ်မှာ နီလာကျောက်လို၊ ရာဇပလ္လင်လို သဏ္ဌာန်တစ်ခု ပေါ်လာတာကို တွေ့တယ်။+ ၂ ဘုရားသခင်က ချည်ထည်ဝတ်ဆင်ထားသူကို+ “ဘီးတွေကြား၊+ ခေရုဗိမ်တွေရဲ့အောက်ကို ဝင်ပါ။ ခေရုဗိမ်တွေကြားမှာရှိတဲ့ မီးကျီးခဲတွေကို လက်ခုပ်နဲ့ကျုံးပြီး+ မြို့ပေါ် ဖြန့်ကြဲပါ”+ လို့ပြောတယ်။ သူဝင်သွားတာကို ကျွန်တော် တွေ့ရတယ်။
၃ သူဝင်သွားတဲ့အခါ ခေရုဗိမ်တွေက အိမ်တော်ရဲ့ ညာဘက်မှာ ရပ်နေကြတယ်။ အတွင်းရင်ပြင်မှာ မိုးတိမ်တွေ ပြည့်သွားတယ်။ ၄ ယေဟောဝါရဲ့ ဘုန်းအသရေက+ ခေရုဗိမ်တွေပေါ်ကနေ အိမ်တော်တံခါးခုံကို ရောက်လာတယ်။ အိမ်တော်မှာ မိုးတိမ်တွေ တဖြည်းဖြည်း ပြည့်သွားတယ်။+ ယေဟောဝါရဲ့ ဘုန်းအသရေကြောင့် ရင်ပြင်တစ်ခုလုံး ထွန်းတောက်နေတယ်။ ၅ ခေရုဗိမ်တွေရဲ့ အတောင်ခတ်သံကို အပြင်ရင်ပြင်ကနေ ကြားရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားသံလိုပဲ။+
၆ ဘုရားသခင်က ချည်ထည်ဝတ်ဆင်ထားသူကို “ဘီးတွေကြား၊ ခေရုဗိမ်တွေကြားက မီးကျီးခဲတွေကို ယူပါ” လို့အမိန့်ပေးတဲ့အခါ သူလည်း ဝင်သွားပြီး ဘီးရဲ့အနားမှာ ရပ်နေတယ်။ ၇ အဲဒီအခါ ခေရုဗိမ်တစ်ပါးက ခေရုဗိမ်တွေကြားက မီးကျီးခဲတချို့ကို လှမ်းယူပြီး+ ချည်ထည်ဝတ်ဆင်ထားသူရဲ့ လက်ခုပ်ထဲ ထည့်ပေးလိုက်တယ်။+ သူလည်း အဲဒါတွေကို ယူပြီး ထွက်သွားတယ်။ ၈ ခေရုဗိမ်တွေရဲ့ အတောင်အောက်မှာ လူ့လက်သဏ္ဌာန် ရှိနေတယ်။+
၉ ကျွန်တော်ကြည့်နေတုန်း ခေရုဗိမ်တွေရဲ့ အနားမှာ ဘီးလေးဘီး ရှိနေတာကို တွေ့တယ်။ ခေရုဗိမ် တစ်ပါးစီရဲ့ဘေးမှာ တစ်ဘီးစီ ရှိတယ်။ ဘီးတွေဟာ ပြောင်ခေါင်းစိမ်းလို တောက်ပနေတယ်။+ ၁၀ လေးဘီးစလုံး တစ်ပုံစံတည်းပဲ။ ဘီးတွေရဲ့ပုံစံဟာ ဘီးတစ်ဘီးထဲမှာ နောက်တစ်ဘီးကို အလယ်ကနေ ကန့်လန့်ဖြတ်တပ်ထားတာနဲ့ တူတယ်။ ၁၁ ဘီးတွေသွားတဲ့အခါ ကွေ့စရာမလိုဘဲ ဘယ်အရပ်မျက်နှာမဆို သွားနိုင်တယ်။ ကွေ့စရာမလိုဘဲ မျက်နှာမူထားရာဘက် သွားနိုင်တယ်။ ၁၂ ခေရုဗိမ်တွေရဲ့ ကျော၊ လက်နဲ့ အတောင်တွေမှာ၊ တစ်ကိုယ်လုံးမှာ မျက်လုံးတွေအပြည့်ပဲ။ လေးပါးစလုံးရဲ့ဘေးနားက ဘီးတွေမှာလည်း မျက်လုံးတွေအပြည့်ပဲ။+ ၁၃ “ဘီးတို့၊ စထွက်တော့” လို့အမိန့်ပေးတာကို ကျွန်တော်ကြားတယ်။
၁၄ ခေရုဗိမ်တစ်ပါးစီမှာ မျက်နှာလေးခု ရှိတယ်။ ခေရုဗိမ်မျက်နှာ၊ လူမျက်နှာ၊ ခြင်္သေ့မျက်နှာ၊ လင်းယုန်မျက်နှာ တို့ဖြစ်တယ်။+
၁၅ ခေရုဗိမ်တွေ တက်သွားတယ်။ သူတို့ဟာ ခေဗာမြစ်မှာ ကျွန်တော်တွေ့ခဲ့တဲ့ သတ္တဝါတွေပဲ။+ ၁၆ ခေရုဗိမ်တွေသွားတဲ့အခါ ဘီးတွေ အတူလိုက်သွားတယ်။ ခေရုဗိမ်တွေ အတောင်ဖြန့်ပြီး မြေပေါ်က တက်သွားတဲ့အခါ ဘီးတွေလည်း ဘေးကနေ ထက်ကြပ်မကွာ လိုက်သွားတယ်။+ ၁၇ သူတို့ရပ်တဲ့အခါ ဘီးတွေ လိုက်ရပ်တယ်။ သူတို့တက်သွားတဲ့အခါ ဘီးတွေလည်း အတူလိုက်တက်သွားတယ်။ သတ္တဝါတွေပေါ် သက်ရောက်နေတဲ့ စွမ်းအားတော်ဟာ ဘီးတွေပေါ်မှာလည်း သက်ရောက်နေလို့ပဲ။
၁၈ အဲဒီနောက် ယေဟောဝါရဲ့ ဘုန်းအသရေဟာ+ အိမ်တော်တံခါးခုံကနေ ထွက်ခွာပြီး ခေရုဗိမ်တို့အပေါ်မှာ တည်နေတယ်။+ ၁၉ ကျွန်တော်ကြည့်နေတုန်း ခေရုဗိမ်တွေ အတောင်ဖြန့်ပြီး မြေပေါ်ကနေ တက်သွားတယ်။ သူတို့သွားတဲ့အခါ ဘီးတွေ အတူလိုက်သွားတယ်။ သူတို့က ယေဟောဝါအိမ်တော်ရဲ့ အရှေ့ဘက်တံခါးပေါက်မှာ ရပ်နေတယ်။ အစ္စရေးတို့ဘုရားသခင်ရဲ့ ဘုန်းအသရေ သူတို့အပေါ်မှာ ရှိနေတယ်။+
၂၀ သူတို့ဟာ ခေဗာမြစ်မှာ၊ အစ္စရေးတို့ဘုရားသခင်ရဲ့ ရာဇပလ္လင်အောက်မှာ ကျွန်တော်တွေ့ခဲ့တဲ့ သတ္တဝါတွေပဲ။+ ဒါကြောင့် သူတို့ဟာ ခေရုဗိမ်တွေမှန်း ကျွန်တော် သိလိုက်တယ်။ ၂၁ လေးပါးစလုံးမှာ မျက်နှာလေးခု၊ အတောင်လေးခုစီ ရှိကြတယ်။ အတောင်အောက်မှာလည်း လူ့လက်သဏ္ဌာန် ရှိတယ်။+ ၂၂ သူတို့မျက်နှာဟာ ခေဗာမြစ်နားမှာ ကျွန်တော်တွေ့ခဲ့တဲ့ မျက်နှာတွေနဲ့ တစ်ပုံစံတည်းပဲ။+ ရှေ့တည့်တည့်ကိုပဲ သူတို့သွားကြတယ်။+
၁၁ စွမ်းအားတော်က ကျွန်တော့်ကို ချီဆောင်ပြီး ယေဟောဝါအိမ်တော်ရဲ့ အရှေ့တံခါး၊ အရှေ့အရပ်ဘက် မျက်နှာမူထားတဲ့ တံခါးဆီ ခေါ်သွားတယ်။+ တံခါးပေါက်မှာ လူ ၂၅ ယောက် ရှိနေတယ်။ သူတို့အလယ်မှာ မင်းညီမင်းသား အာဇုရရဲ့သား ယာဇညာနဲ့ ဗေနာယရဲ့သား ပေလတိကို ကျွန်တော် တွေ့တယ်။+ ၂ အဲဒီနောက် ဘုရားသခင် ပြောတာက– “လူသား၊ ဒီလူတွေဟာ မကောင်းကြံနေသူတွေ၊ မြို့သားတွေကို မကောင်းတဲ့အကြံဉာဏ် ပေးနေသူတွေပဲ။ ၃ သူတို့က ‘အခုအချိန်ဟာ အိမ်ဆောက်ရမယ့် အချိန်ပဲလေ။+ ဒီမြို့ဟာ* ဟင်းအိုး၊+ ကျုပ်တို့ဟာ အိုးထဲက အသားတွေပေါ့’ လို့ပြောနေကြတယ်။
၄ “ဒါကြောင့် သူတို့နဲ့ပတ်သက်ပြီး ပရောဖက်ပြုပါ။ လူသား၊ ပရောဖက်ပြုပါ။”+
၅ အဲဒီနောက် ယေဟောဝါရဲ့ စွမ်းအားတော် ကျွန်တော့်အပေါ် သက်ရောက်လာပြီး+ “မင်းပြောလိုက်ပါ။ ‘ယေဟောဝါ ပြောတာက “အစ္စရေးအမျိုး၊ မင်းတို့ပြောတာ မှန်တယ်။ မင်းတို့ ဘာတွေတွေးနေမှန်း ငါသိတယ်။ ၆ မင်းတို့ကြောင့် ဒီမြို့မှာ လူအများကြီး သေဆုံးရတယ်။ လမ်းတွေမှာ လူသေတွေ ပြည့်နေတယ်”’”+ လို့ပြောတယ်။ ၇ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက ‘ဒီမြို့ဟာ ဟင်းအိုး၊ မြို့ထဲမှာ မင်းတို့ဖြန့်ကြဲထားတဲ့ လူသေတွေဟာ အသားတွေပဲ။+ ဒါပေမဲ့ ဒီမြို့ထဲကနေ မင်းတို့ ဆွဲထုတ်ခံရလိမ့်မယ်။’”
၈ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– ‘ကြောက်စရာဓားဘေးကို+ မင်းတို့အပေါ် ငါကျရောက်စေမယ်။ ၉ မင်းတို့ကို ဒီမြို့ထဲကနေ ဆွဲထုတ်ပြီး တိုင်းတစ်ပါးသားတို့လက်ထဲ အပ်မယ်။ မင်းတို့ကို ငါတရားစီရင်မယ်။+ ၁၀ ဓားဘေးကြောင့် မင်းတို့ ကျဆုံးလိမ့်မယ်။+ အစ္စရေးနယ်စပ်မှာ မင်းတို့ကို ငါတရားစီရင်မယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့ သိရကြလိမ့်မယ်။+ ၁၁ ဒီမြို့ဟာ မင်းတို့အတွက် ဟင်းအိုးဖြစ်မှာ မဟုတ်ဘူး။ မင်းတို့လည်း အိုးထဲကအသားဖြစ်မှာ မဟုတ်ဘူး။ အစ္စရေးနယ်စပ်မှာ မင်းတို့ကို ငါတရားစီရင်မယ်။ ၁၂ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့သိရကြလိမ့်မယ်။ ငါ့စည်းမျဉ်းတွေအတိုင်း မင်းတို့ မလိုက်လျှောက်ကြဘူး။ ငါ့တရားစီရင်ချက်တွေအတိုင်း မလုပ်ဆောင်ကြဘူး။+ ပတ်ဝန်းကျင်လူမျိုးတွေရဲ့ တရားစီရင်ချက်တွေအတိုင်းပဲ လုပ်ဆောင်ကြတယ်။’”+
၁၃ ကျွန်တော် ပရောဖက်ပြုပြီးတာနဲ့ ဗေနာယရဲ့သား ပေလတိ သေဆုံးသွားတယ်။ ကျွန်တော်လည်း ပျပ်ဝပ်ပြီး “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ အစ္စရေးအကြွင်းအကျန်တွေကို အစတုံးဖျက်ဆီးတော့မှာလား”+ လို့ ပြောလိုက်တယ်။
၁၄ ယေဟောဝါက ကျွန်တော့်ကို ဆက်ပြောတယ်– ၁၅ “လူသား၊ ဂျေရုဆလင်မြို့သားတွေက ‘ယေဟောဝါဘုရားနဲ့ ဝေးဝေးနေပါ။ ဒီပြည်ဟာ ငါတို့ပြည်ပဲ။ ဒီပြည်ကို ငါတို့ အပိုင်ရထားတယ်’ ဆိုပြီး မင်းရဲ့ ညီအစ်ကိုတွေ၊ ပြန်ဝယ်ယူခွင့်ရှိတဲ့ ဆွေမျိုးသားချင်းတွေ၊ အစ္စရေးတစ်မျိုးလုံးကို ပြောနေကြတယ်။ ၁၆ ဒါကြောင့် ‘“သူတို့ကို ဝေးလံတဲ့လူမျိုးခြားတွေဆီ ငါနှင်ထုတ်မယ်။ တိုင်းပြည်အရပ်ရပ် ကွဲလွင့်စေမယ်။+ ဒါပေမဲ့ သူတို့ရောက်သွားတဲ့ တိုင်းပြည်တွေမှာ ငါဟာ သူတို့အတွက် တစ်ခဏတော့ သန့်ရှင်းရာဌာနတော် ဖြစ်လာမယ်။”+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ’ ဆိုပြီး ပြောပါ။
၁၇ “မင်းပြောရမှာက– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– “မင်းတို့ကို လူမျိုးခြားတွေဆီကနေ၊ ကွဲလွင့်ရာပြည်တွေကနေ ငါပြန်စုသိမ်းမယ်။ အစ္စရေးမြေကို မင်းတို့ကို ပေးမယ်။+ ၁၈ သူတို့ ပြန်လာပြီး တိုင်းပြည်မှာရှိတဲ့ ရွံမုန်းစရာတွေ၊ ရွံစရာအကျင့်တွေကို ဖယ်ရှားလိမ့်မယ်။+ ၁၉ အဲဒီနောက် သူတို့ကို စည်းလုံးညီညွတ်စေမယ်။+ သူတို့အထဲမှာ စိတ်သဘောသစ်ကို သွင်းပေးမယ်။+ သူတို့ဆီမှာရှိတဲ့ ကျောက်သားနှလုံးကို ဖယ်ရှားပြီး+ အသွေးအသားနှလုံး* ပေးမယ်။+ ၂၀ ဒါမှ သူတို့က ငါ့ဥပဒေတွေအတိုင်း လိုက်လျှောက်နိုင်မယ်။ ငါ့တရားစီရင်ချက်တွေကို စောင့်ထိန်းပြီး လိုက်နာနိုင်မယ်။ အဲဒီအခါ သူတို့ဟာ ငါ့လူတွေဖြစ်မယ်။ ငါလည်း သူတို့ရဲ့ဘုရားသခင် ဖြစ်မယ်။”’
၂၁ “‘“ဒါပေမဲ့ ရွံမုန်းစရာတွေ၊ ရွံစရာအကျင့်တွေ ဆက်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသူတွေကိုတော့ သူတို့လမ်းစဉ်ရဲ့ အကျိုးဆက်ကို ပြန်ခံစေမယ်။” ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။’”
၂၂ အဲဒီနောက် ခေရုဗိမ်တွေအတောင်ဖြန့်ပြီး တက်သွားတယ်။ ဘီးတွေလည်း ဘေးကနေ လိုက်သွားတယ်။+ အစ္စရေးတို့ ဘုရားသခင်ရဲ့ ဘုန်းအသရေဟာ သူတို့အပေါ်မှာ ရှိနေတယ်။+ ၂၃ ယေဟောဝါရဲ့ ဘုန်းအသရေဟာ+ မြို့ထဲကနေ တက်သွားပြီး မြို့အရှေ့ဘက် တောင်ပေါ်မှာ ရပ်သွားတယ်။+ ၂၄ ဘုရားသခင်ရဲ့ စွမ်းအားတော်ကြောင့် မြင်ရတဲ့ စိတ်အာရုံမှာ စွမ်းအားတော်က ကျွန်တော့်ကို ချီဆောင်ပြီး ခါလဒဲပြည်မှာရှိတဲ့ ပြည်နှင်ခံတွေဆီ ပြန်ခေါ်လာတယ်။ အဲဒီနောက် ကျွန်တော်မြင်ရတဲ့ စိတ်အာရုံ ကွယ်ပျောက်သွားတယ်။ ၂၅ ကျွန်တော်လည်း ယေဟောဝါ ပြခဲ့တာတွေကို ပြည်နှင်ခံတွေဆီ ပြောပြလိုက်တယ်။
၁၂ ယေဟောဝါက ကျွန်တော့်ကို မိန့်မှာတယ်– ၂ “လူသား၊ မင်းဟာ ပုန်ကန်တတ်တဲ့ အမျိုးထဲမှာ နေထိုင်တယ်။ သူတို့ဟာ မျက်စိရှိပေမဲ့ မမြင်ကြဘူး။ နားရှိပေမဲ့ မကြားကြဘူး။+ ပုန်ကန်တတ်တဲ့အမျိုးပဲ။+ ၃ လူသား၊ ပြည်နှင်ခံရသူလို ထွက်သွားဖို့ အထုပ်အပိုးပြင်ပါ။ ပြီးတော့ သူတို့ကြည့်နေတုန်း ပြည်နှင်ခံရသူလို နေ့အချိန်မှာ ထွက်သွားပါ။ သူတို့ကြည့်နေတုန်း အိမ်ကနေ တခြားနေရာကို ထွက်သွားပါ။ သူတို့ဟာ ပုန်ကန်တတ်တဲ့ အမျိုးဖြစ်ပေမဲ့ သတိပြုမိကောင်း ပြုမိလိမ့်မယ်။ ၄ သူတို့ကြည့်နေတုန်း ပြည်နှင်ခံရသူလို ထွက်သွားဖို့ မင်းပြင်ထားတဲ့ အထုပ်အပိုးကို နေ့အချိန်မှာ ထုတ်လာပါ။ ညနေစောင်းမှာ သူတို့ကြည့်နေတုန်း ပြည်နှင်ခံရသူလို ထွက်သွားပါ။+
၅ “သူတို့ကြည့်နေတုန်း နံရံမှာအပေါက်ဖောက်ပြီး မင်းရဲ့ပစ္စည်းတွေကို သယ်ထုတ်ပါ။+ ၆ သူတို့ကြည့်နေတုန်း မင်းရဲ့ပစ္စည်းတွေကို ထမ်းပြီး အမှောင်ထဲမှာ ထွက်သွားပါ။ မြေကို မမြင်ရအောင် မျက်နှာကို ဖုံးထားပါ။ ငါက မင်းကို အစ္စရေးအမျိုးအတွက် နိမိတ်ဖြစ်စေမယ်။”+
၇ ဒါနဲ့ ကျွန်တော်လည်း မိန့်မှာတဲ့အတိုင်း လုပ်တယ်။ ပြည်နှင်ခံရသူလို ထွက်သွားဖို့ ပြင်ထားတဲ့ အထုပ်အပိုးကို နေ့အချိန်မှာ ထုတ်လာတယ်။ ညနေစောင်းမှာ နံရံကို လက်နဲ့ဖောက်တယ်။ မှောင်လာတဲ့အခါ အထုပ်အပိုးကို သယ်ထုတ်ပြီး သူတို့ရှေ့မှာပဲ ထမ်းသွားတယ်။
၈ မနက်ရောက်တော့ ယေဟောဝါဘုရားက ကျွန်တော့်ကို ပြောတယ်– ၉ “လူသား၊ ပုန်ကန်တတ်တဲ့ အစ္စရေးအမျိုးက ‘မင်း ဘာလုပ်နေတာလဲ’ လို့မေးကြတယ် မဟုတ်လား။ ၁၀ သူတို့ကို ပြောရမှာက ‘“ဒီသတင်းစကားဟာ ဂျေရုဆလင်မှာရှိတဲ့ ခေါင်းဆောင်နဲ့ရော+ မြို့ထဲမှာရှိတဲ့ အစ္စရေးတစ်မျိုးလုံးနဲ့ပါ သက်ဆိုင်တယ်။” ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။’
၁၁ “မင်းဟာ နိမိတ်ပဲ။+ မင်းလုပ်ပြတဲ့အတိုင်း သူတို့ကြုံရမယ်။ သူတို့ ပြည်နှင်ခံရပြီး သုံ့ပန်းဘဝ ရောက်သွားမယ်။+ ၁၂ သူတို့ခေါင်းဆောင်က ပစ္စည်းတွေကို ထမ်းပြီး အမှောင်ထဲမှာ ထွက်သွားရလိမ့်မယ်။ နံရံကို ဖောက်ပြီး ပစ္စည်းတွေကို သယ်ထုတ်ရလိမ့်မယ်။+ မြေကို မမြင်ရအောင် မျက်နှာကို ဖုံးထားလိမ့်မယ်။ ၁၃ ငါက သူ့ကို ပိုက်ကွန်နဲ့ အုပ်မှာဖြစ်လို့ သူမိသွားမယ်။+ အဲဒီနောက် သူ့ကို ခါလဒဲပြည်၊ ဗာဗုလုန်ကို ခေါ်သွားမယ်။ ဒါပေမဲ့ အဲဒီပြည်ကို သူမြင်ရမှာ မဟုတ်ဘူး။ အဲဒီမှာပဲ သေဆုံးသွားမယ်။+ ၁၄ ပတ်ဝန်းကျင်လူတွေ၊ သူ့ကိုကူညီပေးသူတွေ၊ သူ့စစ်တပ်တွေကို အရပ်ရပ် ကွဲလွင့်စေမယ်။+ ဓားကို ဆွဲထုတ်ပြီး နောက်ကနေ လိုက်ခိုင်းမယ်။+ ၁၅ သူတို့ကို လူမျိုးခြားတွေအလယ်မှာ၊ တိုင်းပြည်တွေအလယ်မှာ ကွဲလွင့်စေတဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့ သိရကြလိမ့်မယ်။ ၁၆ ဒါပေမဲ့ တချို့ကိုတော့ ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးကနေ လွတ်မြောက်စေမယ်။ ဒါမှ သူတို့ကျင့်ခဲ့တဲ့ ရွံစရာအကျင့်တွေကို သူတို့ရောက်သွားမယ့် လူမျိုးတွေအလယ်မှာ ပြောပြနိုင်လိမ့်မယ်။ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့ သိရကြလိမ့်မယ်။”
၁၇ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၁၈ “လူသား၊ မင်းက အစာကို ကြောက်ကြောက်နဲ့ စားပါ။ ရေကိုလည်း စိုးရိမ်ချောက်ချားတဲ့စိတ်နဲ့ သောက်ပါ။+ ၁၉ ပြီးတော့ ပြည်သူပြည်သားတွေကို ပြောလိုက်– ‘အစ္စရေးပြည်မှာရှိတဲ့ ဂျေရုဆလင်မြို့သူမြို့သားတွေကို အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– “သူတို့ဟာ အစာကို စိုးရိမ်တကြီးနဲ့ စားပြီး ရေကို ကြောက်ကြောက်နဲ့ သောက်ရလိမ့်မယ်။ ပြည်သားတွေရဲ့ အကြမ်းဖက်မှုကြောင့်+ တိုင်းပြည်ဟာ လူသူကင်းမဲ့သွားမယ်။+ ၂၀ လူနေထိုင်ရာမြို့တွေ ဖျက်ဆီးခံရမယ်။ တိုင်းပြည်ဟာ လွင်တီးခေါင် ဖြစ်သွားမယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့ သိရကြလိမ့်မယ်။”’”+
၂၁ ယေဟောဝါက ကျွန်တော့်ကို ဆက်ပြောတယ်– ၂၂ “လူသား၊ ‘နေ့တွေသာ ကုန်သွားတယ်။ စိတ်အာရုံတစ်ခုမှ တကယ်ဖြစ်မလာဘူး’ ဆိုတဲ့ ဆိုရိုးစကားကို အစ္စရေးပြည်မှာ ဘာလို့ပြောနေကြတာလဲ။+ ၂၃ ‘“ဒီဆိုရိုးစကားကို ငါပပျောက်စေမယ်။ အစ္စရေးပြည်မှာ ဒီဆိုရိုးစကားကို ပြောကြတော့မှာ မဟုတ်ဘူး။” ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ’ ဆိုပြီး သူတို့ကို ပြောလိုက်ပါ။ ‘အဲဒီနေ့တွေ နီးလာပြီ။+ စိတ်အာရုံမှန်သမျှ ပြည့်စုံတော့မယ်’ လို့လည်း ပြောလိုက်ပါ။ ၂၄ အစ္စရေးအမျိုးမှာ မဟုတ်မမှန်တဲ့ စိတ်အာရုံတွေ၊ နတ်ဆိုးပညာနဲ့ မြှောက်ပင့်ဟောတာတွေ ရှိတော့မှာ မဟုတ်ဘူး။+ ၂၅ ‘“ငါယေဟောဝါ ပြောမယ်။ ပြောသမျှ မနှောင့်နှေးဘဲ ပြည့်စုံလာမယ်။+ ပုန်ကန်တတ်တဲ့အမျိုး၊ မင်းတို့လက်ထက်မှာ+ ငါပြောမယ်။ ပြောတဲ့အတိုင်း လုပ်မယ်။” ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။’”
၂၆ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂၇ “လူသား၊ အစ္စရေးတွေက ‘သူမြင်တဲ့စိတ်အာရုံ ပြည့်စုံဖို့ အဝေးကြီး လိုပါသေးတယ်။ ဟိုးအနာဂတ်အကြောင်း သူပရောဖက်ပြုနေတာပါ’ လို့ မင်းနဲ့ပတ်သက်ပြီး ပြောကြတယ်။+ ၂၈ ဒါကြောင့် ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– “‘ငါပြောသမျှ မနှောင့်နှေးဘဲ ပြည့်စုံလာမယ်။ ပြောသမျှ ပြည့်စုံလာမယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ”’ ဆိုပြီး သူတို့ကို ပြောပါ။”
၁၃ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “အို လူသား၊ အစ္စရေးပရောဖက်တွေနဲ့ပတ်သက်ပြီး ပရောဖက်ပြုပါ။+ လုပ်ကြံဖန်တီးပြီး ပရောဖက်ပြုနေသူတွေကို ပြောလိုက်–+ ‘ယေဟောဝါရဲ့စကားကို နားထောင်ကြ။ ၃ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ဘာစိတ်အာရုံမှ မမြင်ဘဲနဲ့ ကိုယ့်သဘောအတိုင်း ဟောနေတဲ့ မိုက်မဲတဲ့ပရောဖက်တွေ အဖြစ်ဆိုးကြုံရမယ်။+ ၄ အို အစ္စရေး၊ မင်းရဲ့ ပရောဖက်တွေဟာ အပျက်အယွင်းပုံတွေကြားက မြေခွေးတွေနဲ့ တူတယ်။ ၅ သူတို့က ကျောက်မြို့ရိုး အပြိုအပျက်တွေဆီ သွားပြီး အဲဒါတွေကို အစ္စရေးအမျိုးအတွက် ပြန်တည်ဆောက်ပေးမှာ မဟုတ်ဘူး။+ ဒါကြောင့် ယေဟောဝါရဲ့နေ့မှာ အစ္စရေးတွေ တိုက်ပွဲကျသွားလိမ့်မယ်။”+ ၆ “သူတို့က မဟုတ်မမှန်တဲ့ စိတ်အာရုံတွေမြင်ပြီး အလိမ်အညာတွေ ဟောတယ်။ ယေဟောဝါ မစေလွှတ်ဘဲနဲ့ ‘ယေဟောဝါမိန့်မှာတယ်’ လို့ပြောပြီး ပြောတဲ့အတိုင်း ဖြစ်လာဖို့ စောင့်နေတယ်။+ ၇ မင်းတို့မြင်တာဟာ မဟုတ်မမှန်တဲ့ စိတ်အာရုံပဲ။ ငါဘာမှမပြောဘဲနဲ့ ‘ယေဟောဝါမိန့်မှာတယ်’ ဆိုပြီး ဟောတာဟာ လိမ်ညာတာပဲ။”’
၈ “‘ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “‘မင်းတို့ မဟုတ်မမှန်တာတွေ ပြောတဲ့အတွက်၊ မင်းတို့ရဲ့ စိတ်အာရုံတွေဟာ အလိမ်အညာတွေဖြစ်တဲ့အတွက် မင်းတို့ကို ငါတိုက်ခိုက်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။”+ ၉ မဟုတ်မမှန်တဲ့ စိတ်အာရုံတွေ မြင်ပြီး အလိမ်အညာတွေ ဟောတဲ့ ပရောဖက်တွေကို ငါ့လက်ရုံးနဲ့ တိုက်ခိုက်မယ်။+ သူတို့ဟာ ငါယုံရတဲ့သူတွေထဲမှာ မပါဘူး။ အစ္စရေးအမျိုးရဲ့စာရင်းထဲမှာ ရေးမှတ်ခံရမှာ မဟုတ်ဘူး။ အစ္စရေးပြည်ကို ပြန်လာရမှာ မဟုတ်ဘူး။ ငါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပဲဆိုတာ သိရလိမ့်မယ်။+ ၁၀ ငြိမ်သက်ခြင်း မရှိဘဲနဲ့ “ငြိမ်သက်ခြင်း ရှိတယ်” ဆိုပြီး ငါ့လူတွေကို လမ်းလွဲအောင် လုပ်တဲ့အတွက် သူတို့ အဲဒီလိုကြုံရလိမ့်မယ်။+ သူတို့က ကျိုးပဲ့လွယ်တဲ့နံရံနဲ့ ကာပြီး ထုံးဖြူသုတ်ကြတယ်။’*+
၁၁ “အဲဒီနံရံ ပြိုကျသွားမယ်လို့ ထုံးဖြူသုတ်တဲ့သူတွေကို ပြောလိုက်ပါ။ မိုးတွေ သဲကြီးမဲကြီးရွာပြီး မိုးသီးတွေ ကျလိမ့်မယ်။ လေပြင်းမုန်တိုင်းကြောင့် နံရံပြိုကျသွားလိမ့်မယ်။+ ၁၂ နံရံပြိုကျသွားတဲ့အခါ ‘မင်းတို့သုတ်ထားတဲ့ ထုံးဖြူတွေ ဘယ်ရောက်ကုန်ပြီလဲ’ လို့ လူတွေမေးကြလိမ့်မယ်။+
၁၃ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ငါက ဒေါသနဲ့ လေပြင်းမုန်တိုင်း တိုက်စေမယ်။ စိတ်ဆိုးဆိုးနဲ့ မိုးတွေ သဲကြီးမဲကြီး ရွာစေမယ်။ ဖျက်ဆီးခြင်းဒေါသနဲ့ မိုးသီးတွေ ကျစေမယ်။ ၁၄ မင်းတို့ ထုံးဖြူသုတ်ထားတဲ့ မြို့ရိုးကို မြေပေါ် ပြားပြားဝပ်အောင် ငါဖြိုချမယ်။ အုတ်မြစ်တွေကို လှန်ပစ်မယ်။ မြို့ပြိုကျသွားတဲ့အခါ မင်းတို့လည်း မြို့ထဲမှာ သေဆုံးသွားလိမ့်မယ်။ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့ သိရကြလိမ့်မယ်။’
၁၅ “‘ငါက မြို့ရိုးအပေါ်၊ မြို့ရိုးကို ထုံးဖြူသုတ်သူတွေအပေါ် ဒေါသကို အကုန်အစင် ဖွင့်ချမယ်။ “မြို့ရိုး မရှိတော့ဘူး။ မြို့ရိုးကို ထုံးဖြူသုတ်သူတွေလည်း မရှိတော့ဘူး။+ ၁၆ ငြိမ်သက်ခြင်း မရှိဘဲနဲ့ ငြိမ်သက်ခြင်းနဲ့ဆိုင်တဲ့ စိတ်အာရုံကို မြင်ပြီး ဂျေရုဆလင်မြို့အကြောင်း ပရောဖက်ပြုတဲ့ အစ္စရေးပရောဖက်တွေ မရှိတော့ဘူး”+ လို့ ငါပြောမယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၁၇ “လူသား၊ လုပ်ကြံဖန်တီးပြီး ပရောဖက်ပြုတဲ့ မင်းရဲ့လူမျိုးသမီးပျိုတွေကို ဆန့်ကျင်ပါ။ သူတို့ကိုဆန့်ကျင်ပြီး ပရောဖက်ပြုပါ။ ၁၈ သူတို့ကို ပြောလိုက်– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “လူ့အသက်ကို ထောင်ဖမ်းဖို့ လက်ပတ်ကြိုး* ချုပ်တဲ့ မိန်းမတွေ၊ ခေါင်းခြုံ ဇာပဝါ အရွယ်အစားမျိုးစုံလုပ်တဲ့ မိန်းမတွေဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။ မင်းတို့က ငါ့လူတွေရဲ့ အသက်ကို ထောင်ဖမ်းပြီး ကိုယ်တိုင်ကျတော့ အသက်ဆက်ရှင်ဖို့ ကြိုးစားနေတာလား။ ၁၉ မုယောဆန် လက်တစ်ဆုပ်၊ မုန့်တစ်ဖဲ့စာရဖို့ ငါ့လူတွေအလယ်မှာ ငါ့ကို ကဲ့ရဲ့ရှုတ်ချမလို့လား။+ မုသာစကား နားထောင်တဲ့ ငါ့လူတွေကို မုသာစကားပြောပြီး မသေသင့်သူတွေ သေအောင်၊ သေသင့်သူတွေ အသက်ဆက်ရှင်အောင် လုပ်မလို့လား။”’+
၂၀ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မိန်းမတို့၊ လူတွေကို ငှက်လို ထောင်ဖမ်းဖို့ မင်းတို့သုံးနေတဲ့ လက်ပတ်ကြိုးတွေကို ငါဖျက်ဆီးမယ်၊ မင်းတို့ရဲ့လက်ကနေ ဆွဲဖြုတ်မယ်။ ငှက်လို မင်းတို့ ထောင်ဖမ်းနေတဲ့သူတွေကို ငါလွှတ်ပေးမယ်။ ၂၁ မင်းတို့ရဲ့ဇာပဝါတွေကို ဆွဲဆုတ်ပြီး ငါ့လူတွေကို မင်းတို့လက်ကနေ ကယ်မယ်။ သူတို့ကို ထောင်ဖမ်းလို့ ရတော့မှာ မဟုတ်ဘူး။ ငါဟာ ယေဟောဝါဖြစ်မှန်း မင်းတို့ သိရကြလိမ့်မယ်။+ ၂၂ ငါက ဖြောင့်မတ်သူကို စိတ်ညစ်အောင် မလုပ်ပေမဲ့ မင်းတို့ကတော့ မုသာစကားတွေနဲ့ စိတ်ပျက်အောင်လုပ်တယ်။+ လူဆိုးကို မင်းတို့ အားပေးအားမြှောက် လုပ်နေတော့+ သူက မကောင်းတဲ့လမ်းစဉ်ကို စွန့်ပြီး အသက်ဆက်ရှင်ဖို့ မကြိုးစားတော့ဘူး။+ ၂၃ ဒါကြောင့် မိန်းမတို့၊ မဟုတ်မမှန်တဲ့ စိတ်အာရုံတွေ မင်းတို့မြင်တော့မှာ မဟုတ်ဘူး။ နတ်ဆိုးပညာနဲ့ ဟောနိုင်တော့မှာ မဟုတ်ဘူး။+ ငါ့လူတွေကို မင်းတို့လက်ထဲကနေ ငါကယ်မယ်။ ငါဟာ ယေဟောဝါပဲဆိုတာ သိရကြလိမ့်မယ်။’”
၁၄ အစ္စရေးအကြီးအကဲတချို့ ကျွန်တော့်ရှေ့မှာ လာထိုင်တယ်။+ ၂ အဲဒီအခါ ယေဟောဝါက ကျွန်တော့်ကိုပြောတယ်– ၃ “လူသား၊ ဒီလူတွေဟာ ရွံမုန်းဖွယ်ရုပ်တုတွေနောက်* လိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ လူတွေ အပြစ်ကျူးလွန်အောင် ဆူးငြောင့်ခလုတ် ချထားတယ်။ ဒါကြောင့် သူတို့ လာမေးတိုင်း ငါဖြေရမှာလား။+ ၄ သူတို့ကို ပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အစ္စရေးတစ်ယောက်က ရွံမုန်းဖွယ်ရုပ်တုတွေနောက် လိုက်ဖို့ စိတ်ပိုင်းဖြတ်ပြီး လူတွေ အပြစ်ကျူးလွန်အောင် ဆူးငြောင့်ခလုတ် ချထားလျက်နဲ့ ပရောဖက်ဆီ လာမေးမြန်းတယ်ဆိုရင် ငါယေဟောဝါက သူ့ရဲ့ ရွံမုန်းဖွယ်ရုပ်တုတွေ များရင်များသလောက် ခံထိုက်တဲ့ပြစ်ဒဏ်ပေးမယ်။ ၅ ငါ့ကိုစွန့်ခွာပြီး ရွံမုန်းဖွယ်ရုပ်တုတွေနောက် လိုက်တဲ့အတွက် အစ္စရေးအမျိုးကို ကြောက်စိတ်ဝင်စေမယ်။”’+
၆ “အစ္စရေးအမျိုးကို ပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ရွံမုန်းဖွယ်ရုပ်တုတွေကို စွန့်ပြီး ပြန်လာကြပါ။ ရွံစရာအကျင့်တွေကို ကျောခိုင်းကြ။+ ၇ အစ္စရေးဖြစ်စေ၊ အစ္စရေးပြည်မှာနေထိုင်တဲ့ တိုင်းတစ်ပါးသားဖြစ်စေ ငါ့ကိုစွန့်ခွာပြီး ရွံမုန်းဖွယ်ရုပ်တုတွေနောက် လိုက်ဖို့ စိတ်ပိုင်းဖြတ်ထားလျက်နဲ့၊ လူတွေ အပြစ်ကျူးလွန်အောင် ဆူးငြောင့်ခလုတ် ချထားလျက်နဲ့ ငါ့ပရောဖက်ဆီ လာမေးမြန်းတယ်ဆိုရင်+ ငါယေဟောဝါကိုယ်တိုင် သူ့ကိုပြန်ဖြေမယ်။ ၈ သူ့ကို ငါငြင်းပယ်မယ်။ သတိပေးပုံနမူနာနဲ့ ဆိုရိုးစကားဖွဲ့စရာ ဖြစ်စေမယ်။ ငါ့လူတွေထဲကနေ သူ့ကို ပယ်ရှင်းမယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့ သိရကြလိမ့်မယ်။”’
၉ “‘ဒါပေမဲ့ ပရောဖက်ဟာ လှည့်စားခံရပြီး ဟောတယ်ဆိုရင် အဲဒီပရောဖက်ကို လှည့်စားသူဟာ ငါယေဟောဝါပဲ။+ လက်ကိုဆန့်ပြီး ငါ့လူမျိုး အစ္စရေးတွေထဲကနေ သူ့ကို ပယ်ရှင်းမယ်။ ၁၀ မေးမြန်းသူရဲ့အပြစ်ဟာ ပရောဖက်ရဲ့အပြစ်နဲ့ အတူတူပဲ။ အပြစ်ရဲ့ အကျိုးဆက်ကို သူတို့ခံရမယ်။ ၁၁ ဒါမှ အစ္စရေးအမျိုးက ငါ့ဆီကနေ လမ်းလွဲတော့မှာ မဟုတ်ဘူး။ အပြစ်ကျူးလွန်ပြီး ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေတော့မှာ မဟုတ်ဘူး။ သူတို့ဟာ ငါ့လူတွေဖြစ်မယ်။ ငါကလည်း သူတို့ရဲ့ ဘုရားသခင်ဖြစ်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၁၂ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၁၃ “လူသား၊ တိုင်းပြည်တစ်ပြည်ဟာ ငါ့အပေါ် သစ္စာမဲ့ပြီး ပြစ်မှားတယ်ဆိုရင် ငါ့လက်ကိုဆန့်ပြီး တိုင်းပြည်ရဲ့ စားနပ်ရိက္ခာကို* ဖျက်ဆီးမယ်။+ အငတ်ဘေး ကျရောက်စေပြီး+ လူနဲ့တိရစ္ဆာန်တွေကို ပယ်ရှင်းမယ်။”+ ၁၄ “‘အဲဒီပြည်မှာ နောဧ၊+ ဒံယေလ၊+ ယောဘတို့+ ရှိနေရင်တောင် သူတို့ဟာ ကိုယ့်ဖြောင့်မတ်မှုကြောင့် ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်လိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။”
၁၅ “‘ငါက ကြမ်းကြုတ်တဲ့သားရဲတွေ လွှတ်ပြီး ကိုက်သတ်စေတဲ့အတွက် တိုင်းပြည်မှာ လူဦးရေ လျော့နည်းသွားမယ်၊ ဖြတ်သန်းသွားလာသူ မရှိတဲ့အထိ လွင်တီးခေါင် ဖြစ်သွားမယ် ဆိုပါစို့။+ ၁၆ အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ တိုင်းပြည်မှာ အဲဒီလူသုံးယောက် ရှိနေရင်တောင် သူတို့ဟာ ကိုယ့်သားသမီးကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်လိမ့်မယ်။ တိုင်းပြည်ဟာ လူသူကင်းမဲ့သွားလိမ့်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၁၇ “‘ငါက “တိုင်းပြည်မှာ ဓားဘေးသင့်စေ”+ လို့ပြောပြီး ဓားဘေးကျရောက်စေတဲ့အတွက် လူနဲ့တိရစ္ဆာန်တွေ သေဆုံးကုန်တယ် ဆိုပါစို့။+ ၁၈ အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ တိုင်းပြည်မှာ အဲဒီလူသုံးယောက် ရှိနေရင်တောင် သူတို့ဟာ ကိုယ့်သားသမီးကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်လိမ့်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၁၉ “‘ငါက တိုင်းပြည်မှာ ကပ်ရောဂါဘေး ကျရောက်စေမယ်၊+ လူနဲ့တိရစ္ဆာန်တွေ သေကျေပျက်စီးသွားအောင် ငါ့ဒေါသကို သွန်းလောင်းမယ် ဆိုပါစို့။ ၂၀ အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ တိုင်းပြည်မှာ နောဧ၊+ ဒံယေလ၊+ ယောဘတို့+ ရှိနေရင်တောင် သူတို့ဟာ ကိုယ့်သားသမီးကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ဖြောင့်မတ်မှုကြောင့် ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်လိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၂၁ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ငါက ဂျေရုဆလင်မြို့ကနေ လူနဲ့တိရစ္ဆာန်တွေကို ပယ်ရှင်းဖို့+ ဓားဘေး၊ အငတ်ဘေး၊ ကြမ်းကြုတ်တဲ့ သားရဲဘေးနဲ့ ကပ်ရောဂါဘေးဆိုတဲ့+ ပြစ်ဒဏ်လေးမျိုးကို+ စေလွှတ်တဲ့အခါ အဲဒီအတိုင်းပဲ ဖြစ်လာလိမ့်မယ်။ ၂၂ ဒါပေမဲ့ လူတချို့က သားသမီးတွေနဲ့အတူ လွတ်မြောက်ပြီး ခေါ်ထုတ်ခံရလိမ့်မယ်။+ မင်းတို့ဆီ ရောက်လာကြလိမ့်မယ်။ သူတို့ရဲ့လမ်းစဉ်တွေ၊ အကျင့်တွေကို မင်းတို့သိလာတဲ့အခါ ဂျေရုဆလင်မြို့အပေါ် ငါလုပ်ခဲ့တာ၊ ဘေးဆိုး ကျရောက်စေခဲ့တာနဲ့ပတ်သက်ပြီး မင်းတို့ ဖြေသာကြလိမ့်မယ်။’”
၂၃ “‘သူတို့ရဲ့ လမ်းစဉ်တွေ၊ အကျင့်တွေကို မင်းတို့သိလာတဲ့အခါ ဖြေသာကြလိမ့်မယ်။ ဂျေရုဆလင်မြို့ကို ငါဒဏ်ခတ်ခဲ့တာဟာ အကြောင်းမဲ့ မဟုတ်မှန်း မင်းတို့ သိရလိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၁၅ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ စပျစ်ပင်ဟာ တခြားတောသစ်ပင်တွေ၊ သစ်ကိုင်းတွေနဲ့ ဘာများကွာခြားလို့လဲ။ ၃ စပျစ်သားနဲ့ တစ်ခုခုလုပ်လို့ ရလို့လား။ ပစ္စည်းချိတ်ဖို့ ချိတ်ကို စပျစ်သားနဲ့ လုပ်လို့ရသလား။ ၄ လူတွေက စပျစ်ပင်ကို မီးဆိုက်ကြတယ်။ အရင်းအဖျားပါမကျန် အကုန်မီးလောင်သွားတယ်။ ဒီတော့ ဘာအသုံးဝင်သေးလို့လဲ။ ၅ မီးမဆိုက်ခင်မှာတောင် အသုံးမဝင်ဘူးဆိုရင် မီးလောင်ကျွမ်းပြီးတဲ့နောက် ပိုဆိုးမှာပေါ့။”
၆ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘တောသစ်ပင်တွေထဲမှာ စပျစ်ပင်ကို မီးဆိုက်သလို ဂျေရုဆလင်မြို့သားတွေကိုလည်း အဲဒီအတိုင်း လုပ်မယ်။+ ၇ သူတို့ကို ငါဒဏ်ပေးမယ်။ မီးထဲကနေ သူတို့လွတ်မြောက်ပေမဲ့ လောင်ကျွမ်းခံရဦးမှာပဲ။ သူတို့ကို ဒဏ်ပေးတဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ သိရကြလိမ့်မယ်။’”+
၈ “‘သူတို့ သစ္စာမဲ့တဲ့အတွက်+ တိုင်းပြည်ကို လူသူကင်းမဲ့စေမယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။”
၁၆ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ ဂျေရုဆလင်မြို့ကို သူ့ရဲ့ ရွံစရာအကျင့်တွေအကြောင်း အသိပေးလိုက်ပါ။+ ၃ မင်း ပြောရမှာက ‘ဂျေရုဆလင်မြို့ကို အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတယ်– “ခါနန်ပြည်ဟာ မင်းရဲ့ ဇာတိ၊ မွေးရပ်မြေပဲ။ မင်းရဲ့ဖခင်က အာမောရိလူမျိုး၊+ မိခင်က ဟိတ္တိလူမျိုးပေါ့။+ ၄ မင်းမွေးလာတုန်းက ချက်ကြိုး မဖြတ်ထားဘူး။ ရေချိုးပေးပြီး သန့်စင်အောင် မလုပ်ထားဘူး။ ဆားနဲ့မပွတ်ထားဘူး။ အနှီးနဲ့ မပတ်ထားဘူး။ ၅ မင်းကို သနားစာနာပြီး ပြုစုပေးမယ့်သူ မရှိဘူး။ မင်းကိုမုန်းလို့ လယ်ကွင်းထဲမှာ ပစ်ထားကြတယ်။
၆ “‘“ငါဖြတ်လျှောက်လာရင်း သွေးအလိမ်းလိမ်းနဲ့ ကန်ကျောက်နေတဲ့ မင်းကို မြင်တဲ့အခါ ‘အသက်ဆက်ရှင်ပါ’ လို့ငါပြောခဲ့တယ်။ သွေးထဲမှာလူးနေတဲ့ မင်းကို ‘အသက်ဆက်ရှင်ပါ’ လို့ ငါပြောခဲ့တာပေါ့။ ၇ လယ်ထဲကအပင်တွေလို မင်းကို ရှင်သန်ကြီးပွားစေတယ်။ မင်းဟာ ကြီးထွားဖွံ့ဖြိုးလာပြီး အကောင်းစား အဆင်တန်ဆာတွေ ဝတ်ဆင်ရတယ်။ ရင်သားပြည့်ဖြိုးပြီး ဆံပင် သန်စွမ်းလာတယ်။ ဒါပေမဲ့ အဝတ်ဗလာ ဖြစ်နေတုန်းပဲ။”’
၈ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ငါဖြတ်လျှောက်လာရင်း မင်းဟာ ချစ်တတ်စအရွယ် ရောက်နေမှန်း ငါသတိထားမိတဲ့အတွက် အဝတ်ဗလာဖြစ်နေတဲ့ မင်းကို ဝတ်ရုံခြုံပေးခဲ့တယ်။+ မင်းနဲ့ကတိသစ္စာပြုပြီး ပဋိညာဉ်ဖွဲ့ခဲ့တယ်။ မင်းကို ငါပိုင်သွားပြီ။ ၉ အဲဒီအပြင် မင်းကို သွေးတွေ စင်အောင် ရေချိုးပေးတယ်။ ဆီလိမ်းပေးတယ်။+ ၁၀ ပန်းထိုးထည် ဝတ်ဆင်ပေးတယ်။ အကောင်းစား သားရေဖိနပ် စီးပေးတယ်။ ချည်ချောထည် ခြုံပေးတယ်။ စျေးကြီးတဲ့အဝတ် ဆင်မြန်းပေးတယ်။ ၁၁ အလှတန်ဆာ ဆင်မြန်းပေးတယ်။ လက်ကောက်တွေ၊ ဆွဲကြိုးတွေ ဝတ်ဆင်ပေးတယ်။ ၁၂ နှာကွင်းနဲ့ နားဆွဲကိုလည်း ဆင်ပေးတယ်။ လှပတဲ့သရဖူ ဆောင်းပေးတယ်။ ၁၃ ဒီလိုနဲ့ မင်းဟာ ရွှေငွေတွေ ဆင်မြန်းရတယ်။ ချည်ချောထည်၊ စျေးကြီးတဲ့အထည်၊ ပန်းထိုးထည်တွေ ဝတ်ဆင်ရတယ်။ ဂျုံနု၊ ပျားရည်၊ ဆီကို စားသုံးရတယ်။ လှသွေးကြွယ်ပြီး+ ဘုရင်မဖြစ်ထိုက်တဲ့ အခြေအနေကို ရောက်လာတယ်။’”
၁၄ “‘မင်းရဲ့အလှကြောင့် လူမျိုးတွေကြားမှာ ဂုဏ်သတင်းမွှေးလာတယ်။+ မင်းကို ငါ့ရဲ့ခမ်းနားမြင့်မြတ်မှု ပေးထားလို့ မင်းအလှဟာ ပြစ်မျိုးမှဲ့မထင် ဖြစ်နေတယ်’+ လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်။”
၁၅ “‘ဒါပေမဲ့ မင်းဟာ အလှမာန်ယစ်ပြီး+ ဂုဏ်သတင်းကြီးလာတဲ့အတွက် ပြည့်တန်ဆာ ဖြစ်လာတယ်။+ လမ်းသွားလမ်းလာမှန်သမျှနဲ့ ပြည့်တန်ဆာလုပ်တယ်။+ မင်းရဲ့အလှဟာ သူတို့အတွက်ပဲ ဖြစ်သွားပြီ။ ၁၆ မင်းဟာ အဝတ်အစားတချို့ ယူပြီး အထွတ်အမြတ်နေရာတွေကို ရောင်စုံဖြစ်အောင် အလှဆင်တယ်။ အဲဒီမှာ ပြည့်တန်ဆာလုပ်တယ်။+ ဒါဟာ လုံးဝ မဖြစ်သင့်၊ မဖြစ်ထိုက်ဘူး။ ၁၇ ငါပေးတဲ့ ရွှေငွေနဲ့လုပ်ထားတဲ့ လက်ဝတ်လက်စား လှလှလေးတွေ ယူပြီး ယောက်ျားပုံရုပ်တုတွေ လုပ်တယ်။ ပြီးတော့ အဲဒီရုပ်တုတွေနဲ့ မှားယွင်းတယ်။+ ၁၈ ပန်းထိုးထည်တွေ ယူပြီး ရုပ်တုတွေကို ခြုံပေးတယ်။ ငါ့ပေးတဲ့ဆီတွေ၊ နံ့သာပေါင်းတွေကို ရုပ်တုရှေ့မှာ ပူဇော်တယ်။+ ၁၉ မင်းစားဖို့ ငါပေးထားတဲ့ ဂျုံနု၊ ဆီ၊ ပျားရည်တွေသုံးပြီး လုပ်ထားတဲ့မုန့်ကို ရုပ်တုရှေ့မှာ မွှေးကြိုင်တဲ့ရနံ့ထွက်အောင် ပူဇော်တယ်။+ အဲဒီအတိုင်းပဲ ဖြစ်နေတယ်’ လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်။”
၂၀ “‘မင်း ပြည့်တန်ဆာလုပ်နေတာ မကျေနပ်နိုင်သေးလို့ ငါ့အတွက် မွေးပေးတဲ့ သားသမီးတွေကို+ ရုပ်တုတွေ ဝါးမျိုဖို့ ပူဇော်ဦးမလို့လား။+ ၂၁ မင်းက ငါ့သားတွေကို သတ်ပြီး မီးရှို့ပူဇော်တယ်။+ ၂၂ ရွံစရာအကျင့်တွေ ကျင့်ပြီး ပြည့်တန်ဆာလုပ်နေချိန်မှာ ငယ်ငယ်တုန်းက မင်း အဝတ်ဗလာဖြစ်ခဲ့တာ၊ သွေးအလိမ်းလိမ်းနဲ့ ကန်ကျောက်နေခဲ့တာကို သတိမရဘူး။ ၂၃ မင်းဟာ မကောင်းမှုတွေ လုပ်ပြီးတဲ့နောက်မှာတော့ အဖြစ်ဆိုးကြုံရလိမ့်မယ်’+ လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်။ ၂၄ ‘မင်းက လူထုရင်ပြင်တိုင်းမှာ ကုန်းတွေ၊ အထွတ်အမြတ်နေရာတွေ ဆောက်တယ်။ ၂၅ လမ်းဆုံလမ်းခွတိုင်းမှာ အထွတ်အမြတ်နေရာတွေ ဆောက်တယ်။ လမ်းသွားလမ်းလာတွေဆီ ကိုယ်ကိုပေးအပ်ပြီး ပြည့်တန်ဆာလုပ်ပြီးရင်း လုပ်နေတယ်။+ ဒီနည်းနဲ့ ကိုယ့်အလှကို ရွံစရာဖြစ်စေတယ်။+ ၂၆ တဏှာကြီးတဲ့ အိမ်နီးချင်းအီဂျစ်တွေနဲ့ ပြည့်တန်ဆာလုပ်တယ်။+ အကြိမ်ကြိမ် ပြည့်တန်ဆာလုပ်ပြီး ငါ့ကို စိတ်ဆိုးစေတယ်။ ၂၇ အခု၊ ငါ့လက်ကိုဆန့်ပြီး မင်းရဲ့ စားနပ်ရိက္ခာကို လျော့နည်းစေမယ်။+ မင်းကို မုန်းနေတဲ့၊ မင်းရဲ့ ညစ်ညမ်းတဲ့အကျင့်တွေကြောင့် ထိတ်လန့်နေတဲ့+ ဖိလိတိသမီးပျိုတွေ စိတ်ကြိုက်လုပ်ဖို့ မင်းကို ငါအပ်မယ်။+
၂၈ “‘မင်းက အားမရနိုင်သေးလို့ အဆီးရီးယားလူတွေနဲ့ ပြည့်တန်ဆာလုပ်တယ်။+ အဲဒီလို ပြည့်တန်ဆာလုပ်ပြီးတာတောင် မကျေနပ်နိုင်သေးဘူး။ ၂၉ ကုန်သည်တို့ရဲ့ပြည်* နဲ့သာမက ခါလဒဲလူတွေနဲ့ပါ ပြည့်တန်ဆာလုပ်တယ်။+ ဒါလည်း မကျေနပ်နိုင်သေးဘူး။ ၃၀ မျက်နှာပြောင်တိုက်တဲ့ ပြည့်တန်ဆာလို အဲဒါတွေကို မင်း လုပ်ခဲ့တယ်။+ ဒါကြောင့် မင်းရဲ့စိတ်နှလုံးဟာ တော်တော် အခြေအနေဆိုးနေပြီ’* လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်။ ၃၁ ‘မင်းက လမ်းဆုံလမ်းခွတိုင်းမှာ ကုန်းတွေ ဆောက်ပြီး လူထုရင်ပြင်တွေမှာ အထွတ်အမြတ်နေရာတွေ ဆောက်တယ်။ အခမယူတဲ့အတွက် ပြည့်တန်ဆာနဲ့တောင် မတူဘူး။ ၃၂ မင်းဟာ ကိုယ့်ယောက်ျားအစား သူစိမ်းယောက်ျားကို လက်ခံတဲ့၊ ဖောက်ပြန်တဲ့ မိန်းမပဲ။+ ၃၃ လူတွေက ပြည့်တန်ဆာကို လက်ဆောင်ပေးတတ်ကြတယ်။+ မင်းကတော့ မင်းကို ရာဂစိတ်နဲ့ တပ်မက်နေသူတွေကို လက်ဆောင်ပြန်ပေးတယ်။+ မင်းနဲ့ဖောက်ပြန်ဖို့ အရပ်ရပ်ကလူတွေကို ငွေပေးတယ်။+ ၃၄ မင်းဟာ တခြားပြည့်တန်ဆာတွေနဲ့ ဆန့်ကျင်ဘက်ပဲ။ ဘယ်သူမှ မင်းလို မလုပ်ကြဘူး။ မင်းဟာ အခကြေးငွေကို လက်ခံမယ့်အစား ပြန်တောင်ပေးလိုက်သေးတယ်။ မင်းလုပ်ပုံကတော့ သူများနဲ့ တခြားစီပဲ။’
၃၅ “ဒါကြောင့် အို ပြည့်တန်ဆာ၊+ ယေဟောဝါပြောတာကို နားထောင်ပါ။ ၃၆ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မင်းဟာ ကိုယ့်သားတွေရဲ့ သွေးကို ရွံရှာဖွယ်၊ ရွံမုန်းဖွယ်ရုပ်တုတွေဆီ*+ ပူဇော်တယ်။+ အဲဒီရုပ်တုတွေ၊ ရည်းစားတွေနဲ့ ဖောက်ပြန်တဲ့အခါ ရာဂစိတ်ဖြေပြီး အဝတ်ဗလာ ဖြစ်နေတယ်။ ၃၇ ဒါကြောင့် မင်းသာယာမှုပေးနေတဲ့ ရည်းစားတွေ၊ မင်းချစ်တဲ့သူ၊ မုန်းတဲ့သူတွေကို ငါစုဝေးမယ်။ သူတို့ကို ပတ်ဝန်းကျင်အရပ်ရပ်ကနေ စုဝေးပြီး မင်း အဝတ်ဗလာဖြစ်နေတာကို ပြမယ်။ မင်း အဝတ်ဗလာဖြစ်နေတာကို မြင်ရကြလိမ့်မယ်။+
၃၈ “‘အိမ်ထောင်ရေးဖောက်ပြန်တဲ့ မိန်းမတွေ၊ လူသတ်တဲ့ မိန်းမတွေခံထိုက်တဲ့အတိုင်း မင်းကို ငါဒဏ်ခတ်မယ်။+ ဒေါသစိတ်၊ ဝန်တိုစိတ်နဲ့ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်စီရင်မယ်။+ ၃၉ မင်းကို သူတို့လက်ထဲ ငါအပ်မှာဖြစ်လို့ မင်းရဲ့ ကုန်းတွေ၊ အထွတ်အမြတ်နေရာတွေကို ဖြိုချလိမ့်မယ်။+ အဝတ်အစားတွေကို ဆွဲချွတ်၊+ လက်ဝတ်ရတနာတွေကို ယူပြီး+ အဝတ်ဗလာနဲ့ ထားခဲ့လိမ့်မယ်။ ၄၀ သူတို့က လူအုပ်ကို ခေါ်လာပြီး+ မင်းကို ကျောက်ခဲနဲ့ပေါက်၊+ ဓားနဲ့ ခုတ်ကြလိမ့်မယ်။+ ၄၁ မင်းရဲ့အိမ်ကို မီးရှို့ပြီး+ မိန်းမအများကြီးရှေ့မှာ မင်းကို ပြစ်ဒဏ်စီရင်လိမ့်မယ်။ မင်း ပြည့်တန်ဆာလုပ်နေတာ၊ ငွေပေးနေတာတွေကို ငါရပ်တန်းကရပ်စေမယ်။+ ၄၂ အဲဒီတော့မှ ငါအမျက်ပြေသွားလိမ့်မယ်။+ မင်းကို ဒေါသမထွက်တော့ဘူး။+ ငါ့စိတ်တည်ငြိမ်သွားပြီး ဗွေမယူတော့ဘူး။’
၄၃ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မင်းက ငယ်ဘဝကို သတိမရဘဲ+ ဒါတွေလုပ်ပြီး ငါ့ကို ဒေါသထွက်စေတဲ့အတွက် မင်းရဲ့လမ်းစဉ် အကျိုးဆက်ကို ပြန်ခံစေမယ်။ ညစ်ညမ်းတဲ့အကျင့်နဲ့ ရွံရှာစရာ အကျင့်တွေ မင်းမလုပ်ရတော့ဘူး။
၄၄ “‘စကားပုံ သုံးတဲ့သူတွေက မင်းနဲ့ပတ်သက်ပြီး “အမေ့စရိုက် သမီးလိုက်” ဆိုတဲ့ စကားပုံကို ပြောကြလိမ့်မယ်။+ ၄၅ မင်းဟာ အမေ့သမီး ပီသပါပေတယ်။ မင်းရဲ့အမေရော မင်းရဲ့ ညီအစ်မတွေပါ လင်နဲ့သားသမီးကို မထီလေးစားလုပ်တဲ့သူတွေပဲ။ မင်းရဲ့မိခင်ဟာ ဟိတ္တိလူမျိုး၊ ဖခင်ဟာ အာမောရိလူမျိုးပဲ။’”+
၄၆ “‘မင်းရဲ့အစ်မဟာ ရှမာရိမြို့ပဲ၊+ သမီးတွေ* နဲ့အတူ မင်းရဲ့မြောက်ဘက်မှာ နေထိုင်တယ်။+ မင်းရဲ့ညီမဟာ သောဒုံမြို့ပဲ၊+ သမီးတွေနဲ့အတူ မင်းရဲ့တောင်ဘက်မှာ နေထိုင်တယ်။+ ၄၇ မင်းက သူတို့ရဲ့လမ်းစဉ်ကို လိုက်ပြီး သူတို့ရဲ့ ရွံစရာအကျင့်တွေအတိုင်း လိုက်လုပ်ရုံမက အချိန်တိုအတွင်းမှာ သူတို့ထက်တောင် ပိုအကျင့်ပျက်လာတယ်။+ ၄၈ အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ မင်းရဲ့ညီမ သောဒုံနဲ့ သူ့သမီးတွေဟာ မင်းတို့သားအမိလို မလုပ်ခဲ့ကြဘူး’ ဆိုပြီး အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်။ ၄၉ ‘မင်းရဲ့ညီမ သောဒုံရဲ့အပြစ်ကတော့– သူတို့သားအမိတွေဟာ+ မာနကြီးတယ်။+ အလျှံပယ်စားသောက်ရတဲ့အပြင်+ အပူအပင်ကင်းပြီး အေးအေးဆေးဆေး နေရတယ်။+ ဒုက္ခရောက်သူ၊ နွမ်းပါးသူကိုတော့ မထောက်ပံ့ဘူး။+ ၅၀ မောက်မာပြီး+ ငါ့ရှေ့မှာ ရွံစရာအကျင့်တွေ ဆက်လုပ်နေတဲ့+ သူတို့ကို ဖယ်ရှားမှ ဖြစ်မယ်။+
၅၁ “‘ရှမာရိရဲ့အပြစ်ဟာ+ မင်းရဲ့အပြစ် တစ်ဝက်လောက်တောင် မရှိဘူး။ မင်းက ညီအစ်မတွေထက် ရွံစရာအကျင့်တွေ ကျင့်တယ်။ မင်းရဲ့ ရွံစရာအကျင့်တွေကြောင့် မင်းနဲ့စာရင် သူတို့ဟာ ပိုတောင် ဖြောင့်မတ်ဦးမယ်။+ ၅၂ မင်းတို့ညီအစ်မတွေ လုပ်တာ မှန်တယ်လို့ ထောက်ခံတဲ့အတွက် အခု မင်း အရှက်ကွဲတော့မယ်။ ရွံစရာအကျင့်တွေကို ပိုကျင့်တဲ့ မင်းနဲ့စာရင် သူတို့ဟာ ပိုတောင်ဖြောင့်မတ်ဦးမယ်။ မင်းရဲ့လုပ်ရပ်ကြောင့် မင်းရဲ့ညီအစ်မတွေ ဖြောင့်မတ်တယ်လို့ ထင်စရာဖြစ်သွားတဲ့အတွက် မင်း အရှက်တကွဲ အကျိုးနည်းဖြစ်ပေတော့။’
၅၃ “‘သောဒုံနဲ့သမီးတွေရဲ့ သုံ့ပန်းတွေ၊ ရှမာရိနဲ့သမီးတွေရဲ့ သုံ့ပန်းတွေကို ငါပြန်စုသိမ်းမယ်။ မင်းရဲ့ သုံ့ပန်းတွေကိုလည်း ပြန်စုသိမ်းမယ်။+ ၅၄ အဲဒီအခါ မင်း အရှက်ကွဲသွားမယ်။ သူတို့ စိတ်ဖြေသာအောင် လုပ်ပေးခဲ့လို့ မင်း အရှက်ကွဲရလိမ့်မယ်။ ၅၅ ညီမသောဒုံနဲ့ သမီးတွေရော အစ်မရှမာရိနဲ့ သမီးတွေပါ နဂိုအခြေအနေကို ပြန်ရလိမ့်မယ်။ မင်းလည်း သမီးတွေနဲ့အတူ နဂိုအခြေအနေကို ပြန်ရလိမ့်မယ်။+ ၅၆ မင်း မာန်တက်နေတုန်းမှာ ညီမသောဒုံအကြောင်းကို ထည့်တောင်မပြောခဲ့ဘူး။ ၅၇ အဲဒီတုန်းက မင်းရဲ့အပြစ်တွေ မပေါ်သေးဘူးလေ။+ အခုတော့ ဆီးရီးယားသမီးပျိုတွေနဲ့ အိမ်နီးချင်းတွေ မင်းကို ကဲ့ရဲ့နေပြီ။ ပတ်ဝန်းကျင်က ဖိလိတိသမီးပျိုတွေလည်း+ လှောင်ပြောင်နေပြီ။ ၅၈ မင်းရဲ့ ညစ်ညမ်းတဲ့အကျင့်တွေ၊ ရွံစရာအကျင့်တွေရဲ့ အကျိုးဆက်ကို ပြန်ခံရလိမ့်မယ်။’ ဒါဟာ ယေဟောဝါ ပြောတဲ့စကားပဲ။”
၅၉ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မင်းက ငါ့ပဋိညာဉ်ကို ချိုးဖောက်ပြီး ကျိန်ဆိုချက်ကို မခန့်လေးစား လုပ်ခဲ့တဲ့အတွက်+ မင်းရဲ့လုပ်ရပ်နဲ့အညီ ပြစ်ဒဏ်ပေးမယ်။+ ၆၀ ဒါပေမဲ့ မင်းရဲ့ငယ်ဘဝမှာ မင်းနဲ့ဖွဲ့ခဲ့တဲ့ ပဋိညာဉ်ကို ငါသတိရမယ်။ ထာဝရပဋိညာဉ်အဖြစ် တည်စေမယ်။+ ၆၁ မင်းက ညီအစ်မတွေကို ကြိုဆိုတဲ့အခါ မင်းရဲ့အကျင့်တွေကို ပြန်သတိရပြီး အရှက်ကွဲနေလိမ့်မယ်။+ သူတို့ကို သမီးတွေအဖြစ် ပေးမယ်။ မင်းနဲ့ဖွဲ့ခဲ့တဲ့ ပဋိညာဉ်ကြောင့် ပေးတာတော့ မဟုတ်ဘူး။’
၆၂ “‘မင်းနဲ့ ငါ ပဋိညာဉ်ဖွဲ့မယ်။ ငါဟာ ယေဟောဝါပဲဆိုတာ မင်းသိရလိမ့်မယ်။ ၆၃ မင်းလုပ်ခဲ့သမျှအပြစ်ကို ငါခွင့်လွှတ်လိုက်တဲ့အခါ+ မင်းက ကိုယ့်လုပ်ရပ်ကို ပြန်သတိရပြီး ရှက်လွန်းလို့ ပါးစပ်တောင် မဟရဲတဲ့အထိ ဖြစ်ရလိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။”
၁၇ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ အစ္စရေးအမျိုးနဲ့ပတ်သက်လို့ စကားထာဝှက်ပါ။ စကားပုံကိုပြောပါ။+ ၃ မင်း ပြောရမှာက– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– “ကြီးမားရှည်လျားတဲ့ အမွေးအတောင်ရောင်စုံရှိတဲ့ လင်းယုန်ကြီးတစ်ကောင်ဟာ+ လက်ဘနွန်ပြည်ကို ရောက်လာပြီး+ သစ်ကတိုးပင်ရဲ့ ထိပ်ဖျားကို ဆိတ်ယူတယ်။+ ၄ ထိပ်ဖျားအညွန့်ကို ဆိတ်ယူပြီး ကုန်သည်တို့ရဲ့ပြည်ဆီ* ကိုက်ချီသွားတယ်။ ကုန်သည်တို့ရဲ့မြို့တော်မှာ စိုက်ထားတယ်။+ ၅ ပြည်မှာရှိတဲ့ မျိုးစေ့တချို့ကိုလည်း ယူပြီး+ မြေသြဇာကောင်းတဲ့မြေမှာ စိုက်တယ်။ မြစ်ကမ်းဘေးက မိုးမခပင်လို စိုက်ပျိုးတယ်။ ၆ အညွန့်တွေထွက်လာပြီး အနွယ်ပြန့်ကားတဲ့ ခပ်နိမ့်နိမ့်စပျစ်ပင် ဖြစ်လာတယ်။+ အမြစ်တွေ စွဲလာပြီး အကိုင်းတွေ ညွှတ်ကျလာတယ်။ ဒီလိုနဲ့ အဲဒီစပျစ်ပင်ဟာ အညွန့်တွေ၊ အကိုင်းအခက်တွေ ဝေဆာနေတဲ့အပင် ဖြစ်လာတယ်။+
၇ “‘“အမွေးထူထူ အတောင်ကြီးကြီးနဲ့+ လင်းယုန်နောက်တစ်ကောင် ရောက်လာတယ်။+ အဲဒီအခါ စပျစ်ပင်က ပေါက်တဲ့နေရာနဲ့ ဝေးရာမှာရှိတဲ့ လင်းယုန်ဆီကနေ ရေရနိုင်ဖို့ အမြစ်တွေ၊ အကိုင်းတွေကို ဖြာထွက်စေတယ်။+ ၈ တကယ်တော့ အဲဒီစပျစ်ပင်ကို အကိုင်းဖြာထွက်ပြီး အသီးသီးတဲ့အပင်ကြီး ဖြစ်လာအောင် မြစ်ကမ်းဘေးက မြေသြဇာကောင်းတဲ့မြေပေါ် စိုက်ပျိုးထားပြီးသားပဲ။”’+
၉ “မင်း ပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အဲဒီစပျစ်ပင် ရှင်သန်ကြီးထွားပါ့မလား။ တစ်ယောက်ယောက်က အမြစ်ကို ဆွဲနုတ်ပြီး+ အသီး ပုပ်သွားအောင်၊ အညွန့် ညှိုးသွားအောင် လုပ်ပစ်မယ် မဟုတ်လား။+ ခြောက်နေတဲ့ အဲဒီအပင်ကို အမြစ်ကနေဆွဲနုတ်ဖို့ အားကောင်းမောင်းသန်ဖြစ်စရာ မလိုဘူး။ လူအင်အားလည်း မလိုဘူး။ ၁၀ အပင်ကို ရွှေ့စိုက်ရင်ကော ရှင်ပါ့မလား။ အရှေ့လေတိုက်တဲ့အခါ ခြောက်သွားမယ် မဟုတ်လား။ ပေါက်တဲ့နေရာမှာပဲ ခြောက်သွားမှာပေါ့။”’”
၁၁ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၁၂ “ပုန်ကန်တဲ့အမျိုးကို ပြောလိုက်ပါ– ‘ဒါ ဘာအဓိပ္ပာယ်လဲဆိုတာ မသိကြဘူးလား။ ဗာဗုလုန်ဘုရင်က ဂျေရုဆလင်ကို လာပြီး ဘုရင်နဲ့ မင်းညီမင်းသားတွေကို ဗာဗုလုန်ဆီ ဖမ်းခေါ်သွားပြီ။+ ၁၃ သူက မင်းမျိုးမင်းနွယ်တစ်ယောက်နဲ့+ ပဋိညာဉ်ဖွဲ့ပြီး ကတိသစ္စာပြုခိုင်းတယ်။+ ပြီးတော့ တိုင်းပြည်ရဲ့ အထင်ကရပုဂ္ဂိုလ်တွေကို ဖမ်းခေါ်သွားတယ်။+ ၁၄ ဒါကြောင့် နိုင်ငံဟာ ပြန်မထူထောင်နိုင်လောက်အောင် ကျဆုံးသွားတယ်။ အဲဒီပဋိညာဉ်ကို စောင့်ထိန်းမှသာ ဆက်တည်မြဲနိုင်မှာ။+ ၁၅ ဒါပေမဲ့ ယုဒဘုရင်က ဗာဗုလုန်ဘုရင်ကို ပုန်ကန်တယ်။+ မြင်းတွေနဲ့+ စစ်သည်အင်အားရဖို့ အီဂျစ်ပြည်ဆီ စေတမန်တွေ လွှတ်တယ်။+ သူ အောင်မြင်ပါ့မလား။ အဲဒီလိုလုပ်တဲ့အတွက် ပြစ်ဒဏ်လွတ်ပါ့မလား။ ပဋိညာဉ်ကိုချိုးဖောက်ပြီးတဲ့နောက် လွတ်မြောက်နိုင်မတဲ့လား။’+
၁၆ “‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ သူက* နန်းတင်တဲ့ဘုရင်နဲ့* သစ္စာဆိုထားတာကို မလိုက်နာတဲ့အပြင် ပဋိညာဉ်ကို ချိုးဖောက်ခဲ့တယ်။ အဲဒီဘုရင်နန်းစိုက်ရာ ဗာဗုလုန်မြို့မှာပဲ သူသေရမယ်။+ ၁၇ လူတွေ အတုံးအရုံးကျဆုံးဖို့ ထိုးစစ်ကုန်းရိုးတွေ၊ ထိုးစစ်တံတိုင်းတွေ တည်ဆောက်ချိန်မှာ ဖာရောရဲ့ စစ်သည်အလုံးအရင်းဟာ သူ့ကို စစ်ကူနိုင်မှာ မဟုတ်ဘူး။+ ၁၈ သူက သစ္စာဆိုထားတဲ့အတိုင်း မလိုက်နာဘဲ ပဋိညာဉ်ကို ချိုးဖောက်ခဲ့တယ်။ ကတိမတည်ဘဲ အဲဒီလိုလုပ်ခဲ့တဲ့အတွက် လွတ်မြောက်မှာ မဟုတ်ဘူး။”’
၁၉ “‘ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ သူက သစ္စာဆိုထားတဲ့အတိုင်း မလိုက်နာဘဲ ပဋိညာဉ်ကို ချိုးဖောက်တဲ့အတွက် အကျိုးဆက်ကို ငါပြန်ခံစေမယ်။+ ၂၀ သူ့ကို ပိုက်ကွန်နဲ့ အုပ်မှာဖြစ်လို့ သူမိသွားလိမ့်မယ်။+ ငါ့အပေါ် သစ္စာမဲ့တဲ့အတွက် ဗာဗုလုန်ကို ခေါ်သွားပြီး တရားစီရင်မယ်။+ ၂၁ သူ့ရဲ့စစ်ပြေးတွေ ဓားနဲ့ကျဆုံးရလိမ့်မယ်။ ကျန်တဲ့သူတွေ အရပ်ရပ်ဆီ ကွဲလွင့်သွားလိမ့်မယ်။+ ငါယေဟောဝါကိုယ်တိုင် အဲဒီလိုပြောခဲ့မှန်း မင်းတို့ သိရလိမ့်မယ်။”’+
၂၂ “‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “မြင့်မားလှတဲ့ သစ်ကတိုးပင် ထိပ်ဖျားကအညွန့်ကိုယူပြီး+ စိုက်ပျိုးမယ်။ အခက်ဖျားက အညွန့်နုနုလေးကို ခူးပြီး+ မြင့်မားတဲ့ တောင်တန်းပေါ်မှာ ငါကိုယ်တိုင် စိုက်မယ်။+ ၂၃ မြင့်မားတဲ့ အစ္စရေးတောင်တန်းပေါ်မှာ ငါစိုက်မယ်။ အပင်ဟာ အကိုင်းအခက် ဖြာထွက်ပြီး အသီးသီးတဲ့ သစ်ကတိုးပင်ကြီး ဖြစ်လာမယ်။ အပင်ရိပ်မှာ ငှက်ပေါင်းစုံ ခိုနားမယ်။ ၂၄ ငါယေဟောဝါဟာ မြင့်မားတဲ့အပင်ကို နိမ့်ကျစေပြီး နိမ့်ကျတဲ့အပင်ကို ချီးမြှောက်တဲ့အရှင်၊+ စိမ်းလန်းတဲ့အပင်ကို ခြောက်သွေ့စေပြီး ခြောက်သွေ့တဲ့အပင်ကို ဝေဆာစေတဲ့အရှင်ဖြစ်မှန်း သစ်ပင်မှန်သမျှ သိရလိမ့်မယ်။+ ငါယေဟောဝါကိုယ်တိုင် အဲဒီလိုပြောပြီး အဲဒီအတိုင်း လုပ်ဆောင်ခဲ့ပြီ။”’”
၁၈ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “‘ချဉ်တဲ့စပျစ်သီးကို စားတာက အဖေတွေ၊ သွားကျိန်းတာက သားတွေ’ ဆိုပြီး အစ္စရေးပြည်မှာ မင်းတို့ပြောနေတဲ့စကားပုံဟာ ဘာအဓိပ္ပာယ်လဲ။+
၃ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ အစ္စရေးပြည်မှာ ဒီစကားပုံကို ဆက်ပြောကြတော့မှာ မဟုတ်ဘူး။ ၄ သက်ရှိ* မှန်သမျှကို ငါပိုင်တယ်။ ဖခင်ရဲ့အသက်ကို ငါပိုင်သလို သားရဲ့အသက်ကိုလည်း ငါပိုင်တယ်။ အပြစ်လုပ်တဲ့သူ* သေရလိမ့်မယ်။
၅ “‘လူတစ်ယောက်ဟာ ဖြောင့်မတ်ပြီး တရားမျှတရာ၊ မှန်ကန်ရာကို လုပ်တယ် ဆိုပါစို့။ ၆ သူဟာ တောင်ပေါ်မှာ ရုပ်တုရှေ့ ပူဇော်ထားတဲ့ ယဇ်ကောင်ကို မစားဘူး။+ အစ္စရေးအမျိုးရဲ့ ရွံမုန်းဖွယ်ရုပ်တုတွေကို* မဖူးမြော်ဘူး။ အိမ်နီးချင်းရဲ့ မိန်းမကို မပြစ်မှားဘူး။+ ရာသီလာနေတဲ့ မိန်းမနဲ့ အတူမအိပ်ဘူး။+ ၇ ဘယ်သူ့ကိုမှ အနိုင်မကျင့်ဘူး။+ အကြွေးယူသူ အပ်ထားတဲ့ အပေါင်ပစ္စည်းကို ပြန်ပေးတယ်။+ ဘယ်သူ့ကိုမှ မလုယက်ဘူး။+ ဆာလောင်နေသူကို စားစရာပေးပြီး+ အဝတ်မရှိသူကို အဝတ်ပေးတယ်။+ ၈ ငွေတိုးစားတာ၊ မတန်တဆ အတိုးယူတာတွေ မလုပ်ဘူး။+ မတော်မတရား မလုပ်ဘူး။+ လူလူချင်း တရားမျှတစွာ စီရင်ပေးတယ်။+ ၉ သစ္စာရှိရှိ လုပ်ဆောင်နိုင်ဖို့ ငါ့ဥပဒေတွေအတိုင်း လိုက်လျှောက်ပြီး ငါ့တရားစီရင်ချက်တွေကို လိုက်နာတယ်။ သူလိုလူဟာ ဖြောင့်မတ်တဲ့အတွက် အသက်ဆက်ရှင်ရလိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၁၀ “‘သူ့သားကတော့ ဓားပြ၊+ လူသတ်သမားဖြစ်ပြီး+ အထက်ဖော်ပြပါ အပြစ်တစ်ခုခုကို လုပ်တယ် ဆိုပါစို့။ ၁၁ (ဖခင်က အဲဒီအပြစ်တွေကို မလုပ်ပေမဲ့) သားကတော့ တောင်ပေါ်မှာ ရုပ်တုရှေ့ ပူဇော်ထားတဲ့ ယဇ်ကောင်ကို စားတယ်။ အိမ်နီးချင်းရဲ့ မိန်းမကို ပြစ်မှားတယ်။ ၁၂ ဆင်းရဲချို့ငဲ့သူကို အနိုင်ကျင့်တယ်။+ ပစ္စည်းတွေ လုယက်တယ်။ အပေါင်ပစ္စည်းကို သိမ်းယူတယ်။ ရွံမုန်းဖွယ်ရုပ်တုတွေကို ဖူးမြော်တယ်။+ ရွံစရာအကျင့်တွေ ကျင့်တယ်။+ ၁၃ ငွေတိုးစားတယ်။ မတန်တဆ အတိုးယူတယ်။+ ဒါကြောင့် သူ အသက်ဆက်ရှင်မှာမဟုတ်ဘူး။ ရွံစရာအကျင့်တွေကြောင့် သေကိုသေရလိမ့်မယ်။ သူ့သွေးဟာ သူ့အပေါ်မှာပဲ ရှိနေလိမ့်မယ်။*
၁၄ “‘ဒါပေမဲ့ သားက ဖခင်ကျူးလွန်တဲ့ အပြစ်တွေကို မြင်ပေမဲ့ လိုက်မလုပ်ဘူး ဆိုပါစို့။ ၁၅ သူဟာ တောင်ပေါ်မှာ ရုပ်တုရှေ့ ပူဇော်ထားတဲ့ ယဇ်ကောင်ကို မစားဘူး။ အစ္စရေးအမျိုးရဲ့ ရွံမုန်းဖွယ်ရုပ်တုတွေကို မဖူးမြော်ဘူး။ အိမ်နီးချင်းရဲ့မိန်းမကို မပြစ်မှားဘူး။ ၁၆ ဘယ်သူ့ကိုမှ အနိုင်မကျင့်ဘူး။ အပေါင်ပစ္စည်းကို မသိမ်းယူဘူး။ သူများပစ္စည်းကို မလုယက်ဘူး။ ဆာလောင်နေသူကို စားစရာကျွေးတယ်။ အဝတ်မရှိသူကို အဝတ်ပေးတယ်။ ၁၇ ဆင်းရဲသားကို မဖိနှိပ်ဘူး။ ငွေတိုးစားတာ၊ မတန်တဆ အတိုးယူတာတွေ မလုပ်ဘူး။ ငါ့တရားစီရင်ချက်တွေကို လိုက်နာပြီး ငါ့ဥပဒေတွေအတိုင်း လိုက်လျှောက်တယ်။ သူလိုလူဟာ ဖခင်ရဲ့အပြစ်ကြောင့် မသေရဘူး။ ကျိန်းသေ အသက်ဆက်ရှင်ရလိမ့်မယ်။ ၁၈ သူ့ဖခင်ကတော့ လိမ်လည်လှည့်စားတယ်။ ညီအစ်ကိုတွေကို လုယက်ပြီး လူပုံအလယ်မှာ မကောင်းတာ လုပ်တဲ့အတွက် ကိုယ့်အပြစ်နဲ့ကိုယ် သေရလိမ့်မယ်။
၁၉ “‘ဒါပေမဲ့ “ဖခင်ရဲ့ အပြစ်အတွက် သားက ဘာလို့မခံရတာလဲ” ဆိုပြီး မင်းတို့ ပြောလိမ့်မယ်။ သားဟာ ဖြောင့်မတ်မှန်ကန်ရာကို လုပ်ပြီး ငါ့ဥပဒေတွေကို စောင့်ထိန်းတဲ့အတွက် ကျိန်းသေ အသက်ဆက်ရှင်လိမ့်မယ်။+ ၂၀ အပြစ်လုပ်တဲ့သူဟာ သေရမယ်။+ ဖခင်ရဲ့အပြစ်အတွက် သား ခံရမှာမဟုတ်သလို သားရဲ့အပြစ်အတွက် ဖခင် ခံရမှာမဟုတ်ဘူး။ ဖြောင့်မတ်သူဟာ ကိုယ့်ဖြောင့်မတ်မှုနဲ့အညီ တရားစီရင်ခံရမယ်၊ လူဆိုးလည်း ကိုယ့်ဆိုးညစ်မှုနဲ့အညီ တရားစီရင်ခံရမယ်။+
၂၁ “‘လူဆိုးက အပြစ်တွေကို စွန့်ပြီး ငါ့ဥပဒေတွေကို လိုက်နာမယ်၊ ဖြောင့်မတ်မှန်ကန်ရာကို လုပ်ဆောင်မယ်ဆိုရင် ကျိန်းသေ အသက်ဆက်ရှင်လိမ့်မယ်။ မသေရဘူး။+ ၂၂ သူကျူးလွန်ခဲ့တဲ့ အပြစ်တစ်ခုကိုမှ မှတ်ထားမှာ မဟုတ်ဘူး။+ ဖြောင့်မှန်ရာကို လုပ်တဲ့အတွက် အသက်ဆက်ရှင်ရလိမ့်မယ်။’+
၂၃ “‘လူဆိုးသေတာကို ငါဝမ်းသာပါ့မလား။+ သူ့ရဲ့ မကောင်းတဲ့လမ်းစဉ်ကို စွန့်ပြီး အသက်ဆက်ရှင်တာကိုပဲ ငါနှစ်သက်တာပါ’ လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်။+
၂၄ “‘ဖြောင့်မတ်သူဟာ မှန်ရာကို စွန့်ပြီး လူဆိုးတွေလို ရွံစရာအကျင့်တွေ၊ မကောင်းတာတွေ လုပ်တယ်ဆိုရင် အသက်ရှင်ပါ့မလား။ အရင်ကလုပ်ခဲ့တဲ့ ဖြောင့်မှန်တဲ့ လုပ်ရပ်တွေကို ငါသတိရမှာ မဟုတ်ဘူး။+ သူကျူးလွန်ခဲ့တဲ့ အပြစ်နဲ့ သစ္စာမဲ့မှုကြောင့် သေရလိမ့်မယ်။+
၂၅ “‘ဒါပေမဲ့ “ယေဟောဝါဘုရားရဲ့ လမ်းစဉ်ဟာ မတရားဘူး”+ ဆိုပြီး မင်းတို့ပြောလိမ့်မယ်။ အစ္စရေးအမျိုး၊ နားထောင်ပါ။ ငါ့လမ်းစဉ်က မတရားတာလား။+ မင်းတို့ရဲ့ လမ်းစဉ်ကသာ မတရားတာ မဟုတ်လား။+
၂၆ “‘ဖြောင့်မတ်သူဟာ မှန်ရာကိုစွန့်ပြီး မကောင်းတာလုပ်လို့ သေသွားတယ်ဆိုရင် သူ့အပြစ်နဲ့သူ သေရတာပဲ။
၂၇ “‘လူဆိုးဟာ မကောင်းမှုကို စွန့်မယ်၊ ဖြောင့်မတ်မှန်ကန်ရာကို လုပ်မယ်ဆိုရင်တော့ အသက်ဆက်ရှင်လိမ့်မယ်။+ ၂၈ သူလုပ်ခဲ့တာတွေမှားမှန်း သိမြင်လာပြီး ဆက်မလုပ်တော့ဘူးဆိုရင် ကျိန်းသေ အသက်ဆက်ရှင်လိမ့်မယ်။ မသေရဘူး။
၂၉ “‘ဒါပေမဲ့ “ယေဟောဝါဘုရားရဲ့ လမ်းစဉ်ဟာ မတရားဘူး” ဆိုပြီး အစ္စရေးတွေ ပြောကြလိမ့်မယ်။ အစ္စရေးအမျိုး၊ ငါ့လမ်းစဉ်က တကယ်ပဲ မတရားတာလား။+ မင်းတို့ရဲ့လမ်းစဉ်ကသာ မတရားတာ မဟုတ်လား။’
၃၀ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အစ္စရေးအမျိုး၊ မင်းတို့ရဲ့ လမ်းစဉ်တွေနဲ့အညီ တစ်ယောက်ချင်းစီကို ငါတရားစီရင်မယ်။+ ဒါကြောင့် အပြစ်တွေကို စွန့်လွှတ်ကြ။ ဒါမှ အဲဒီအပြစ်တွေဟာ မင်းတို့ကို အပြစ်သင့်စေတဲ့ ဆူးငြောင့်ခလုတ် ဖြစ်တော့မှာ မဟုတ်ဘူး။ ၃၁ အစ္စရေးအမျိုး၊ မင်းတို့ရဲ့ အပြစ်တွေကို စွန့်လွှတ်ကြ။+ စိတ်နှလုံးအသစ်၊ စိတ်သဘောသစ်ကို ရယူကြ။+ မင်းတို့ ဘာလို့ သေရမှာလဲ။’+
၃၂ “‘ငါက ဘယ်သူ့ကိုမှ မသေစေချင်ဘူး။+ ဒါကြောင့် ပြန်လှည့်လာပြီး အသက်ဆက်ရှင်ကြပါ’+ လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတယ်။”
၁၉ “အစ္စရေးခေါင်းဆောင်တွေအကြောင်း မင်း ငိုချင်းဖွဲ့ပြီး၊ ၂ ပြောလိုက်ပါ–
‘မင်းတို့ရဲ့မိခင်ဟာ ဘယ်သူလဲ။ ခြင်္သေ့တွေအလယ်က ခြင်္သေ့မပဲ။
ခြင်္သေ့ပျိုတွေအလယ်မှာ လဲလျောင်းပြီး သားငယ်တွေကို ကျွေးမွေးစောင့်ရှောက်တယ်။
၃ “‘ဒီလိုနဲ့ သားငယ်တစ်ကောင်ဟာ ခြင်္သေ့ပျိုဖြစ်လာတယ်။+
သားကောင်တွေကို ကိုက်ဆွဲတတ်လာတယ်။
လူတွေကိုတောင် ကိုက်စားတတ်လာတယ်။
၄ လူမျိုးတွေက သူ့အကြောင်း ကြားတဲ့အခါ သူ့ကို တွင်းထဲမှာ ဖမ်းချုပ်ကြတယ်။
ချိတ်တွေနဲ့ ချိတ်ပြီး အီဂျစ်ပြည်ကို ဖမ်းခေါ်သွားတယ်။+
၅ “‘ခြင်္သေ့မဟာ မျှော်နေလည်းပဲ သူ့သား ပြန်မလာနိုင်တော့မှန်း သိသွားတယ်။
ဒါနဲ့ နောက်သားငယ်တစ်ကောင်ကို ခြင်္သေ့ပျိုဖြစ်လာတဲ့အထိ ကျွေးမွေးစောင့်ရှောက်တယ်။
၆ အဲဒီသားငယ်က ခြင်္သေ့တွေအလယ်မှာ သွားလာရင်း ခြင်္သေ့ပျိုဖြစ်လာတယ်။
သားကောင်တွေကို ကိုက်ဆွဲတတ်လာတယ်။ လူတွေကိုတောင် ကိုက်စားတတ်လာတယ်။+
၇ ခံတပ်မျှော်စင်တွေမှာ လှည့်လည်ကျက်စားပြီး မြို့တွေကို ဖျက်ဆီးတယ်။
လူသူကင်းမဲ့တဲ့ပြည်မှာ သူ့ရဲ့ဟိန်းသံ ညံနေတယ်။+
၈ အဲဒီအခါ ပတ်ဝန်းကျင်လူမျိုးတွေ ရောက်လာပြီး သူ့ကို ပိုက်ကွန်နဲ့ ဖမ်းတယ်။
ထောင်ချောက်တွင်းထဲ မိသွားတယ်။
၉ သူ့ကို ချိတ်တွေနဲ့ ချိတ်၊ လှောင်အိမ်ထဲ ထည့်ပြီး ဗာဗုလုန်ဘုရင်ဆီ ခေါ်သွားတယ်။
အဲဒီမှာ ချုပ်နှောင်ထားတဲ့အတွက် အစ္စရေးတောင်တန်းတွေပေါ်မှာ သူ့ရဲ့ဟိန်းသံ မကြားရတော့ဘူး။
၁၀ “‘မင်းတို့ရဲ့မိခင်ဟာ ရေစပ်နားက စပျစ်ပင်နဲ့ တူတယ်။*+
ရေဝတဲ့အတွက် အသီးသီးပြီး အကိုင်းအခက် ဝေဆာနေတယ်။
၁၁ အကိုင်းအခက် ခိုင်မာတဲ့အတွက် ရာဇလှံတံလုပ်လို့တောင် ရတယ်။
အပင်တကာထက် ကြီးထွား မြင့်မားလာတယ်။
မြင့်မားတာရယ်၊ အခက်အလက် ဝေဆာတာရယ်ကြောင့် ထင်းခနဲ ဖြစ်နေတယ်။
၁၂ ဒါပေမဲ့ အပင်ဟာ ဒေါသတကြီး ဆွဲနုတ်ခံရပြီး+ မြေပေါ် ပစ်ချခံရတယ်။
အရှေ့လေကြောင့် အသီးတွေ ခြောက်ကုန်တယ်။
ခိုင်မာတဲ့အကိုင်းတွေ ကျိုးပြီး ခြောက်သွားတယ်။+ မီးလောင်သွားတယ်။+
၁၃ အခုတော့ သူဟာ တောကန္တာရမှာ၊
ရေမရှိ၊ သွေ့ခြောက်နေရာမှာ စိုက်ထားခံရတယ်။+
၁၄ အကိုင်းအခက်ကနေ ကူးလာတဲ့ မီးဟာ အညွန့်တွေ၊ အသီးတွေကို လောင်ကျွမ်းတယ်။
ရာဇလှံတံလုပ်ဖို့ ခိုင်မာတဲ့ အကိုင်းတစ်ကိုင်းတောင် မကျန်တော့ဘူး။+
“‘ဒါဟာ ငိုချင်းတစ်ပုဒ်ပဲ။ ငိုချင်းလို သီဆိုရလိမ့်မယ်။’”
၂၀ ခုနစ်နှစ်မြောက်၊ ငါးလပိုင်း၊ ဆယ်ရက်နေ့မှာ အစ္စရေးအကြီးအကဲတချို့ ရောက်လာပြီး ယေဟောဝါကို မေးမြန်းဖို့ ကျွန်တော့်ရှေ့မှာ ထိုင်တယ်။ ၂ အဲဒီအခါ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၃ “လူသား၊ အစ္စရေးအကြီးအကဲတွေကို ပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက “ငါ့ကိုမေးမြန်းဖို့ ရောက်လာကြတာလား။ ‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ မင်းတို့မေးတာကို ငါမဖြေဘူး။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”’
၄ “လူသား၊ သူတို့ကို တရားစီရင်ဖို့ အသင့်ဖြစ်ပြီလား။ သူတို့ကို တရားစီရင်ဖို့ အသင့်ဖြစ်ပြီလား။ သူတို့ဘိုးဘေးတွေ လုပ်ခဲ့တဲ့ ရွံစရာအကျင့်တွေကို ပြောပြလိုက်။+ ၅ သူတို့ကို ပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ငါက အစ္စရေးကို ရွေးချယ်တဲ့နေ့မှာ+ ယာကုပ်ရဲ့ မျိုးနွယ်ကိုလည်း ကျိန်ဆိုခဲ့တယ်။ ငါ ဘယ်သူလဲဆိုတာ သူတို့ကို အီဂျစ်ပြည်မှာ အသိပေးခဲ့တယ်။+ ‘ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ’ ဆိုပြီး သူတို့ကို ကျိန်ဆိုခဲ့တယ်။ ၆ သူတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ပြီး ငါရွေးချယ်ထားတဲ့ပြည်၊ နို့နဲ့ပျားရည်စီးတဲ့ပြည်ဆီ ပို့ဆောင်ပေးမယ်လို့ အဲဒီနေ့မှာ ကျိန်ဆိုခဲ့တယ်။+ အဲဒီပြည်ဟာ အလှဆုံးတိုင်းပြည်ပဲ။ ၇ ‘မင်းတို့ အခုလုပ်နေတဲ့ ရွံစရာအကျင့်တွေကို စွန့်ပစ်လိုက်ပါ။ အီဂျစ်ပြည်ရဲ့ ရွံမုန်းဖွယ်ရုပ်တုတွေနဲ့* ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေနဲ့။+ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ’+ ဆိုပြီး သူတို့ကို ငါပြောခဲ့တယ်။
၈ “‘“ဒါပေမဲ့ သူတို့ ငါ့ကို ပုန်ကန်တယ်။ ငါ့စကား နားမထောင်ဘူး။ ရွံစရာအကျင့်တွေကို မစွန့်လွှတ်ကြဘူး။ အီဂျစ်ရဲ့ ရွံမုန်းဖွယ်ရုပ်တုတွေကိုလည်း မစွန့်ပစ်ဘူး။+ ဒါကြောင့် ငါ့ဒေါသကို သူတို့အပေါ် သွန်းလောင်းမယ်၊ အီဂျစ်ပြည်မှာ ငါ့ဒေါသကို သူတို့အပေါ် အကုန်အစင် ဖွင့်ချမယ်လို့ ငါပြောခဲ့တယ်။ ၉ သူတို့နေထိုင်တဲ့ လူမျိုးခြားတွေရှေ့မှာ ငါ့နာမည် ကဲ့ရဲ့ရှုတ်ချစရာ မဖြစ်အောင် ငါလုပ်ဆောင်ခဲ့တယ်။+ အီဂျစ်ပြည်ကနေ သူတို့ကိုခေါ်ထုတ်လာချိန်မှာ ငါဘယ်သူဖြစ်မှန်း လူမျိုးခြားတွေကို အသိပေးခဲ့တယ်။+ ၁၀ သူတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာပြီး တောကန္တာရထဲမှာ ဦးဆောင်ခဲ့တယ်။+
၁၁ “‘“ငါ့ဥပဒေတွေကို ပေးပြီး ငါ့တရားစီရင်ချက်တွေကို အသိပေးခဲ့တယ်။+ အဲဒါတွေကို လိုက်လျှောက်ရင် အသက်ရှင်နိုင်မယ်။+ ၁၂ ငါယေဟောဝါဟာ သူတို့ကို သန့်ရှင်းမြင့်မြတ်စေတဲ့အရှင် ဖြစ်မှန်း သိနိုင်ဖို့ သူတို့နဲ့ ငါ့ကြားမှာ အထိမ်းအမှတ်အဖြစ်+ ဥပုသ်နေ့တွေကိုလည်း ပေးခဲ့တယ်။+
၁၃ “‘“ဒါပေမဲ့ အစ္စရေးအမျိုးဟာ တောကန္တာရမှာ ငါ့ကိုပုန်ကန်တယ်။+ ငါ့ဥပဒေတွေအတိုင်း မလိုက်လျှောက်ဘူး။ ငါ့တရားစီရင်ချက်တွေကို ငြင်းပယ်တယ်။ အဲဒါတွေကိုသာ လိုက်လျှောက်ရင် အသက်ရှင်နိုင်မှာ။ သူတို့က ဥပုသ်နေ့တွေကို ကမ်းကုန်အောင် ညစ်ညူးစေတယ်။ ဒါကြောင့် တောကန္တာရမှာ ငါ့ဒေါသကို သွန်းလောင်းပြီး သူတို့ကို ဖျက်ဆီးမယ်လို့ ပြောခဲ့တယ်။+ ၁၄ ဒါပေမဲ့ သူတို့ကို ငါခေါ်ထုတ်လာတာကို မြင်ခဲ့တဲ့ လူမျိုးခြားတွေရှေ့မှာ ငါ့နာမည် ကဲ့ရဲ့ရှုတ်ချစရာ မဖြစ်အောင် ငါလုပ်ဆောင်ခဲ့တယ်။+ ၁၅ အလှဆုံးတိုင်းပြည်၊ နို့နဲ့ပျားရည်စီးတဲ့ပြည်၊+ သူတို့ကိုပေးခဲ့တဲ့ပြည်ဆီ မပို့ဆောင်တော့ဘူးလို့ တောကန္တာရမှာ ငါကျိန်ဆိုခဲ့တယ်။+ ၁၆ သူတို့က ငါ့တရားစီရင်ချက်တွေကို ငြင်းပယ်ပြီး ငါ့ဥပဒေတွေအတိုင်း မလိုက်လျှောက်ဘူး။ ဥပုသ်နေ့တွေကို ညစ်ညူးစေတယ်။ ရွံမုန်းဖွယ်ရုပ်တုတွေနောက် စိတ်ပါသွားကြတယ်။+
၁၇ “‘“ဒါပေမဲ့ သူတို့ကိုငါသနားပြီး မဖျက်ဆီးခဲ့ဘူး။ တောကန္တာရမှာအကုန်အစင် မဖျက်ဆီးခဲ့ဘူး။ ၁၈ တောကန္တာရမှာ သူတို့ရဲ့သားတွေကို+ ‘ဘိုးဘေးတွေရဲ့ စည်းမျဉ်းအတိုင်း မလိုက်လျှောက်ကြနဲ့။+ သူတို့ရဲ့ တရားစီရင်ချက်တွေကို မလိုက်နာကြနဲ့။ ရွံမုန်းဖွယ်ရုပ်တုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေကြနဲ့။ ၁၉ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။ ငါ့ဥပဒေတွေအတိုင်း လိုက်လျှောက်ကြ။ ငါ့တရားစီရင်ချက်တွေကို လိုက်နာစောင့်ထိန်းကြ။+ ၂၀ ဥပုသ်နေ့ကို မြင့်မြတ်တဲ့နေ့အဖြစ် စောင့်ထိန်းကြပါ။+ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲဆိုတာ သိနိုင်ဖို့ ဥပုသ်နေ့က မင်းတို့နဲ့ ငါ့ကြားမှာ အထိမ်းအမှတ်အဖြစ် ရှိနေလိမ့်မယ်’+ လို့ ပြောခဲ့တယ်။
၂၁ “‘“ဒါပေမဲ့ သူတို့ရဲ့သားတွေက ငါ့ကို ပုန်ကန်တယ်။+ ငါ့ဥပဒေတွေအတိုင်း မလိုက်လျှောက်ကြဘူး။ ငါ့တရားစီရင်ချက်တွေကို မစောင့်ထိန်း၊ မလိုက်နာကြဘူး။ တကယ်လို့ အဲဒါတွေကို လိုက်လျှောက်ရင် အသက်ရှင်နိုင်မှာ။ ဥပုသ်နေ့တွေကို ညစ်ညူးစေကြတယ်။ ဒါကြောင့် ငါ့ဒေါသကို သူတို့အပေါ် သွန်းလောင်းမယ်၊ တောကန္တာရမှာ ငါ့ဒေါသကို သူတို့အပေါ် အကုန်အစင်ဖွင့်ချမယ်လို့ ငါပြောခဲ့တယ်။+ ၂၂ ဒါပေမဲ့ သူတို့ကို ငါခေါ်ထုတ်လာတာကို မြင်ခဲ့တဲ့ လူမျိုးခြားတွေရှေ့မှာ ငါ့နာမည် ကဲ့ရဲ့ရှုတ်ချစရာ မဖြစ်အောင်+ စိတ်ချုပ်တည်းပြီး+ လုပ်ဆောင်ခဲ့တယ်။ ၂၃ သူတို့ကို လူမျိုးခြားတွေအလယ်မှာ ငါကွဲလွင့်စေပြီး တိုင်းပြည်တွေအလယ်မှာ တကွဲတပြား ဖြစ်စေမယ်လို့လည်း တောကန္တာရမှာ ကျိန်ဆိုခဲ့တယ်။+ ၂၄ ငါ့တရားစီရင်ချက်တွေကို သူတို့ မလိုက်နာကြဘူး။ ငါ့ဥပဒေတွေကို ငြင်းပယ်ပြီး+ ဥပုသ်နေ့တွေကို ညစ်ညူးစေကြတယ်။ ဘိုးဘေးတို့ရဲ့ ရွံမုန်းဖွယ်ရုပ်တုတွေနောက် လိုက်ကြတယ်။+ ၂၅ ဒါကြောင့် သူတို့ကို မကောင်းတဲ့ စည်းမျဉ်းတွေ၊ အသက်မပေးနိုင်တဲ့ တရားစီရင်ချက်တွေနောက် လိုက်ဖို့ ငါခွင့်ပြုလိုက်တယ်။+ ၂၆ သားဦးတွေ မီးရှို့ပူဇော်ပြီး+ ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေတာကိုလည်း ငါခွင့်ပြုလိုက်တယ်။ ဒါမှ သူတို့ကို ငါဖျက်ဆီးနိုင်မယ်။ အဲဒီအခါ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။”’
၂၇ “ဒါကြောင့် လူသား၊ အစ္စရေးတွေကို ပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက– “မင်းတို့ဘိုးဘေးတွေဟာ ဒီနည်းနဲ့ ငါ့ကို သစ္စာမဲ့ပြီး စော်ကားပြောဆိုခဲ့ကြတယ်။ ၂၈ ငါပေးမယ်လို့ ကျိန်ဆိုထားတဲ့ပြည်ထဲ သူတို့ကို ခေါ်လာတယ်။+ သူတို့က တောင်ကုန်းတွေ၊ စိမ်းလန်းတဲ့ သစ်ပင်တွေကို+ မြင်တဲ့အခါ အလှူတွေ၊ ပူဇော်သက္ကာတွေ ဆက်သပြီး ငါ့ကိုစိတ်ဆိုးစေတယ်။ ယဇ်ကောင်တွေကို မွှေးကြိုင်တဲ့ ရနံ့ထွက်အောင် ပူဇော်ပြီး သွန်းလောင်းရာအလှူတွေ ဆက်သတယ်။ ၂၉ ဒါကြောင့် ‘အဲဒီအထွတ်အမြတ်နေရာဆီ ဘာရည်ရွယ်ချက်နဲ့ သွားနေကြတာလဲ’ ဆိုပြီး ငါမေးခဲ့တယ်။ (ဒီနေ့အထိ အဲဒီနေရာကို အထွတ်အမြတ်နေရာလို့ ခေါ်ကြတယ်။)”’+
၃၀ “ဒါကြောင့် အစ္စရေးအမျိုးကို ပြောပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “မင်းတို့လည်း ဘိုးဘေးတွေလိုပဲ ငါ့ကို သစ္စာဖောက်ချင်လို့* ရုပ်တုတွေနောက် လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေကြတာလား။+ ၃၁ အို၊ အစ္စရေးအမျိုး၊ ကိုယ့်သားတွေကို မီးရှို့ပြီး ရွံမုန်းဖွယ်ရုပ်တုတွေဆီ ပူဇော်ရင်း အခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေတုန်းပဲလား။+ ဒါနဲ့တောင် မင်းတို့မေးတာကို ငါဖြေနေရမှာလား။”’+
“အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– ‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ မင်းတို့မေးတာကို ငါမဖြေဘူး။+ ၃၂ “ငါတို့လည်း သစ်သားတွေ၊ ကျောက်တုံးတွေ ကိုးကွယ်တဲ့ လူမျိုးခြားလို၊ တိုင်းတစ်ပါးသားတွေလို လုပ်ကြရအောင်”+ ဆိုပြီး ကြံစည်ထားတဲ့အတိုင်း ဘယ်တော့မှ ဖြစ်မလာဘူး။’”
၃၃ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ အားကြီးတဲ့လက်၊ တန်ခိုးကြီးတဲ့လက်ရုံး၊ ပြင်းထန်တဲ့ဒေါသနဲ့ မင်းတို့ကို အုပ်စိုးမယ်။+ ၃၄ အားကြီးတဲ့လက်၊ တန်ခိုးကြီးတဲ့လက်ရုံး၊ ပြင်းထန်တဲ့ဒေါသနဲ့ လူမျိုးခြားတွေအလယ်ကနေ မင်းတို့ကို ခေါ်ထုတ်ပြီး တကွဲတပြား ရောက်နေတဲ့ တိုင်းပြည်တွေကနေ ပြန်စုသိမ်းမယ်။+ ၃၅ လူမျိုးခြားတွေရဲ့ တောကန္တာရထဲ မင်းတို့ကို ခေါ်ဆောင်လာပြီး ငါကိုယ်တိုင် တရားစီရင်မယ်။+
၃၆ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အီဂျစ်တောကန္တာရမှာ မင်းတို့ရဲ့ ဘိုးဘေးတွေကို ငါတရားစီရင်ခဲ့သလို မင်းတို့ကိုလည်း တရားစီရင်မယ်။ ၃၇ မင်းတို့ကို သိုးထိန်းရဲ့ တောင်ဝှေးအောက်+ ဖြတ်သွားစေပြီး ပဋိညာဉ်မှာပါတဲ့ တာဝန်တွေကို လိုက်နာစေမယ်။ ၃၈ ငါ့ကိုပုန်ကန်သူတွေ၊ ပြစ်မှားသူတွေကိုတော့ မင်းတို့ထဲကနေ ဖယ်ရှားမယ်။+ တိုင်းတစ်ပါးသားအဖြစ် နေထိုင်တဲ့ပြည်ကနေ သူတို့ကို ခေါ်ထုတ်လာခဲ့ပေမဲ့ အစ္စရေးပြည်ထဲ ဝင်ခွင့်ရမှာ မဟုတ်ဘူး။+ ငါဟာ ယေဟောဝါဖြစ်မှန်း မင်းတို့ သိရကြလိမ့်မယ်။’
၃၉ “အစ္စရေးအမျိုး၊ ‘သွားကြ။ ရွံမုန်းဖွယ်ရုပ်တုတွေကို ဝတ်ပြုကြ။+ ငါ့စကား နားမထောင်တဲ့အတွက် မင်းတို့ကို ငါစွန့်ပစ်မယ်။ နောက်နောင် မင်းတို့ရဲ့ ပူဇော်သက္ကာတွေ၊ ရွံမုန်းဖွယ်ရုပ်တုတွေကြောင့် သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်ကို ကဲ့ရဲ့ရှုတ်ချစရာဖြစ်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၄၀ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ငါ့ရဲ့သန့်ရှင်းရာတောင်၊ အစ္စရေးရဲ့ မြင့်မားတဲ့တောင်ပေါ်မှာ+ အစ္စရေးတစ်မျိုးလုံး ငါ့ကို ဝတ်ပြုကြလိမ့်မယ်။+ အဲဒီမှာ သူတို့ကို ငါနှစ်သက်လက်ခံမယ်။ အလှူတွေ၊ သီးဦးသီးဖျားအလှူတွေ၊ သန့်ရှင်းတဲ့အရာတွေကို ငါတောင်းဆိုမယ်။+ ၄၁ ငါက မင်းတို့ကို လူမျိုးခြားတွေဆီကနေ ခေါ်ထုတ်ပြီး တကွဲတပြား ရောက်နေတဲ့ ပြည်တွေကနေ ပြန်စုသိမ်းတဲ့အခါ+ မင်းတို့ပူဇော်တဲ့ မွှေးကြိုင်တဲ့ရနံ့ကြောင့် မင်းတို့ကို နှစ်သက်လက်ခံမယ်။ ငါဟာ မင်းတို့အလယ်မှာ သန့်ရှင်းမြင့်မြတ်တဲ့အရှင် ဖြစ်မှန်း လူမျိုးတွေ မြင်ရလိမ့်မယ်။’+
၄၂ “‘ဘိုးဘေးတွေကို ပေးမယ်လို့ ငါကျိန်ဆိုခဲ့တဲ့ပြည်၊ အစ္စရေးပြည်ထဲ မင်းတို့ကို ခေါ်ဆောင်လာတဲ့အခါ+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့ သိရကြလိမ့်မယ်။+ ၄၃ ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေခဲ့တဲ့ အကျင့်တွေ၊ လုပ်ရပ်တွေကို အဲဒီမှာ ပြန်သတိရလိမ့်မယ်။+ ပြီးတော့ လုပ်ခဲ့တဲ့ မကောင်းမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ရွံမုန်းကြလိမ့်မယ်။+ ၄၄ အစ္စရေးအမျိုး၊ မင်းတို့ရဲ့ အကျင့်ဆိုးတွေ၊ အကျင့်ပျက်လုပ်ရပ်တွေနဲ့အညီ မင်းတို့ကို မဆက်ဆံဘဲ ငါ့နာမည်ကိုထောက်ပြီး ဆက်ဆံတဲ့အခါ+ ငါဟာ ယေဟောဝါဖြစ်မှန်း သိရကြလိမ့်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။”
၄၅ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၄၆ “လူသား၊ တောင်အရပ်ဘက် မျက်နှာမူပြီး တောင်အရပ်ကို ကြေညာပါ။ တောင်ဘက် သစ်တောနဲ့ပတ်သက်ပြီး ပရောဖက်ပြုပါ။ ၄၇ တောင်ဘက်သစ်တောကို ပြောလိုက်– ‘ယေဟောဝါရဲ့စကားကို နားထောင်ပါ။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “မင်းကို ငါမီးရှို့မယ်။+ သစ်ပင် အစိမ်းရော အခြောက်ပါမကျန် မီးလောင်လိမ့်မယ်။ အဲဒီမီး ငြိမ်းမှာမဟုတ်ဘူး။+ တောင်ကနေ မြောက်အထိ လူအားလုံး မီးဟပ်ခံရလိမ့်မယ်။ ၄၈ ယေဟောဝါကိုယ်တိုင် မီးရှို့တဲ့အတွက် မီးငြိမ်းသွားမှာ မဟုတ်မှန်း+ လူအားလုံး သိရလိမ့်မယ်။”’”
၄၉ အဲဒီအခါ ကျွန်တော်က “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ သူတို့က ‘ဒီလူ စကားထာ ဝှက်နေတာပဲ’ ဆိုပြီး ကျွန်တော့်ကို ပြောနေကြတယ်” လို့ပြောလိုက်တယ်။
၂၁ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ ဂျေရုဆလင်မြို့ဘက် မျက်နှာမူပါ။ သန့်ရှင်းရာအရပ်တွေနဲ့ပတ်သက်ပြီး ကြေညာပါ။ အစ္စရေးပြည်နဲ့ပတ်သက်ပြီး ပရောဖက်ပြုပါ။ ၃ အစ္စရေးပြည်ကို ပြောလိုက်ပါ– ‘ယေဟောဝါ ပြောတာက– “အခု၊ မင်းကို ငါတိုက်ခိုက်မယ်။ ငါ့ဓားကို ဓားအိမ်ထဲကနေ ဆွဲထုတ်ပြီး+ လူဆိုးလူကောင်းမကျန် ဖျက်ဆီးမယ်။ ၄ လူဆိုးလူကောင်းမကျန် ဖျက်ဆီးမှာဖြစ်လို့ ငါ့ဓားကို ဆွဲထုတ်ပြီး တောင်ဘက်ကနေ မြောက်ဘက်အထိ လူအားလုံးကို ဒဏ်ပေးမယ်။ ၅ ယေဟောဝါကိုယ်တိုင် ဓားကို ဆွဲထုတ်တယ်ဆိုတာ လူအားလုံး သိရလိမ့်မယ်။ ဓားက ဓားအိမ်ထဲ ပြန်ဝင်မှာ မဟုတ်ဘူး။”’+
၆ “လူသား၊ ကြောက်ရွံ့တုန်လှုပ်ပြီး သက်ပြင်းချပါ။ သူတို့ရှေ့မှာ အကြီးအကျယ် သက်ပြင်းချပါ။+ ၇ ‘ဘာလို့ သက်ပြင်းချနေတာလဲ’ လို့မေးခဲ့ရင် ‘သတင်းတစ်ခု ကြားရလို့ပဲ’ လို့ပြန်ဖြေပါ။ အဲဒီအတိုင်း တကယ်ဖြစ်လာမယ်။ လူတိုင်း သတ္တိတွေပျောက်ပြီး လက်တွေ ပျော့ခွေသွားမယ်။ ဒူးတွေလည်း အရည်တစက်စက် ကျနေလိမ့်မယ်။*+ ‘အဲဒီအတိုင်း ဖြစ်လာမယ်။ တကယ် ဖြစ်လာမယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၈ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၉ “လူသား၊ မင်း ပြောရမှာက– ‘ယေဟောဝါ ပြောတယ်– ‘ဓားတစ်ချောင်း+ သွေးထားတယ်။ ပွတ်တိုက်ထားတယ်။ ၁၀ အကြီးအကျယ် သတ်ဖြတ်ဖို့ အဲဒီဓားကို သွေးထားတာ။ ပွတ်တိုက်ထားတာလည်း ဝင်းလက်နေတာပဲ’ လို့ ပရောဖက်ပြုပါ။”’”
“ငါတို့ ဝမ်းမသာသင့်ဘူးလား။”
“‘အဲဒီဓားက သစ်ပင်မှန်သမျှကို ခုတ်ပစ်သလို ငါ့သားရဲ့ ရာဇလှံတံကို ခုတ်ပစ်မလို့လား။+
၁၁ “‘အဲဒီဓားကို ပွတ်တိုက်ဖို့၊ ကိုင်ဆောင်အသုံးပြုဖို့ အပ်ထားတယ်။ အဲဒီဓားကို သွေးပြီး ပွတ်တိုက်ထားတာက သတ်ဖြတ်မယ့်သူလက်ထဲ အပ်ဖို့ပဲ။+
၁၂ “‘လူသား၊ အော်ဟစ်ငိုကြွေးပါ။+ အဲဒီဓားက ငါ့လူတွေကို တိုက်ခိုက်ဖို့ လာနေပြီ။ အစ္စရေးခေါင်းဆောင်တွေကို တိုက်ခိုက်မှာဖြစ်လို့+ သူတို့က ငါ့လူတွေနဲ့အတူ ဓားစာမိသွားလိမ့်မယ်။ ဒါကြောင့် ဝမ်းနည်းပက်လက်နဲ့ ကိုယ့်ပေါင်ကိုယ်ထောင်းပါ။ ၁၃ ဓားကို စမ်းသုံးကြည့်ပြီးပြီ။+ အဲဒီဓားနဲ့ ရာဇလှံတံကို ခုတ်ပစ်ရင် ဘာဖြစ်သွားမလဲ။ ရာဇလှံတံရှိတော့မှာ မဟုတ်ဘူး။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။
၁၄ “လူသား၊ ပရောဖက်ပြုပါ။ လက်ခုပ်တီးပြီး ‘ဓား’ လို့သုံးကြိမ် အော်ပါ။ အဲဒီဓားဟာ လူသတ်မယ့်ဓား၊ ဝိုင်းရံပြီး အကြီးအကျယ် သတ်ဖြတ်မယ့် ဓားပဲ။+ ၁၅ ဓားနဲ့ ငါကွပ်မျက်မယ်။ သူတို့ သတ္တိပျောက်ပြီး+ မြို့တံခါးတွေမှာ အတုံးအရုံး ကျဆုံးလိမ့်မယ်။ သတ်ဖြတ်ဖို့ ပွတ်တိုက်ထားတဲ့အတွက် ဓားဟာ ဝင်းလက်နေတယ်။ ၁၆ ညာဘက်ကို ခုတ်ပိုင်းလိုက်။ ဘယ်ဘက်ကို ဝှေ့ယမ်းလိုက်။ ဓားသွား ညွှန်ရာဘက်ကို ခုတ်လိုက်။ ၁၇ ငါလည်း လက်ခုပ်တီးပြီး အမျက်ပြေသွားမယ်။+ ဒါဟာ ယေဟောဝါကိုယ်တိုင် ပြောတဲ့ စကားပဲ။”
၁၈ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၁၉ “လူသား၊ ဗာဗုလုန်ဘုရင် ဓားကိုင်ပြီးလာမယ့် လမ်းနှစ်လမ်းကို မှတ်သားပါ။ အဲဒီလမ်းဟာ တိုင်းပြည်တစ်ပြည်ကနေ အစပြုတဲ့လမ်းပဲ။ မြို့နှစ်မြို့ကို ခွဲထွက်မယ့် လမ်းဆုံမှာ လမ်းညွှန်ဆိုင်းဘုတ် ရှိနေရမယ်။ ၂၀ တစ်လမ်းကို အမ္မုန်ပြည်၊ ရဗာမြို့သို့၊+ နောက်တစ်လမ်းကို ယုဒပြည်၊ ဂျေရုဆလင်ခံတပ်မြို့သို့ဆိုပြီး+ မှတ်သားပါ။ ၂၁ ဗာဗုလုန်ဘုရင်က အဲဒီလမ်းဆုံမှာ ရပ်ပြီး မှော်ပညာနဲ့ တွက်ချက်လိမ့်မယ်။ မြားတွေကို လှုပ်ခါပြီး ရုပ်တုတွေကို* မေးမြန်းလိမ့်မယ်။ တိရစ္ဆာန်အသည်းကို ကြည့်လိမ့်မယ်။ ၂၂ သူ့ညာလက်မှာပေါ်လာတဲ့ မှော်ပညာက ဂျေရုဆလင်မြို့ဘက် သွားဖို့ ညွှန်ပြတယ်။ ခံတပ်ဖြိုစက်တွေ တပ်ဆင်ဖို့၊ သတ်မိန့်ပေးဖို့၊ စစ်ငြာသံပေးဖို့၊ မြို့တံခါးဖြိုမယ့် ခံတပ်ဖြိုစက်တွေ တပ်ဆင်ဖို့၊ ထိုးစစ်ကုန်းရိုးတွေ၊ ထိုးစစ်တံတိုင်းတွေ တည်ဆောက်ဖို့ပဲ။+ ၂၃ သူ့ဆီမှာ သစ္စာခံမယ်လို့ ကျိန်ဆိုထားသူတွေကတော့ အဲဒီမှော်ပညာ မှားနေတယ်လို့ ထင်ကြလိမ့်မယ်။+ ဒါပေမဲ့ သူက သူတို့ရဲ့အပြစ်ကို ပြန်သတိရပြီး သူတို့ကို ဖမ်းခေါ်သွားလိမ့်မယ်။+
၂၄ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– ‘မင်း ဘာပဲလုပ်လုပ် မင်းရဲ့အပြစ်တွေ ပေါ်နေတယ်၊ မင်းရဲ့အမှားတွေကို ပြန်သတိရစရာချည်းပဲ ဖြစ်နေတယ်။ အခု၊ မင်းကို သတိရတဲ့အနေနဲ့ ဖမ်းခေါ်သွားလိမ့်မယ်။’
၂၅ “အပြင်းအထန် ဒဏ်ရာရနေတဲ့၊ ဆိုးညစ်တဲ့ အစ္စရေးခေါင်းဆောင်၊ မင်းရဲ့နေ့ ရောက်လာပြီ။+ မင်းကို အပြီးသတ် ဒဏ်ပေးမယ့်အချိန် ရောက်လာပြီ။ ၂၆ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ခေါင်းပေါင်းကို ချွတ်ပါ။ သရဖူကို ချွတ်လိုက်ပါ။+ ဒါတွေ အရင်အတိုင်း ရှိနေတော့မှာ မဟုတ်ဘူး။+ နိမ့်ကျသူကို ချီးမြှောက်ပြီး+ ကြီးမြတ်သူကို နှိမ့်ချပါ။+ ၂၇ သရဖူကို ငါဖျက်ဆီးမယ်၊ ဖျက်ဆီးမယ်၊ ဖျက်ဆီးမယ်။ အုပ်စိုးပိုင်ခွင့်ရှိသူ မရောက်မချင်း ဘယ်သူမှ ပိုင်ရမှာ မဟုတ်ဘူး။+ သူရောက်လာတဲ့အခါ အဲဒီသရဖူကို ပေးမယ်။’+
၂၈ “လူသား၊ မင်း ပရောဖက်ပြုလိုက်ပါ– ‘အမ္မုန်လူမျိုးတွေ၊ သူတို့ စော်ကားပြောဆိုတာနဲ့ပတ်သက်ပြီး အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက “ဓားကို သတ်ဖြတ်ဖို့ ဆွဲထုတ်ထားတယ်။ သုတ်သင်ပယ်ရှင်းဖို့ ပွတ်တိုက်ထားတာ ဝင်းလက်နေတာပဲ။ ၂၉ မင်းတို့ မဟုတ်မမှန်တဲ့ စိတ်အာရုံတွေမြင်ပြီး မှော်ပညာနဲ့ ဟောပေမဲ့ အသေကောင်တွေလိုပဲ စုပုံခံရလိမ့်မယ်။ လူဆိုးတွေရဲ့နေ့ရက်၊ သူတို့ကို အပြီးသတ် ဒဏ်ပေးမယ့်အချိန် ရောက်လာပြီ။ ၃၀ ဓားကို ဓားအိမ်ထဲ ပြန်ထည့်ပါ။ မင်းတို့ကို နေရင်းပြည်၊ ဇာတိပြည်မှာ တရားစီရင်မယ်။ ၃၁ မင်းတို့အပေါ် ငါ့ဒေါသကို သွန်းလောင်းမယ်။ ငါ့ဒေါသမီးကို မင်းတို့အပေါ် မှုတ်မယ်။ ရက်စက်သူတွေ၊ အဖျက်ဝိဇ္ဇာတွေလက်ထဲ မင်းတို့ကို ငါအပ်မယ်။+ ၃၂ မင်းတို့ မီးစာ ဖြစ်သွားလိမ့်မယ်။+ မင်းတို့ပြည်မှာ သွေးချောင်းစီးနေလိမ့်မယ်။ မင်းတို့ကို သတိရတော့မှာ မဟုတ်ဘူး။ ဒါဟာ ယေဟောဝါကိုယ်တိုင် ပြောတဲ့စကားပဲ။”’”
၂၂ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ သွေးပြစ်သင့်နေတဲ့မြို့ကို သူခံရမယ့် တရားစီရင်ချက်အကြောင်း ကြေညာဖို့၊+ သူ့ရဲ့ ရွံစရာအကျင့်တွေကို အသိပေးဖို့ အသင့်ဖြစ်ပြီလား။+ ၃ မင်း ပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အို ဂျေရုဆလင်မြို့၊ မင်းဆီမှာ သွေးထွက်သံယိုမှုတွေ တွေ့ရတယ်။+ မင်းက ရွံရှာဖွယ်ရုပ်တုတွေနဲ့* ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေတယ်။+ မင်း ပြစ်ဒဏ်ခံရမယ့်အချိန် ရောက်လာပြီ။+ ၄ မင်းဟာ လူသတ်မှုတွေကြောင့် အပြစ်သင့်နေပြီ။+ ရွံမုန်းဖွယ်ရုပ်တုတွေကြောင့် မသန့်မရှင်း ဖြစ်နေပြီ။+ မင်းရဲ့ နေ့ရက်တွေ အမြန်ကုန်ဆုံးအောင် မင်းလုပ်နေတယ်။ မင်းရဲ့ နှစ်တွေ ကုန်ဆုံးတော့မယ်။ ဒါကြောင့် မင်းကို လူမျိုးခြားတွေ ကဲ့ရဲ့ရှုတ်ချစရာ၊ တိုင်းနိုင်ငံတွေ လှောင်ပြောင်စရာ ဖြစ်အောင် ငါလုပ်မယ်။+ ၅ ရပ်နီးရပ်ဝေးက တိုင်းနိုင်ငံတွေဟာ နာမည်ဆိုးရှိတဲ့၊ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ မင်းကို လှောင်ပြောင်လိမ့်မယ်။+ ၆ အစ္စရေးခေါင်းဆောင်တွေ အာဏာသုံးပြီး လူသတ်နေတယ်။+ ၇ လူတွေ ကိုယ့်မိဘကို မထီလေးစား ဆက်ဆံတယ်။+ တိုင်းတစ်ပါးသားကို ဖြတ်စားလျှပ်စား လုပ်တယ်။ မိဘမဲ့၊ မုဆိုးမကို အနိုင်ကျင့်တယ်။””+
၈ “‘ငါ့ရဲ့ သန့်ရှင်းရာအရပ်တွေကို မင်း မထီလေးစားလုပ်တယ်။ ဥပုသ်နေ့တွေကို ညစ်ညူးစေတယ်။+ ၉ သူတစ်ပါးကို သေကြောင်းကြံဖို့ အသရေဖျက်တဲ့သူတွေ မင်းအလယ်မှာ ရှိနေတယ်။+ သူတို့က တောင်တန်းတွေပေါ်မှာပူဇော်တဲ့ ယဇ်ကောင်တွေကို စားတယ်။ ညစ်ညမ်းတဲ့အကျင့်တွေ ကျင့်နေတယ်။+ ၁၀ မင်းအလယ်မှာ သူတို့က အဖေရဲ့အိပ်ရာကို ရှုတ်ချတယ်။+ ရာသီလာလို့ မသန့်မရှင်းဖြစ်နေတဲ့မိန်းမနဲ့ အတူအိပ်တယ်။+ ၁၁ မင်းဆီမှာ တစ်ယောက်က အိမ်နီးချင်းရဲ့မိန်းမနဲ့ ဖောက်ပြန်တယ်။+ နောက်တစ်ယောက်က ညစ်ညမ်းတဲ့အကျင့် ကျင့်ပြီး ချွေးမကို ညစ်ညူးစေတယ်။+ နောက်တစ်ယောက်က အဖေတူအမေကွဲ နှမကို စော်ကားတယ်။+ ၁၂ သူတို့က လာဘ်စားပြီး လူသတ်ကြတယ်။+ မင်းက ငွေတိုးစားတယ်။+ အမြတ်ကြီးစားတယ်။ အိမ်နီးချင်းဆီကနေ ငွေညှစ်တယ်။+ မင်း ငါ့ကို လုံးဝမေ့သွားပြီ’ လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်။
၁၃ “‘မင်းအလယ်မှာ မသမာနည်းနဲ့ စီးပွားရှာနေတာတွေ၊ သွေးထွက်သံယိုမှုတွေကို ရွံလွန်းလို့ ငါလက်ခုပ်တီးမယ်။ ၁၄ ငါအရေးယူတဲ့နေ့မှာ မင်း သတ္တိရှိပါဦးမလား။ မင်းလက်တွေ ခိုင်ပါဦးမလား။+ ငါယေဟောဝါကိုယ်တိုင် ပြောပြီး ပြောတဲ့အတိုင်း လုပ်ဆောင်မယ်။ ၁၅ မင်းကို လူမျိုးခြားတွေအလယ်မှာ ငါကွဲလွင့်စေမယ်။ တိုင်းပြည်တွေအလယ်မှာ တကွဲတပြား ဖြစ်စေမယ်။+ မင်းရဲ့ မသန့်ရှင်းမှုကို အဆုံးသတ်လိုက်မယ်။+ ၁၆ လူမျိုးခြားတွေရှေ့မှာ မင်း အရှက်ခွဲခံရလိမ့်မယ်။ ငါဟာ ယေဟောဝါပဲဆိုတာ မင်း သိရလိမ့်မယ်။’”+
၁၇ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၁၈ “လူသား၊ အစ္စရေးတွေဟာ ငါ့အတွက် အသုံးမဝင်တဲ့ ချော်လိုပဲ။* မီးဖိုထဲက ကြေးနီ၊ ခဲမဖြူ၊ သံနဲ့ ခဲတွေပဲ။ ငွေကိုစစ်တဲ့အခါ ထွက်လာတဲ့ ချော်တွေပဲ။+
၁၉ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မင်းတို့အားလုံးဟာ အသုံးမဝင်တဲ့ချော်နဲ့ တူတဲ့အတွက်+ ဂျေရုဆလင်မြို့ထဲမှာ ငါစုသိမ်းမယ်။ ၂၀ ငွေ၊ ကြေးနီ၊ သံ၊ ခဲ၊ ခဲမဖြူတွေကို မီးဖိုမှာ စုပြီး မီးမှုတ်၊ အရည်ကျိုတတ်ကြတယ်။ ငါလည်း မင်းတို့ကို စိတ်ဆိုးမာန်ဆိုး စုမယ်၊ ဒေါသမီးမှုတ်ပြီး အရည်ကျိုပစ်မယ်။+ ၂၁ မင်းတို့ကို စုပြီး ဒေါသမီးကို မှုတ်မယ်။+ မြို့ထဲမှာ မင်းတို့ အရည်ပျော်သွားလိမ့်မယ်။+ ၂၂ ငွေဟာ မီးဖိုထဲမှာ အရည်ပျော်သွားသလို မင်းတို့လည်း မြို့ထဲမှာ အရည်ပျော်သွားလိမ့်မယ်။ ငါယေဟောဝါကိုယ်တိုင် မင်းတို့အပေါ် ဒေါသသွန်းလောင်းတယ်ဆိုတာ မင်းတို့ သိရလိမ့်မယ်။’”
၂၃ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂၄ “လူသား၊ သူ့ကို ပြောလိုက်ပါ– ‘အမျက်တော် နေ့မှာ မင်းဟာ သန့်စင်မခံရမယ့်ပြည်၊ မိုးရေမရမယ့်ပြည်ပဲ။ ၂၅ မင်းရဲ့ ပရောဖက်တွေဟာ သားကောင်ကို ကိုက်ဆွဲပြီး ဟိန်းဟောက်နေတဲ့ ခြင်္သေ့တွေလိုပဲ။+ မင်းအလယ်မှာ သူတို့ ပူးပေါင်းကြံစည်ပြီး+ လူတွေကို ဝါးမျိုနေတယ်။ စည်းစိမ်ဥစ္စာတွေ၊ တန်ဖိုးရှိတာတွေကို သိမ်းယူတယ်။ မိန်းမအများကြီးကို မုဆိုးမဘဝ ရောက်စေတယ်။ ၂၆ မင်းရဲ့ ပုရောဟိတ်တွေဟာ ငါ့ပညတ်ချက်ကို ချိုးဖောက်ပြီး+ သန့်ရှင်းရာအရပ်တွေကို ညစ်ညူးစေတယ်။+ သန့်ရှင်းမြင့်မြတ်တာနဲ့ သာမန်အရာကို ကွဲကွဲပြားပြားဖြစ်အောင် မလုပ်ပေးဘူး။+ မသန့်ရှင်းတဲ့အရာနဲ့ သန့်ရှင်းတဲ့အရာကို ခွဲခြားသိအောင် မသင်ပေးဘူး။+ ဥပုသ်နေ့တွေကို မစောင့်ထိန်းကြဘူး။ ငါ့ကို ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေတယ်။ ၂၇ မင်းအလယ်မှာ မင်းညီမင်းသားတွေဟာ သားကောင်ကို ကိုက်ဆွဲတဲ့ ဝံပုလွေနဲ့တူတယ်။ သူတို့က မသမာနည်းနဲ့ စီးပွားရှာဖို့ လူသတ်တယ်။+ ၂၈ ကွဲအက်တဲ့နံရံကို ထုံးဖြူသုတ်ပြီး ဖုံးသလိုမျိုး ပရောဖက်တွေဟာ သူတို့အကျင့်ဆိုးတွေကို ဖုံးထားကြတယ်။ မဟုတ်မမှန်တဲ့ စိတ်အာရုံတွေ မြင်ပြီး မှော်ပညာနဲ့ ဟောကြတယ်။+ ယေဟောဝါ မမိန့်မှာဘဲနဲ့ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက” ဆိုပြီးပြောတတ်ကြတယ်။ ၂၉ ပြည်သားတွေဟာ လိမ်လည်လှည့်စားတယ်။ လုယက်တယ်။+ ဆင်းရဲချို့ငဲ့သူတွေကို အနိုင်ကျင့်တယ်။ တိုင်းတစ်ပါးသားတွေကို ဖြတ်စားလျှပ်စား လုပ်တယ်။ မတော်မတရား လုပ်တယ်။’
၃၀ “‘တိုင်းပြည် ဖျက်ဆီးမခံရအောင် ကျောက်မြို့ရိုးကို ပြုပြင်မယ့်သူ၊ တိုင်းပြည်ကိုကာကွယ်ဖို့ မြို့ရိုးပြိုပျက်တဲ့နေရာမှာ ရပ်နေမယ့်သူကို သူတို့ထဲမှာ ငါရှာပေမဲ့+ တစ်ယောက်မှ မတွေ့ဘူး။ ၃၁ ဒါကြောင့် ငါ့ဒေါသကို သူတို့အပေါ် သွန်းလောင်းမယ်။ ဒေါသမီးနဲ့ ဖျက်ဆီးမယ်။ သူတို့လမ်းစဉ်ရဲ့ အကျိုးဆက်ကို ပြန်ခံစေမယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၂၃ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ တစ်မိတည်းက မွေးလာတဲ့ ညီအစ်မနှစ်ယောက် ရှိတယ်။+ ၃ သူတို့က အီဂျစ်ပြည်မှာ အပျိုဖျန်းကတည်းက ပြည့်တန်ဆာ ဖြစ်လာတယ်။+ လိင်အကျင့်ယိုယွင်းပြီး အပျိုရည်ပျက်သွားတယ်။ ၄ အစ်မနာမည်က အဟောလ၊* ညီမနာမည်က အဟောလိဗ။* သူတို့ဟာ ငါပိုင်ဆိုင်တဲ့ ဇနီးတွေဖြစ်ပြီး သားသမီးတွေ မွေးပေးတယ်။ အဟောလဆိုတာ ရှမာရိကို ပြောတာ၊+ အဟောလိဗဆိုတာ ဂျေရုဆလင်ကို ပြောတာ။
၅ “အဟောလက ငါ့ဇနီးဖြစ်နေလျက်နဲ့ ပြည့်တန်ဆာ လုပ်တယ်။+ ရာဂစိတ်မွှန်ပြီး+ အိမ်နီးချင်း အဆီးရီးယားတွေကို အရူးအမူး စွဲမက်နေတယ်။+ ၆ သူတို့ဟာ အပြာရောင်ဝတ်ထားတဲ့ ဘုရင်ခံတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ခန့်ခန့်ချောချော မြင်းစီးသူရဲတွေပဲ။ ၇ အဆီးရီးယားပြည်က ဒိတ်ဒိတ်ကြဲ ယောက်ျားတွေနဲ့ ပြည့်တန်ဆာလုပ်တယ်။ သူတို့ကို အရူးအမူးစွဲမက်ရုံမက သူတို့ရဲ့ ရွံမုန်းဖွယ်ရုပ်တုတွေနဲ့ပါ* ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေတယ်။+ ၈ အီဂျစ်ပြည်မှာလုပ်ခဲ့တဲ့ ပြည့်တန်ဆာအလုပ်ကို မစွန့်ဘူး။ အပျိုဖျန်းကတည်းက အီဂျစ်ပြည်သားတွေနဲ့ အိပ်တယ်။ သူတို့နဲ့ လိင်အကျင့်ယိုယွင်းပြီး အပျိုရည်ပျက်ခဲ့တယ်။+ ၉ ဒါကြောင့် သူ့ရဲ့ တမ်းတမ်းစွဲရည်းစား အဆီးရီးယားတွေလက်ထဲ ငါအပ်လိုက်တယ်။+ ၁၀ သူတို့က သူ့ကို အဝတ်ဗလာ ဖြစ်စေကြတယ်။+ သူ့သားသမီးတွေကို ဖမ်းဆီးတယ်။+ သူ့ကို ကွပ်မျက်ပြီး ပြစ်ဒဏ်စီရင်ကြတယ်။ သူဟာ နာမည်ပျက်တဲ့မိန်းမ ဖြစ်လာတယ်။
၁၁ “ဒါတွေကို ညီမအဟောလိဗ တွေ့တဲ့အခါ အစ်မထက် ပိုအကျင့်ပျက်ဆိုးသွမ်းတဲ့ ပြည့်တန်ဆာ ဖြစ်လာတယ်။+ ၁၂ သူက အိမ်နီးချင်း အဆီးရီးယားတွေကို အရူးအမူး တပ်မက်တယ်။+ အဲဒီလူတွေဟာ သားသားနားနား ဝတ်ဆင်ထားတဲ့ ဘုရင်ခံတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ခန့်ခန့်ချောချော မြင်းစီးသူရဲတွေပဲ။ ၁၃ သူက ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေပြီး အစ်မရဲ့လမ်းစဉ်အတိုင်း လိုက်နေတာကို ငါတွေ့တယ်။+ ၁၄ ဒါပေမဲ့ သူက အစ်မထက်အကျင့်ပျက်တယ်။ နံရံပေါ်မှာ ရေးထွင်းထားတဲ့ ယောက်ျားပုံတွေ၊ အနီရင့်ရောင်ခြယ်ထားတဲ့ ခါလဒဲလူတွေရဲ့ပုံတွေ၊ ၁၅ စစ်သည်လို ခါးစည်းစည်းပြီး ခေါင်းပေါင်းစအရှည်ကြီး ချထားပုံတွေ၊ ခါလဒဲပြည်ဖွား ဗာဗုလုန်တွေရဲ့ ပုံတွေကိုလည်း တွေ့ရော၊ ၁၆ ရာဂစိတ်မွှန်ပြီး ခါလဒဲပြည်မှာရှိတဲ့ သူတို့ဆီ တမန်တွေလွှတ်တယ်။+ ၁၇ ဒါနဲ့ ဗာဗုလုန်လူတွေ ရောက်လာပြီး သူနဲ့ချစ်တင်းနှောကြတယ်။ သူနဲ့အိပ်ပြီး ညစ်ညူးစေကြတယ်။ သူ အဲဒီလိုညစ်ညူးပြီးတဲ့နောက် သူတို့ကို ရွံလွန်းလို့ စွန့်ခွာသွားတယ်။
၁၈ “သူဟာ အရှက်မရှိ ပြည့်တန်ဆာလုပ်ရင်း အဝတ်ဗလာ ဖြစ်နေတယ်။+ ဒါကြောင့် သူ့အစ်မကို ရွံလွန်းလို့ စွန့်ခွာခဲ့သလို သူ့ကိုလည်း ရွံလွန်းလို့ ငါစွန့်ခွာလိုက်တယ်။+ ၁၉ သူဟာ အီဂျစ်ပြည်မှာ ပြည့်တန်ဆာလုပ်ခဲ့တဲ့ အပျိုဖျန်းဘဝကို သတိရပြီး+ ပြည့်တန်ဆာ လုပ်မြဲလုပ်နေတယ်။+ ၂၀ မြည်းထီးအင်္ဂါ၊ မြင်းထီးအင်္ဂါမျိုးရှိတဲ့ ယောက်ျားတွေရဲ့ မယားငယ်လို သူတို့ကို စွဲလမ်းနေတယ်။ ၂၁ အီဂျစ်ပြည်မှာ မင်း ငယ်ငယ်ရွယ်ရွယ်နဲ့ အပျိုရည်ပျက်ခဲ့တယ်။+ အဲဒီတုန်းက ကျင့်ခဲ့တဲ့ ညစ်ညမ်းတဲ့အကျင့်တွေကို ပြန်တမ်းတနေတယ်။+
၂၂ “ဒါကြောင့် အဟောလိဗ၊ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မင်းရွံလွန်းလို့ စွန့်ခွာခဲ့တဲ့ ရည်းစားတွေကို ငါနှိုးဆော်မယ်။+ မင်းကိုတိုက်ခိုက်ဖို့ အရပ်ရပ်ကနေ သူတို့ကို ခေါ်ခဲ့မယ်။+ ၂၃ ဗာဗုလုန်လူတွေ၊+ ခါလဒဲလူတွေ၊+ ပေကုတ်လူတွေ၊+ ရှော့လူတွေ၊ ကော့လူတွေသာမက အဆီးရီးယားလူတွေကိုပါ ငါခေါ် ခဲ့မယ်။ ဘုရင်ခံတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ စစ်သည်တွေ၊ လက်ရွေးစင်တွေ၊ ခန့်ခန့်ချောချော မြင်းစီးသူရဲတွေပဲ။ ၂၄ သူတို့က တဂျုံးဂျုံးမြည်နေတဲ့ စစ်မြင်းရထားတွေ၊ စစ်သည်အလုံးအရင်းနဲ့အတူ မင်းကို တိုက်ခိုက်လိမ့်မယ်။ ဒိုင်းလွှားကြီး၊ ဒိုင်းလွှားငယ်တွေ ကိုင်ပြီး၊ သံခမောက်တွေ ဆောင်းပြီး ဝိုင်းထားလိမ့်မယ်။ မင်းကိုတရားစီရင်ဖို့ သူတို့ကို ငါအခွင့်အာဏာ ပေးမယ်။ မင်းကို စိတ်ကြိုက် တရားစီရင်ကြလိမ့်မယ်။+ ၂၅ မင်းကို ငါအမျက်ထွက်တဲ့အတွက် သူတို့က မင်းကို ဒေါသတကြီးဒဏ်ပေးပြီး နှာခေါင်းနဲ့ နားရွက်တွေကို ဖြတ်ပစ်မယ်။ ကျန်တဲ့သူတွေ ဓားဘေးနဲ့ သေလိမ့်မယ်။ မင်းရဲ့သားသမီးတွေကို ဖမ်းခေါ်သွားမယ်။ ကျန်တဲ့သူတွေ မီးလောင်သွားလိမ့်မယ်။+ ၂၆ သူတို့က မင်းရဲ့အဝတ်ကို ချွတ်ပြီး+ လက်ဝတ်ရတနာတွေကို သိမ်းသွားလိမ့်မယ်။+ ၂၇ အီဂျစ်ပြည်မှာ မင်းစခဲ့တဲ့+ ညစ်ညမ်းတဲ့ အကျင့်တွေ၊ ပြည့်တန်ဆာ လုပ်တာတွေကို ငါအဆုံးတိုင်စေမယ်။+ သူတို့ကို မင်း မျှော်ရတော့မှာ မဟုတ်ဘူး။ အီဂျစ်ပြည်ကို သတိရတော့မှာ မဟုတ်ဘူး။’
၂၈ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မင်းမုန်းတဲ့သူတွေ၊ ရွံလွန်းလို့ စွန့်ခွာခဲ့သူတွေလက်ထဲ မင်းကို ငါအပ်မယ်။+ ၂၉ သူတို့က မင်းကို မုန်းတီးစိတ်နဲ့ ဆက်ဆံလိမ့်မယ်။ မင်းရဲ့ချွေးနှဲစာကို ယူသွားပြီး+ အဝတ်ဗလာနဲ့ ထားခဲ့လိမ့်မယ်။ မင်း အရှက်မရှိဘဲ အဝတ်ဗလာနဲ့ အကျင့်ပျက်ခဲ့တာတွေ၊ ညစ်ညမ်းတဲ့ အကျင့်တွေ၊ ပြည့်တန်ဆာ လုပ်ခဲ့တာတွေကို လူတကာမြင်ရလိမ့်မယ်။+ ၃၀ လူမျိုးခြားတွေနောက် ပြည့်တန်ဆာလိုလိုက်နေတဲ့အတွက်၊+ ရွံမုန်းဖွယ်ရုပ်တုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေတဲ့အတွက် မင်း အဲဒီလိုကြုံရလိမ့်မယ်။+ ၃၁ အစ်မရဲ့ လမ်းစဉ်အတိုင်း လိုက်တဲ့အတွက်+ သူ့ခွက်ကို မင်းလက်ထဲ ငါထည့်ပေးမယ်။’+
၃၂ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက–
‘မင်းအစ်မရဲ့ခွက်၊ ဇောက်နက်တဲ့ ခွက်ကြီးကို မင်း သောက်ရလိမ့်မယ်။+
မင်းဟာ ရယ်စရာ၊ လှောင်ပြောင်စရာ ဖြစ်သွားလိမ့်မယ်။+
၃၃ မင်းအစ်မ ရှမာရိရဲ့ခွက်၊
ထိတ်လန့်ပျက်စီးခြင်းခွက်ကို
အကုန်သောက်ပြီး မင်း မူးယစ်ကြေကွဲရလိမ့်မယ်။
၃၄ အဲဒီခွက်ကို တစ်စက်မကျန် သောက်ရလိမ့်မယ်။+ ခွက်အပိုင်းအစတွေကို ဝါးစား ရလိမ့်မယ်။
ရင်ကွဲပက်လက် ဖြစ်နေလိုက်ပါ။
“ဒါဟာ ငါကိုယ်တိုင်ပြောတဲ့စကားပဲ” လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်။’
၃၅ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မင်းက ငါ့ကို မေ့ထားတယ်။ လုံးဝ အရေးမစိုက်တော့ဘူး။+ ဒါကြောင့် မင်းရဲ့ညစ်ညမ်းတဲ့ အကျင့်တွေ၊ ပြည့်တန်ဆာလုပ်ရပ်တွေရဲ့ အကျိုးဆက်ကို ခံရလိမ့်မယ်။’”
၃၆ အဲဒီနောက် ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– “လူသား၊ အဟောလနဲ့ အဟောလိဗခံရမယ့် တရားစီရင်ချက်ကို ကြေညာမလား။+ သူတို့ရဲ့ ရွံစရာအကျင့်တွေကို ဖော်ထုတ်မလား။ ၃၇ သူတို့ အိမ်ထောင်ရေးဖောက်ပြန်နေတယ်။+ သူတို့လက်မှာ သွေးစွန်းနေတယ်။ ရွံမုန်းဖွယ်ရုပ်တုတွေနဲ့ ဖောက်ပြန်ရုံမက ငါ့အတွက်မွေးပေးတဲ့ သားတွေကို ရုပ်တုတွေစားဖို့ မီးရှို့ပူဇော်ကြတယ်။+ ၃၈ ဒါ့အပြင် အဲဒီနေ့မှာ သန့်ရှင်းရာဌာနတော်ကိုရော ဥပုသ်နေ့ကိုပါ ညစ်ညူးစေတယ်။ ၃၉ သူတို့ရဲ့သားတွေကို သတ်ပြီး ရွံမုန်းဖွယ်ရုပ်တုတွေဆီ ပူဇော်ပြီးတဲ့နောက်+ အဲဒီနေ့မှာပဲ သန့်ရှင်းရာဌာနတော်ကို လာပြီး ညစ်ညူးစေကြတယ်။+ ငါ့အိမ်ထဲမှာ အဲဒီလို လုပ်နေတယ်။ ၄၀ သူတို့က တမန်ကိုလွှတ်ပြီး ရပ်ဝေးက ယောက်ျားတွေကို ဖိတ်ခေါ်တယ်။+ ရောက်လာတဲ့အခါ အဟောလိဗက ရေမိုးချိုး၊ မျက်လုံးခြယ်သပြီး လက်ဝတ်တန်ဆာ ဆင်မြန်းတယ်။+ ၄၁ ငါ့ရဲ့ နံ့သာပေါင်းနဲ့+ ဆီကို+ ရှေ့မှာရှိတဲ့စားပွဲပေါ်+ တင်ပြီး လှပခမ်းနားတဲ့ ခုံတန်းရှည်မှာ ထိုင်တယ်။+ ၄၂ ပျော်မြူးနေတဲ့ ယောက်ျားတွေရဲ့အသံ ကြားရတယ်။ တောကန္တာရထဲက အမူးသမားတွေလည်း ပါတယ်။ သူတို့နှစ်ယောက်ကို လက်ကောက် ဝတ်ပေးပြီး လှပတဲ့သရဖူ ဆောင်းပေးကြတယ်။
၄၃ “အကြိမ်ကြိမ် အိမ်ထောင်ရေးဖောက်ပြန်လို့ ခြေကုန်လက်ပန်းကျနေတဲ့ မိန်းမကတော့ ‘ပြည့်တန်ဆာလုပ်နေဦးမှာပဲ’ လို့ငါပြောတယ်။ ၄၄ ပြည့်တန်ဆာဆီ သွားသလိုမျိုး သူ့ဆီ သွားနေကြဦးမှာပဲ။ အကျင့်ယိုယွင်းတဲ့ အဟောလနဲ့ အဟောလိဗဆီ အဲဒီလိုပဲသွားနေကြတယ်။ ၄၅ ဖြောင့်မတ်တဲ့ ယောက်ျားတွေကတော့ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ လူသတ်မှုအတွက် သူ့ကို ထိုက်သင့်သလို တရားစီရင်လိမ့်မယ်။+ အဲဒီမိန်းမတွေဟာ အိမ်ထောင်ရေးဖောက်ပြန်သူတွေ၊ လက်မှာ သွေးစွန်းနေသူတွေပဲ။+
၄၆ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘သူတို့ကို တိုက်ခိုက်လုယက်ဖို့ စစ်သည်တွေ ရောက်လာမယ်။ သူတို့ကို လူတွေ ထိတ်လန့်စရာ ဖြစ်စေမယ်။+ ၄၇ စစ်သည်တွေက သူတို့ကို ကျောက်ခဲနဲ့ပေါက်ပြီး+ ဓားနဲ့ခုတ်ကြလိမ့်မယ်။ သူတို့ရဲ့ သားသမီးတွေကို သတ်ပြီး+ အိမ်တွေကို မီးရှို့လိမ့်မယ်။+ ၄၈ တိုင်းပြည်မှာရှိတဲ့ ညစ်ညမ်းတဲ့အကျင့်ကို ငါအဆုံးတိုင်စေမယ်။ အမျိုးသမီးတွေက သင်ခန်းစာယူပြီး မင်းရဲ့ ညစ်ညမ်းတဲ့အကျင့်ကိုအတုယူမှာ မဟုတ်ဘူး။+ ၄၉ မင်းရဲ့ ညစ်ညမ်းတဲ့အကျင့်၊ ရွံမုန်းဖွယ်ရုပ်တုကိုးကွယ်တဲ့ အပြစ်ရဲ့အကျိုးဆက်ကို ပြန်ခံစေကြလိမ့်မယ်။ ငါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပဲဆိုတာ မင်း သိရလိမ့်မယ်။’”+
၂၄ ကိုးနှစ်မြောက်၊ ဆယ်လပိုင်း၊ ဆယ်ရက်နေ့မှာ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ ဒီနေ့ဒီရက်ကို ရေးမှတ်ထားပါ။ ဒီနေ့ဟာ ဂျေရုဆလင်မြို့ကို ဗာဗုလုန်ဘုရင် စတိုက်ခိုက်တဲ့နေ့ပဲ။+ ၃ ပုန်ကန်တတ်တဲ့အမျိုးနဲ့ပတ်သက်ပြီး စကားပုံတစ်ခု ပြောပါ။ သူတို့နဲ့ပတ်သက်ပြီး ပြောလိုက်ပါ–
“‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက–
“မီးဖိုပေါ်မှာ ဟင်းအိုးတည်ပြီး ရေထည့်ပါ။+
၄ အသားတုံး ကောင်းကောင်းလေးတွေ၊ ပေါင်သား၊ ပခုံးသားတွေ၊
အကောင်းဆုံးအရိုးတွေကို အိုးထဲထည့်ပါ။+
၅ သိုးအုပ်ထဲက အကောင်းဆုံးသိုးကို ယူပါ။+ အိုးအောက်မှာ ထင်းထည့်ပါ။
အသားတုံးနဲ့ အရိုးတွေကို အိုးထဲ ထည့်ပြုတ်ပါ။”’
၆ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက–
‘ချွတ်မရအောင် သံချေးတက်နေတဲ့အိုး၊ လူသတ်တဲ့မြို့ဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။+
အိုးထဲကနေ အသားတစ်တုံးပြီးတစ်တုံး ထုတ်ပါ။+ မဲချပြီး ရွေးမနေနဲ့။
၇ မြို့ထဲမှာ သွေးထွက်သံယိုမှုတွေ ရှိနေတယ်။+
အဲဒီသွေးဟာ မြေပေါ်ကျတာ မဟုတ်ဘူး။ ပြောင်ရှင်းနေတဲ့ ကျောက်တုံးပေါ် ကျတာဖြစ်လို့ မြေမှုန့်နဲ့ ဖုံးလို့မရဘူး။+
ဒါမှ သူ့ကို ငါဒေါသတကြီး လက်စားချေနိုင်မှာ။
၉ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက–
‘လူသတ်တဲ့မြို့ဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။+
ငါထင်းပုံကြီး ပုံထားမယ်။
၁၀ ထင်းတွေပုံပြီး မီးမွှေးပါ။
အသားကို နူးအောင်ပြုတ်ပြီး အရည်ကို သွန်လိုက်ပါ။ အရိုးတွေကတော့ တူးပါစေ။
၁၁ ပြီးတော့ အဲဒီကြေးနီအိုးအလွတ်ကို မီးဖိုပေါ်တင်ပြီး ပူအောင်လုပ်ပါ။
ဒါမှ အိုးဟာ နီရဲလာမယ်။
အိုးထဲက မသန့်ရှင်းမှုတွေ အရည်ပျော်ပြီး+ သံချေးတွေ မီးကျွမ်းသွားမယ်။
၁၂ ဒါပေမဲ့ အထပ်ထပ်တက်နေတဲ့ သံချေးတွေ ကွာကျမှာ မဟုတ်လို့+
စိတ်ပျက်ပြီး မောတာပဲ အဖတ်တင်မယ်။
ဒါကြောင့် သံချေးတက်နေတဲ့ အဲဒီအိုးကို မီးထဲသာ ပစ်ချလိုက်ပါ။’
၁၃ “‘မင်းက ညစ်ညမ်းတဲ့ အကျင့်တွေကြောင့် မသန့်မရှင်းဖြစ်နေတာ။+ မင်းကို သန့်စင်ပေးဖို့ ငါကြိုးစားခဲ့တယ်။ ဒါပေမဲ့ မင်းရဲ့ မသန့်ရှင်းမှုတွေ ကွာကျသွားမှာ မဟုတ်ဘူး။ ငါ့ဒေါသ မပြေမချင်း မင်း သန့်ရှင်းလာမှာ မဟုတ်ဘူး။+ ၁၄ ဒါဟာ ငါယေဟောဝါကိုယ်တိုင် ပြောတဲ့စကားပဲ။ အဲဒီအတိုင်း ဖြစ်လာမယ်။ မပျက်ကွက်ဘဲ၊ မသနားဘဲ၊ စိတ်မကောင်းမဖြစ်ဘဲ ငါလုပ်ဆောင်မယ်။+ သူတို့က မင်းရဲ့လမ်းစဉ်တွေ၊ လုပ်ရပ်တွေနဲ့အညီ မင်းကို တရားစီရင်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၁၅ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၁၆ “လူသား၊ မင်းချစ်ရတဲ့သူကို ငါတစ်ချက်တည်း ဖယ်ရှားပစ်မယ်။+ မင်း ဝမ်းနည်းမနေနဲ့။ ငိုမနေနဲ့။ မျက်ရည်ကျမနေနဲ့။ ၁၇ တိတ်တိတ်လေး ကြေကွဲပါ။ သေလွန်သူအတွက် ငိုကြွေးတဲ့ထုံးစံတွေ မလုပ်ရဘူး။+ ခေါင်းပေါင်း ပေါင်းပြီး+ ဖိနပ်စီးထားရမယ်။+ နှုတ်ခမ်းမွေးကို မဖုံးထားနဲ့။+ တခြားသူ လာပေးတဲ့အစာကို မစားနဲ့။”+
၁၈ ကျွန်တော်လည်း မနက်ပိုင်းမှာ လူတွေကို ပြောပြလိုက်တယ်။ ညနေပိုင်းရောက်တော့ ကျွန်တော့်ဇနီး ဆုံးသွားတယ်။ နောက်တစ်မနက်မှာ ဘုရားမိန့်မှာထားတဲ့အတိုင်း လုပ်တယ်။ ၁၉ အဲဒီအခါ လူတွေက “မင်း လုပ်နေတာတွေ ကျုပ်တို့နဲ့ ဘယ်လိုသက်ဆိုင်သလဲ၊ ပြောပါဦး” ဆိုပြီး မေးတော့၊ ၂၀ ကျွန်တော်ကလည်း “ယေဟောဝါဘုရား ပြောတာက– ၂၁ ‘အစ္စရေးအမျိုးကို ပြောလိုက်ပါ– “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မင်းတို့ ဂုဏ်ယူဝင့်ကြွားရတဲ့၊ မြတ်နိုးရတဲ့၊ အသည်းစွဲဖြစ်တဲ့ သန့်ရှင်းရာဌာနတော်ကို ငါညစ်ညူးစေမယ်။+ မင်းတို့ချန်ခဲ့တဲ့ သားသမီးတွေ ဓားဘေးနဲ့ သေဆုံးလိမ့်မယ်။+ ၂၂ အဲဒီအခါ မင်းတို့လည်း ယေဇကျေလလိုပဲ လုပ်ရလိမ့်မယ်။ နှုတ်ခမ်းမွေးကို မဖုံးထားရဘူး။ တခြားသူ လာပေးတဲ့အစာကို မစားရဘူး။+ ၂၃ ခေါင်းပေါင်း ပေါင်းပြီး ဖိနပ်စီးထားရမယ်။ ဝမ်းနည်းပူဆွေးရမှာ၊ ငိုကြွေးရမှာ မဟုတ်ဘူး။ အဲဒီအစား ကိုယ့်အပြစ်တွေကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်သွားလိမ့်မယ်။+ မင်းတို့ ညည်းတွားရလိမ့်မယ်။ ၂၄ ယေဇကျေလဟာ မင်းတို့အတွက် နိမိတ်ပဲ။+ သူလုပ်တဲ့အတိုင်း လိုက်လုပ်ရလိမ့်မယ်။ အဲဒါတွေ ဖြစ်ပျက်လာတဲ့အခါ ငါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါဖြစ်မှန်း မင်းတို့ သိရလိမ့်မယ်။’”’”
၂၅ “လူသား၊ သူတို့ကို ပီတိဖြာစေတဲ့ လှပတဲ့အရာ၊ မြတ်နိုးရာ၊ အသည်းစွဲခံတပ်ကို သူတို့ရဲ့သားသမီးတွေနဲ့အတူ ငါဖယ်ရှားတဲ့နေ့မှာ၊+ ၂၆ လွတ်မြောက်သူတစ်ယောက်က အဲဒီသတင်းကို မင်းဆီ လာပြောလိမ့်မယ်။+ ၂၇ အဲဒီနေ့မှာ လွတ်မြောက်လာသူကို မင်း စကားပြောလိမ့်မယ်။ ဆွံ့အနေတော့မှာ မဟုတ်ဘူး။+ မင်းဟာ သူတို့အတွက် နိမိတ်ပဲ။ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့ သိရကြလိမ့်မယ်။”
၂၅ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ အမ္မုန်လူမျိုးဘက်+ မျက်နှာမူပြီး သူတို့ပျက်စီးမယ့်အကြောင်း ပရောဖက်ပြုပါ။+ ၃ အမ္မုန်လူမျိုးနဲ့ပတ်သက်ပြီး မင်းပြောရမှာက– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာကို နားထောင်ပါ။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– “သန့်ရှင်းရာဌာနတော် ညစ်ညူးသွားတုန်းက၊ အစ္စရေးပြည် လူသူကင်းမဲ့သွားတုန်းက၊ ယုဒအမျိုး ပြည်နှင်ခံရတုန်းက မင်းတို့ ဟားတိုက်ခဲ့တယ်။ ၄ အခု၊ မင်းတို့ကို အရှေ့ပြည်သားတွေ လက်ထဲ ငါအပ်မှာဖြစ်လို့ မင်းတို့အလယ်မှာ စခန်းတွေချ၊ တဲတွေထိုးလိမ့်မယ်။ မင်းတို့ရဲ့သီးနှံတွေကို စားသုံးကြလိမ့်မယ်။ မင်းတို့သောက်မယ့်နို့ကို သူတို့ သောက်ကြလိမ့်မယ်။ ၅ ရဗာမြို့ကို+ ကုလားအုတ်စားကျက်မြေ ဖြစ်စေမယ်။ အမ္မုန်ပြည်ကို သိုးအုပ်ကျက်စားရာ ဖြစ်စေမယ်။ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့သိရကြလိမ့်မယ်။”’”
၆ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက ‘အစ္စရေးပြည် ဒုက္ခရောက်တဲ့အခါ မင်းတို့ လက်ခုပ်တီးပြီး+ ခြေဆောင့်ကြတယ်။ ဝမ်းသာအားရ လှောင်ပြောင်ကြတယ်။+ ၇ ဒါကြောင့် ငါ့လက်ကိုဆန့်ပြီး မင်းတို့ကို ဒဏ်ခတ်မယ်။ တခြားလူမျိုးတွေ တိုက်ခိုက်လုယက်ဖို့ အပ်လိုက်မယ်။ လူမျိုးတစ်မျိုးအဖြစ် မင်းတို့ မတည်ရှိတော့အောင် ပယ်ရှင်းမယ်။+ ပြည်တွေထဲကနေ အစတုံးဖျက်ဆီးပစ်မယ်။ ငါဟာ ယေဟောဝါဖြစ်မှန်း မင်းတို့သိရကြလိမ့်မယ်။’
၈ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက ‘“ယုဒအမျိုးဟာ တခြားလူမျိုးတွေနဲ့ ဘာကွာလို့လဲ” ဆိုပြီး မောဘနဲ့+ စိရ+ ပြောတယ်။ ၉ ဒါကြောင့် ငါက ကျက်သရေဆောင်မြို့တွေဖြစ်တဲ့ ဗက်ယေရှိမုတ်၊ ဗာလမုန်နဲ့ ကိရယသိမ်အထိ+ မောဘရဲ့ နယ်စပ်မြို့တွေကို ရန်သူလက်ထဲ အပ်မယ်။ ၁၀ အမ္မုန်လူမျိုးတွေကိုလည်း အရှေ့ပြည်သားတွေလက်ထဲ အပ်မယ်။+ ဒါကြောင့် အမ္မုန်လူမျိုးကို တခြားလူမျိုးတွေ သတိရကြတော့မှာ မဟုတ်ဘူး။+ ၁၁ မောဘပြည်ကို ငါတရားစီရင်မယ်။+ ငါဟာ ယေဟောဝါဖြစ်မှန်း သူတို့သိရကြလိမ့်မယ်။’
၁၂ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက ‘ယုဒအမျိုးကို ဧဒုံလူမျိုး လက်စားချေခဲ့တယ်။ အဲဒီလို လက်စားချေတဲ့အတွက် သူ့မှာ ကြီးလေးတဲ့အပြစ် ရှိတယ်။+ ၁၃ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– “ငါ့လက်ကိုဆန့်ပြီး ဧဒုံလူမျိုးကို ဒဏ်ခတ်မယ်။ ပြည်ထဲက လူသူတိရစ္ဆာန်တွေကို ပယ်ရှင်းပြီး လူသူကင်းမဲ့စေမယ်။+ တေမန်မြို့ကနေ ဒေဒန်အရပ်အထိ ဓားဘေးကြောင့် ကျဆုံးသွားလိမ့်မယ်။+ ၁၄ ‘ငါ့လူမျိုး အစ္စရေးလက်ချက်နဲ့ ဧဒုံလူမျိုးကို လက်စားချေမယ်။+ သူတို့က ငါ့ဒေါသကို ဧဒုံအပေါ် ကျရောက်စေလိမ့်မယ်။ ငါလက်စားချေတာကို ဧဒုံလူမျိုး ခံရလိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”’
၁၅ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက ‘ဖိလိတိလူတွေက အစ္စရေးတွေအပေါ် ရန်ငြိုးမပြေနိုင်တဲ့အတွက် လက်စားချေဖျက်ဆီးဖို့ မလိုတမာစိတ်နဲ့ ကြိုးစားတယ်။+ ၁၆ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက “ငါ့လက်ကို ဆန့်ပြီး ဖိလိတိလူတွေကို ဒဏ်ခတ်မယ်။+ ခေရသိလူမျိုးကို ပယ်ရှင်းမယ်။+ ပင်လယ်ကမ်းရိုးတန်းမှာ ကျန်နေသေးတဲ့ လူတွေကိုလည်း ဖျက်ဆီးမယ်။+ ၁၇ သူတို့ကို ကောင်းကောင်း လက်စားချေပြီး ဒေါသတကြီး ဒဏ်ခတ်မယ်။ အဲဒီလို လက်စားချေတဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။”’”
၂၆ ဆယ့်တစ်နှစ်မြောက်၊ လရဲ့ပထမနေ့မှာ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ ဂျေရုဆလင်နဲ့ပတ်သက်ပြီး+ တိုင်ရာမြို့က ပြောနေတယ်– ‘သူတို့ရဲ့မြို့တံခါး ပျက်စီးသွားပြီ။ ကောင်းလိုက်တာ။+ သူပျက်စီးပြီဆိုတော့ ငါ ချမ်းသာလာတော့မယ်။ အရာအားလုံး ငါ့ဆီ ရောက်လာတော့မယ်။’ ၃ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက ‘တိုင်ရာမြို့၊ မင်းကို ငါတိုက်ခိုက်မယ်။ မင်းကိုတိုက်ခိုက်ဖို့ လူမျိုးအများကြီးကို ပင်လယ်လှိုင်းလုံးတွေလို ငါခေါ်ဆောင်လာမယ်။ ၄ သူတို့က တိုင်ရာမြို့ရိုးတွေကို ဖျက်ဆီးပြီး မျှော်စင်တွေကို ဖြိုချလိမ့်မယ်။+ ငါက မြေတွေကို ခြစ်ထုတ်ပြီး ကျောက်တလင်းပြင် ဖြစ်စေမယ်။ ၅ မင်းဟာ ပင်လယ်ပြင်မှာ ငါးဖမ်းပိုက်တွေ လှန်းတဲ့နေရာ ဖြစ်သွားလိမ့်မယ်။’+
“အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက ‘ဒါဟာ ငါကိုယ်တိုင်ပြောတဲ့ စကားပဲ။ မင်းကို လူမျိုးတွေ လုယက်ကြလိမ့်မယ်။ ၆ ကျေးလက်မြို့ရွာတွေ ဓားဘေးနဲ့ ဖျက်ဆီးခံရလိမ့်မယ်။ ငါဟာ ယေဟောဝါပဲဆိုတာ လူတွေသိရကြလိမ့်မယ်။’
၇ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘တိုင်ရာမြို့ကို တိုက်ခိုက်ဖို့ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကို မြောက်အရပ်ကနေ ငါခေါ်လာမယ်။+ သူဟာ ဘုရင်တို့ရဲ့ဘုရင် ဖြစ်ပြီး+ မြင်းတွေ၊+ စစ်မြင်းရထားတွေ၊+ မြင်းစီးသူရဲတွေနဲ့ စစ်တပ်အလုံးအရင်းကို ပိုင်ဆိုင်တဲ့သူပဲ။ ၈ သူက ကျေးလက်မြို့ရွာတွေကို ဓားနဲ့ဖျက်ဆီးလိမ့်မယ်။ မင်းကိုတိုက်ဖို့ ထိုးစစ်တံတိုင်းနဲ့ ထိုးစစ်ကုန်းရိုးကို တည်ဆောက်လိမ့်မယ်။ ဒိုင်းလွှားတွေကို ကိုင်မြှောက်လိမ့်မယ်။ ၉ မင်းရဲ့မြို့ရိုးတွေကို ခံတပ်ဖြိုစက်နဲ့ ဖြိုခွင်းလိမ့်မယ်။ မျှော်စင်တွေကို ပုဆိန်နဲ့ ဖြိုချလိမ့်မယ်။ ၁၀ သူ့ရဲ့မြင်းတပ်ကြောင့် ဖုန်တထောင်းထောင်းထလိမ့်မယ်။ မြို့ပျက်ထဲ ဒုန်းစိုင်းဝင်လာတဲ့ လူတွေလို မြို့ထဲဝင်လာတဲ့အတွက် မြင်းစီးသူရဲတွေ၊ စစ်မြင်းရထားတွေရဲ့ ဘီးသံကြောင့် မြို့ရိုး တုန်ခါသွားလိမ့်မယ်။ ၁၁ မင်းရဲ့လမ်းတွေမှာ မြင်းတွေ ကဆုန်ပေါက် ပြေးလိမ့်မယ်။+ မင်းရဲ့လူတွေကို ဓားနဲ့သတ်လိမ့်မယ်။ တိုင်မကြီးတွေ ပြိုကျလိမ့်မယ်။ ၁၂ သူတို့က မင်းရဲ့ပစ္စည်းဥစ္စာတွေ၊ ကုန်စည်တွေကို လုယက်လိမ့်မယ်။+ မြို့ရိုးတွေ၊ အိမ်ကြီးအိမ်ကောင်းတွေကို ဖြိုချလိမ့်မယ်။ ကျောက်တုံး၊ သစ်သား၊ မြေကြီးတွေကို ရေထဲပစ်ချလိမ့်မယ်။’
၁၃ “‘မင်းရဲ့ သီချင်းသံတွေ၊ စောင်းသံတွေကို ငါတိတ်စေမယ်။+ ၁၄ မင်းကို ကျောက်တလင်းပြင် ဖြစ်စေမှာမို့လို့ ငါးဖမ်းပိုက်တွေ လှန်းတဲ့နေရာ ဖြစ်သွားလိမ့်မယ်။+ မင်းကို ပြန်တည်ဆောက်ကြတော့မှာ မဟုတ်ဘူး။ ဒါဟာ ငါယေဟောဝါ ကိုယ်တိုင်ပြောတဲ့ စကားပဲ’ လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်။
၁၅ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက တိုင်ရာမြို့ကို ပြောတယ်– ‘မင်းဆီမှာ သတ်ဖြတ်မှုတွေ ဖြစ်တဲ့အခါ၊ သေလုမြောပါးဖြစ်နေသူတွေ ညည်းတွားတဲ့အခါ မင်းရဲ့ပြိုလဲသံကြောင့် ကျွန်းတွေ တုန်လှုပ်သွားလိမ့်မယ်။+ ၁၆ ပင်လယ်ပြင်က မင်းညီမင်းသားတွေဟာ ရာဇပလ္လင်ကနေ ဆင်းလာပြီး သူတို့ရဲ့ဝတ်ရုံတွေ၊ ပန်းထိုးထည်တွေကို ဆွဲချွတ်လိမ့်မယ်။ မြေပေါ်ထိုင်ပြီး ကြောက်ကြောက်နဲ့ တဆတ်ဆတ် တုန်နေလိမ့်မယ်။ ပြီးတော့ မင်းကို အံ့သြတကြီး ကြည့်ကြလိမ့်မယ်။+ ၁၇ မင်းကြောင့် သူတို့က
“ပင်လယ်ထဲက လူတွေနေထိုင်တဲ့မြို့၊ ချီးမွမ်းခံရတဲ့မြို့၊ ပျက်စီးသွားပြီပဲ။+
မင်းတို့ရဲ့ မြို့သူမြို့သားတွေဟာ ပင်လယ်ပြင်မှာ ခွန်အားကြီးတယ်။+
ကမ္ဘာသူကမ္ဘာသားတွေကို ထိတ်လန့်စေတယ်။
၁၈ မင်းပြိုလဲတဲ့နေ့မှာ ကျွန်းတွေ တုန်လှုပ်သွားပြီ။
မင်းကွယ်ပျောက်သွားတဲ့အခါ ပင်လယ်ထဲက ကျွန်းတွေ တုန်လှုပ်ချောက်ချားသွားပြီ’+ လို့ ငိုချင်းချကြလိမ့်မယ်။’+
၁၉ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– ‘ငါက မင်းကို လူသူမနေတဲ့မြို့တွေလို ဖြစ်အောင် ဖျက်ဆီးတဲ့အခါ၊ ဟုန်းဟုန်းထတဲ့ ရေတွေနဲ့ လွှမ်းမိုးပြီး နှစ်မြှုပ်လိုက်တဲ့အခါ၊+ ၂၀ တခြားသူတွေလိုပဲ မင်းကိုလည်း သင်္ချိုင်းတွင်းဆီ၊ အတိတ်ကသေသွားသူတွေ ရှိရာဆီ ဆင်းစေမယ်။ ရှေးဟောင်းအပျက်အယွင်းတွေနဲ့တူတဲ့ အနက်ရှိုင်းဆုံးနေရာဆီ သေတွင်းထဲ ဆင်းတော့မယ့် လူတွေနဲ့အတူ ဆင်းစေမယ်။+ မင်းဆီမှာ လူတွေနေကြတော့မှာ မဟုတ်ဘူး။ အဲဒီနောက် သက်ရှိလောကကို ငါဂုဏ်တင်မယ်။
၂၁ “‘ငါက မင်းကို ထိတ်လန့်စရာတွေ ရုတ်တရက် ကြုံစေမှာဖြစ်လို့ မင်းရှိတော့မှာ မဟုတ်ဘူး။+ မင်းကို လိုက်ရှာပေမဲ့ တွေ့တော့မှာ မဟုတ်ဘူး။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၂၇ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ တိုင်ရာမြို့အတွက် ငိုချင်းတစ်ပုဒ်ဆိုပါ–+ ၃ “‘ပင်လယ်တံခါးမှာနေထိုင်တဲ့သူ၊
ကျွန်းသူကျွန်းသား အများကြီးနဲ့ ကုန်သွယ်တဲ့သူ၊
အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက
“တိုင်ရာမြို့၊ ‘ငါ့အလှဟာ ပြစ်မျိုးမှဲ့မထင်ပဲ’ လို့ မင်းပြောတယ်။+
၄ မင်းရဲ့နယ်မြေတွေက ပင်လယ်ဗဟိုမှာ ရှိတယ်။
မင်းရဲ့ဗိသုကာတွေက မင်းအလှကို ပြီးပြည့်စုံစေတယ်။
၅ မင်းရဲ့ သင်္ဘောပျဉ်ချပ်တွေကို စိနဲတောင်က ဂျူနီပါထင်းရှူးသားနဲ့ လုပ်တယ်။+
ရွက်တိုင်တွေကို လက်ဘနွန်ပြည်က သစ်ကတိုးသားနဲ့ လုပ်တယ်။
၆ လှော်တက်တွေကို ဗာရှန်ပြည်က ဝက်သစ်ချသားနဲ့ လုပ်တယ်။
သင်္ဘောဦးပိုင်းကို ခိတိမ်ကျွန်းကရတဲ့+ ဆိုက်ပရပ်ထင်းရှူးသားနဲ့ လုပ်ပြီး ဆင်စွယ်နဲ့ မွမ်းမံတယ်။
၇ သင်္ဘောရွက်ထည်တွေကို အီဂျစ်ပြည်ထွက် ရောင်စုံချည်ထည်နဲ့ လုပ်ထားတယ်။
ကုန်းပတ်ရဲ့ အမိုးအကာတွေကို ဧလိရှကျွန်းထွက်+ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေးတွေနဲ့ လုပ်ထားတယ်။
၈ တက်ခတ်သမားတွေဟာ ဆိုင်ဒုန်မြို့သားတွေ၊ အာဝဒ်ကျွန်းသားတွေပဲ။+
တိုင်ရာမြို့၊ မင်းရဲ့သင်္ဘောသားတွေဟာ သမ္ဘာရင့်တွေပဲ။+
၉ သင်္ဘောပြုပြင်ဖာထေးသူတွေဟာ+ အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့ ဂေဗလမြို့သားတွေပဲ။+
ပင်လယ်ကူးသင်္ဘောတွေနဲ့ သင်္ဘောသားတွေဟာ မင်းဆီလာပြီး ကုန်စည်တွေ ရောင်းဝယ်ဖောက်ကားကြတယ်။
၁၀ ပါးရှား၊ လုဒိမ်နဲ့ ဖုတပြည်သားတွေဟာ+ မင်းရဲ့တပ်မှာ အမှုထမ်းတဲ့စစ်သည်တွေပဲ။
သူတို့က ဒိုင်းလွှားတွေ၊ သံခမောက်တွေကို မင်းဆီမှာ ချိတ်ဆွဲထားကြတယ်။ မင်းကို ဂုဏ်သရေတိုးစေတယ်။
၁၁ မင်းရဲ့တပ်မှာ အမှုထမ်းတဲ့ အာဝဒ်ကျွန်းသားတွေဟာ မြို့ရိုးပတ်လည်မှာ စခန်းချကြတယ်။
သတ္တိရှိသူတွေက မင်းရဲ့မျှော်စင်တွေကို စောင့်ကြပ်ပေးကြတယ်။
ဒိုင်းဝိုင်းတွေကို မြို့ရိုးပတ်လည်မှာ ချိတ်ဆွဲထားကြတယ်။
သူတို့ကြောင့် မင်းရဲ့အလှ ပြီးပြည့်စုံနေတယ်။
၁၂ “‘“တာရှိပြည်ဟာ+ ကျိကျိတက်ချမ်းသာတဲ့ မင်းနဲ့ အရောင်းအဝယ်လုပ်တယ်။+ မင်းရဲ့ကုန်စည်တွေကို ငွေ၊ သံ၊ ခဲမဖြူ၊ ခဲတွေနဲ့ လဲလှယ်ကြတယ်။+ ၁၃ ယာဝန်၊ တုဗလနဲ့+ မာရှက်လူတွေက+ မင်းနဲ့ကုန်သွယ်ကြတယ်။ မင်းရဲ့ကုန်စည်တွေကို ကျွန်တွေ၊ ကြေးထည်တွေနဲ့ လဲလှယ်ကြတယ်။+ ၁၄ တောဂါမလူတွေက+ မင်းရဲ့ကုန်စည်တွေကို မြင်း၊ စစ်မြင်း၊ လားတွေနဲ့ လဲလှယ်ကြတယ်။ ၁၅ ဒေဒန်လူတွေက+ မင်းနဲ့ကုန်သွယ်ကြတယ်။ ကျွန်းများစွာက ကုန်သည်တွေကို မင်း အလုပ်ပေးတယ်။ သူတို့က ဆင်စွယ်တွေ၊+ အနက်ရောင်သစ်တွေကို ဆက်ကြေးအဖြစ် ပေးကြတယ်။ ၁၆ မင်းရဲ့ထွက်ကုန် များလွန်းလို့ ဧဒုံက မင်းနဲ့အရောင်းအဝယ်လုပ်တယ်။ မင်းရဲ့ကုန်စည်တွေကို စိမ်းပြာကျောက်၊ ခရမ်းရောင်သိုးမွေး၊ ရောင်စုံပန်းထိုးထည်၊ ပိတ်ချောထည်၊ သန္တာကျောက်၊ ပတ္တမြားတွေနဲ့ လဲလှယ်ကြတယ်။
၁၇ “‘“ယုဒနဲ့အစ္စရေးပြည်က မင်းနဲ့ကုန်သွယ်တယ်။ မင်းရဲ့ကုန်စည်တွေကို မိနိတ်မြို့ထွက် ဂျုံ၊+ အကောင်းဆုံးအစားအစာ၊ ပျားရည်၊+ ဆီ၊ ဗာလစံဆီနဲ့+ လဲလှယ်ကြတယ်။+
၁၈ “‘“မင်းဟာ ကျိကျိတက်ချမ်းသာပြီး ထွက်ကုန်များလွန်းလို့ ဒမတ်စကတ်မြို့က+ မင်းနဲ့အရောင်းအဝယ်လုပ်တယ်။ ဟေလဗုန်စပျစ်ဝိုင်တွေ၊ ဇေဟာသိုးမွေးတွေနဲ့* ကုန်သွယ်တယ်။ ၁၉ ဥဇလအရပ်မှာရှိတဲ့ ဝေဒန်နဲ့ယာဝန်လူတွေက မင်းရဲ့ကုန်စည်တွေကို သံ၊ ကရဝေး၊ ကြံမွှေးတွေနဲ့ လဲလှယ်ကြတယ်။ ၂၀ ဒေဒန်မြို့သားတွေက+ မင်းရဲ့ကုန်စည်တွေကို မြင်းကုန်းနှီးပိတ်စတွေနဲ့ လဲလှယ်ကြတယ်။ ၂၁ သိုးသငယ်၊ သိုးထီး၊ ဆိတ်ထီးတွေကို ရောင်းဝယ်တဲ့+ အာရပ်တွေ၊ ကေဒါခေါင်းဆောင်တွေကို+ မင်းအလုပ်ပေးတယ်။ ၂၂ ရှေဘနဲ့ ယာဂမပြည်ရဲ့ ကုန်သည်တွေက+ မင်းနဲ့ကုန်သွယ်တယ်။ မင်းရဲ့ကုန်စည်တွေကို အကောင်းစား ရေမွှေးမျိုးစုံ၊ ကျောက်မျက်ရတနာတွေ၊ ရွှေတွေနဲ့ လဲလှယ်တယ်။+ ၂၃ ခါရန်မြို့သား၊+ ကန်နေအရပ်သား၊ ဧဒင်အရပ်သားနဲ့+ ရှေဘပြည်၊+ အာရှုရမြို့၊+ ခိလမဒ်အရပ်က ကုန်သည်တွေဟာ မင်းနဲ့ကုန်သွယ်ကြတယ်။ ၂၄ သူတို့ဟာ မင်းရဲ့စျေးတွေမှာ လှပတဲ့အထည်၊ ရောင်စုံပန်းထိုးထားတဲ့ အပြာရောင်ဝတ်ရုံ၊ ရောင်စုံကော်ဇော၊ ခိုင်ခိုင်ကျစ်ထားတဲ့ ကြိုးတွေကို ရောင်းဝယ်ကြတယ်။
၂၅ တာရှိသင်္ဘောတွေက+ မင်းရဲ့ကုန်စည်တွေကို သယ်ယူပို့ဆောင်တယ်။
ဒါကြောင့် မင်းက ပင်လယ်အလယ်မှာ ကြွယ်ဝပြည့်စုံပြီး ကုန်စည်တွေ တနင့်တပိုးဖြစ်နေတယ်။*
၂၆ တက်ခတ်သမားတွေက မင်းကို လှိုင်းထန်တဲ့ပင်လယ်ထဲ ခေါ်လာတယ်။
မင်းဟာ အရှေ့လေကြောင့် ပင်လယ်အလယ်မှာ ပျက်စီးသွားပြီ။
စစ်သည်စတဲ့+ မင်းဆီက လူတွေအားလုံးဟာ
မင်းပြိုလဲတဲ့နေ့ ရောက်တဲ့အခါ ပင်လယ်အလယ်မှာ နစ်မြုပ်သွားကြလိမ့်မယ်။+
၂၈ သင်္ဘောသားတွေရဲ့ အော်ဟစ်သံကြောင့် ကမ်းရိုးတန်းဒေသတွေ တုန်လှုပ်သွားလိမ့်မယ်။
၂၉ တက်ခတ်သမားတွေ၊ သင်္ဘောသားတွေဟာ
သင်္ဘောကို စွန့်ပြီး ကုန်းပေါ်တက်ကြလိမ့်မယ်။
၃၀ မင်းအတွက် ရှိုက်ကြီးတငင် အော်ငိုကြလိမ့်မယ်။+
မြေမှုန့်ကို ခေါင်းပေါ်တင်ပြီး ပြာထဲမှာ လူးလှိမ့်နေလိမ့်မယ်။
၃၁ ခေါင်းတုံးတုံးပြီး အထည်ကြမ်း ဝတ်ကြလိမ့်မယ်။
ချုံးပွဲချငိုပြီး အကြီးအကျယ် မြည်တမ်းကြလိမ့်မယ်။
၃၂ သူတို့ ငိုကြွေးမြည်တမ်းပြီး ငိုချင်းချလိမ့်မယ်–
‘တိုင်ရာမြို့လို ပင်လယ်အလယ်မှာ ဆိတ်ငြိမ်နေတဲ့မြို့ ရှိလို့လား။+
၃၃ ပင်လယ်ကနေ မင်းရဲ့ကုန်စည်တွေ ရောက်လာတဲ့အခါ လူတွေ ကျေနပ်ခဲ့ကြတယ်။+
မင်းရဲ့များပြားလှတဲ့ စည်းစိမ်တွေ၊ ကုန်စည်တွေကြောင့် ဘုရင်တွေ ကြွယ်ဝခဲ့ကြတာ။+
၃၄ အခုတော့ မင်းဟာ ပင်လယ်ထဲမှာ၊ နက်ရှိုင်းတဲ့ ရေထုထဲမှာ ပျက်စီးသွားပြီ။+
မင်းရဲ့ကုန်စည်နဲ့ လူတွေလည်း နစ်မြုပ်သွားပြီ။+
၃၅ ကျွန်းသူကျွန်းသားတွေက မင်းကို အံ့သြတကြီး စိုက်ကြည့်နေတယ်။+
ဘုရင်တွေလည်း ကြောက်အားလန့်အားနဲ့+ မျက်နှာပျက် နေတယ်။
၃၆ တခြားကုန်သည်တွေက မင်းရဲ့အဖြစ်ကို ကြည့်ပြီး လှောင်ပြောင်ကြလိမ့်မယ်။*
မင်းရဲ့ဇာတ်သိမ်းဟာ မထင်မှတ်ဘဲ ဆိုးဆိုးရွားရွား ရောက်လာလိမ့်မယ်။
ထာဝရ ကွယ်ပျောက်သွားလိမ့်မယ်။’”’”+
၂၈ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ တိုင်ရာခေါင်းဆောင်ကို ပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်–
“မင်း စိတ်နေမြင့်ပြီး+ ‘ငါဟာ ဘုရားပဲ။
ပင်လယ်အလယ်က ဘုရားရဲ့ ပလ္လင်ပေါ် ငါထိုင်နေတာ’+ လို့ပြောတယ်။
မင်းကိုယ်မင်း ဘုရားတစ်ပါးလို့ ထင်နေပေမဲ့ တကယ်တော့ မင်းဟာ ဘုရားမှ မဟုတ်တာ၊ လူပဲ။
၄ မင်းရဲ့ဉာဏ်ပညာ၊ ပိုင်းခြားသိမြင်နိုင်စွမ်းကြောင့် ချမ်းသာကြွယ်ဝလာတယ်။
ရွှေငွေတွေကို ဘဏ္ဍာတိုက်ထဲ စုဆောင်းတယ်။+
၅ ကုန်သွယ်ကျွမ်းကျင်တဲ့အတွက် ကျိကျိတက် ချမ်းသာလာတယ်။+
အဲဒီလိုချမ်းသာလာလို့ စိတ်နေမြင့်လာတယ်။”’
၆ “‘ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်–
“မင်းကိုယ်မင်း ဘုရားတစ်ပါးလို့ ထင်နေတဲ့အတွက်၊
၇ မင်းကို တိုက်ခိုက်ဖို့ တိုင်းတစ်ပါးသားတွေ၊ အရက်စက်ဆုံးလူတွေကို ငါခေါ်လာမယ်။+
မင်းရဲ့ပညာဂုဏ်ကို ဓားနဲ့ခုတ်ကြလိမ့်မယ်။
မင်းရဲ့ခမ်းနားတင့်တယ်မှုကို ညစ်ညူးစေမယ်။+
၉ မင်းကိုသတ်တဲ့သူကို ‘ငါဟာ ဘုရားပဲ’ လို့ ပြောနိုင်ပါဦးမလား။
မင်းကို ညစ်ညူးစေသူတွေရဲ့လက်ထဲ ရောက်သွားတဲ့အခါ အပြောကြီးနိုင်ပါဦးမလား။ မင်းဟာ ဘုရားမှ မဟုတ်တာ၊ လူပဲလေ။”’
၁၀ “‘အရေဖျားမဖြတ်သူတွေ သေသလို တိုင်းတစ်ပါးသားတွေ လက်ချက်နဲ့ မင်း သေရလိမ့်မယ်။
ဒါဟာ ငါကိုယ်တိုင်ပြောတဲ့စကားပဲ’ လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်။”
၁၁ ယေဟောဝါက ကျွန်တော်ကို ပြောတယ်– ၁၂ “လူသား၊ တိုင်ရာဘုရင်နဲ့ပတ်သက်ပြီး ငိုချင်းတစ်ပုဒ်ဆိုပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက–
“မင်းဟာ ပြီးပြည့်စုံမှုမှာ စံတင်ထိုက်သူပဲ။
ဉာဏ်ပညာပြည့်ဝသူ၊+ ပြစ်မျိုး မှဲ့မထင် လှပသူပဲ။+
၁၃ မင်းဟာ ဘုရားသခင်ရဲ့ ဧဒင်ဥယျာဉ်မှာ နေထိုင်ခဲ့တယ်။
ပတ္တမြား၊ ဥဿဖရား၊ နဂါးသွဲ့၊ ပြောင်ခေါင်းစိမ်း၊ မဟူရာကြောင်ဝင်၊ ကျောက်စိမ်း၊ နီလာ၊ စိမ်းပြာကျောက်၊+ မြစတဲ့ ကျောက်မျက်အမျိုးမျိုး ဆင်မြန်းထားတယ်။
ရွှေကွပ်ထားတဲ့ ကျောက်မျက်တွေပေါ့။
မင်းကို ဖန်ဆင်းတဲ့နေ့မှာ အဲဒါတွေကို ငါပြင်ဆင်ခဲ့တာ။
၁၄ အတောင်ဖြန့်မိုးတဲ့ ခေရုဗိမ်အဖြစ် မင်းကို ဘိသိက်ပေးပြီး ခန့်အပ်ခဲ့တယ်။
ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့တောင်ပေါ်မှာ နေပြီး+ မီးတောက်နေတဲ့ ကျောက်တွေအလယ်မှာ မင်း သွားလာခဲ့တယ်။
၁၅ မင်းကို ဖန်ဆင်းတဲ့နေ့ကစပြီး မင်းရဲ့လမ်းစဉ်တွေ အပြစ်ကင်းခဲ့တယ်။
နောက်ဆုံးတော့ မင်းဆီမှာ မဖြောင့်မတ်မှု တွေ့လိုက်ရတယ်။+
၁၆ မင်းက အကြီးအကျယ် ကုန်သွယ်တဲ့အတွက်+ အကြမ်းဖက်မှုတွေ၊ အပြစ်တွေ စပြီးကျူးလွန်လာတယ်။+
ဒါကြောင့် အတောင်ဖြန့်မိုးတဲ့ ခေရုဗိမ်၊ မင်းကို ညစ်ညူးတဲ့သူအဖြစ် ဘုရားသခင်ရဲ့တောင်ကနေ ငါနှင်ထုတ်မယ်။+
မီးတောက်နေတဲ့ ကျောက်တွေအလယ်ကနေ ဖယ်ရှားပစ်မယ်။
၁၇ မင်းရဲ့အလှကြောင့် စိတ်နေမြင့်လာတယ်။+
မင်းရဲ့ ခမ်းနားတင့်တယ်မှုကြောင့် ဉာဏ်ပညာ ပျက်စီးဆုံးရှုံးသွားတယ်။+
မင်းကို မြေပေါ် ငါပစ်ချမယ်။+
ဘုရင်တွေရှေ့ လက်ညှိုးထိုးစရာ ဖြစ်စေမယ်။
၁၈ မင်းရဲ့ ကြီးလေးတဲ့အပြစ်၊ မသမာနည်းနဲ့ ကုန်သွယ်မှုကြောင့် သန့်ရှင်းရာအရပ်တွေ ညစ်ညူးသွားတယ်။
မင်းရဲ့အလယ်မှာ မီးလောင်စေမှာဖြစ်လို့ မင်းကို မီးဝါးမျိုလိမ့်မယ်။+
ကြည့်နေသူတွေရှေ့မှာ မင်းကို ပြာမှုန့်ဖြစ်အောင် ငါလုပ်မယ်။
၁၉ အသိအကျွမ်းတွေက မင်းကို တအံ့တသြ ကြည့်ကြလိမ့်မယ်။+
မင်းရဲ့ဇာတ်သိမ်းဟာ မထင်မှတ်ဘဲ ဆိုးဆိုးရွားရွား ရောက်လာမယ်။
မင်း ထာဝရ ကွယ်ပျောက်သွားမယ်။”’”+
၂၀ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂၁ “လူသား၊ ဆိုင်ဒုန်မြို့ဘက်+ မျက်နှာမူပြီး သူပျက်စီးမယ့်အကြောင်း ပရောဖက်ပြုပါ။ ၂၂ မင်းပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက–
“ဆိုင်ဒုန်မြို့၊ မင်းကို ငါတိုက်ခိုက်မယ်။ မင်းကြုံရမယ့်အဖြစ်ကြောင့် ငါ့ကို လူတွေ ဂုဏ်တင်ကြလိမ့်မယ်။
မင်းကို တရားစီရင်တဲ့အခါ၊ သန့်ရှင်းမြင့်မြတ်တဲ့ဘုရား ဖြစ်ကြောင်း ပြတဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ လူတွေသိရကြလိမ့်မယ်။
၂၃ ကပ်ရောဂါဘေးကို မင်းဆီ ငါစေလွှတ်မယ်။ လမ်းတွေမှာ သွေးချောင်းစီးနေလိမ့်မယ်။
ဝိုင်းရံတိုက်ခိုက်တဲ့ ဓားဘေးကြောင့် မင်းရဲ့အလယ်မှာ လူတွေ လဲသေကြလိမ့်မယ်။
ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။+
၂၄ “‘“ဒဏ်ရာရစေတဲ့ဆူးပင်၊ နာကျင်စေတဲ့ ဆူးချုံနဲ့တူတဲ့ လှောင်ပြောင်သူတွေ ဝိုင်းရံတာကို အစ္စရေးအမျိုး ခံရတော့မှာ မဟုတ်ဘူး။+ ငါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပဲဆိုတာ လူတွေသိရလိမ့်မယ်။”’
၂၅ “‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “လူတွေအလယ်မှာ ကွဲလွင့်နေတဲ့ အစ္စရေးအမျိုးကို ငါပြန်စုသိမ်းတဲ့အခါ+ ငါဟာ သန့်ရှင်းမြင့်မြတ်တဲ့ဘုရား ဖြစ်မှန်း လူမျိုးခြားတွေ သိရလိမ့်မယ်။+ ငါ့ကျွန်ယာကုပ်ကို ငါပေးခဲ့တဲ့ပြည်မှာ+ သူတို့ နေထိုင်ရလိမ့်မယ်။+ ၂၆ အဲဒီမှာ ဘေးကင်းလုံခြုံစွာ နေထိုင်ရလိမ့်မယ်။+ အိမ်တွေဆောက်ပြီး စပျစ်ခြံတွေ စိုက်ပျိုးကြလိမ့်မယ်။+ ပတ်ဝန်းကျင်က လှောင်ပြောင်သူတွေကို ငါတရားစီရင်တဲ့အခါ သူတို့ ဘေးကင်းလုံခြုံစွာ နေထိုင်ရလိမ့်မယ်။+ ငါဟာ သူတို့ရဲ့ဘုရား ယေဟောဝါပဲဆိုတာ သိရကြလိမ့်မယ်။”’”
၂၉ ဆယ်နှစ်မြောက်၊ ဆယ်လပိုင်း၊ ဆယ့်နှစ်ရက်နေ့မှာ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ အီဂျစ်ဘုရင် ဖာရောဘက်ကို မျက်နှာမူပြီး သူရော အီဂျစ်ပြည်ပါ ပျက်စီးမယ့်အကြောင်း ပရောဖက်ပြုပါ။+ ၃ မင်းပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက–
“အီဂျစ်ဘုရင် ဖာရော၊ မင်းကို ငါတိုက်ခိုက်မယ်။+
မင်းဟာ နိုင်းမြစ်ရဲ့ တူးမြောင်းတွေထဲက ပင်လယ်သတ္တဝါကြီးပဲ။+
‘နိုင်းမြစ်ကို ငါပိုင်တယ်။
ငါ့အတွက် ငါလုပ်ထားတာ’ လို့ မင်းပြောနေတယ်။+
၄ ဒါပေမဲ့ မင်းရဲ့မေးရိုးကို ချိတ်တွေနဲ့ ငါ ချိတ်မယ်။ နိုင်းမြစ်မှာရှိတဲ့ ငါးတွေကို မင်းရဲ့အကြေးခွံမှာ ကပ်စေမယ်။
အကြေးခွံမှာကပ်နေတဲ့ ငါးတွေနဲ့အတူ မင်းကို နိုင်းမြစ်ထဲကနေ ဆွဲထုတ်မယ်။
၅ မင်းနဲ့ နိုင်းမြစ်ထဲကငါးတွေကို ကန္တာရမှာ ပစ်ထားမယ်။
ကွင်းပြင်မှာကျသွားတဲ့ မင်းကို ကောက်သိမ်းမယ့်သူ ရှိမှာမဟုတ်ဘူး။+
မင်းကို တောသားရဲတွေ၊ မိုးကောင်းကင်ငှက်တွေ စားဖို့ ငါကျွေးမယ်။+
၆ အဲဒီအခါ ငါဟာ ယေဟောဝါဖြစ်မှန်း အီဂျစ်တစ်ပြည်လုံး သိရလိမ့်မယ်။
သူတို့က အစ္စရေးအမျိုးကို ကောက်ရိုးတစ်မျှင်လောက်တောင် မထောက်မပေးခဲ့ကြဘူး။+
၇ အစ္စရေးတွေက မင်းကို ချိုင်းထောက်လို အားပြုပေမဲ့ မင်း ကြေမွသွားတဲ့အတွက် သူတို့ပခုံးတွေ ပွန်းပဲ့ခဲ့တယ်။
သူတို့ မှီတဲ့အခါ မင်း ကျိုးသွားတဲ့အတွက်
သူတို့ ခြေယိုင်ခဲ့တယ်။”+
၈ “‘ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “မင်းအပေါ် ဓားဘေး ကျရောက်စေမယ်။+ လူသူတိရစ္ဆာန်တွေကို မင်းဆီကနေ ငါပယ်ရှင်းမယ်။ ၉ အီဂျစ်ပြည်ဟာ လူသူကင်းမဲ့တဲ့ အပျက်အယွင်းနေရာ ဖြစ်သွားလိမ့်မယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။ ‘နိုင်းမြစ်ကို ငါပိုင်တယ်။ ငါလုပ်ထားတာ’ လို့ မင်းပြောတယ်။+ ၁၀ ဒါကြောင့် မင်းနဲ့ မင်းရဲ့နိုင်းမြစ်ကို ငါတိုက်ခိုက်မယ်။ အီဂျစ်ပြည်ကို မိဂဒေါလအရပ်ကနေ+ သုနေမြို့အထိ၊+ အီသီယိုးပီးယားနယ်စပ်အထိ ပျက်စီးခြောက်သွေ့ပြီး လူသူကင်းမဲ့တဲ့ လွင်တီးခေါင်ဖြစ်စေမယ်။+ ၁၁ အဲဒီနေရာမှာ လူသူတိရစ္ဆာန်တွေ ခြေချမှာ မဟုတ်ဘူး။+ အနှစ် ၄၀ လုံး နေထိုင်သူရှိမှာ မဟုတ်ဘူး။ ၁၂ ငါက အနှစ် ၄၀ လုံး အီဂျစ်ပြည်ကို လူသူအကင်းမဲ့ဆုံးပြည်၊ အီဂျစ်မြို့တွေကို လူသူအကင်းမဲ့ဆုံးမြို့တွေ ဖြစ်စေမယ်။+ အီဂျစ်ပြည်သားတွေကို လူမျိုးတွေအလယ်မှာ ကွဲလွင့်စေပြီး တိုင်းပြည်အရပ်ရပ်မှာ တကွဲတပြား ဖြစ်စေမယ်။”+
၁၃ “‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အနှစ် ၄၀ စေ့တဲ့အခါ တကွဲတပြားဖြစ်သွားတဲ့ အီဂျစ်လူတွေကို ငါပြန်စုသိမ်းမယ်။+ ၁၄ အီဂျစ်သုံ့ပန်းတွေကို ဇာတိမြေ ပါသရုအရပ်ဆီ ပြန်ခေါ်လာမယ်။+ အဲဒီမှာ သူတို့နိုင်ငံကို အရေးမပါတဲ့နိုင်ငံ ဖြစ်စေမယ်။ ၁၅ အီဂျစ်ပြည်က တခြားနိုင်ငံတွေထက် နိမ့်ကျသွားလိမ့်မယ်။ တခြားလူမျိုးတွေကို ကြီးစိုးနိုင်တော့မှာ မဟုတ်ဘူး။+ သူတို့ကို သေးနုပ်စေမှာဖြစ်လို့ တခြားလူမျိုးတွေကို အနိုင်ရတော့မှာ မဟုတ်ဘူး။+ ၁၆ အီဂျစ်ပြည်ဟာ အစ္စရေးအမျိုးအတွက် အားကိုးစရာ ဖြစ်တော့မှာ မဟုတ်ဘူး။+ အဲဒီအစား အီဂျစ်လူတွေဆီ အကူအညီတောင်းခဲ့မိတဲ့ သူတို့ရဲ့အမှားကိုပဲ ပြန်အမှတ်ရစေလိမ့်မယ်။ ငါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပဲဆိုတာ သူတို့သိရလိမ့်မယ်။”’”
၁၇ နှစ်ဆယ့်ခုနစ်နှစ်မြောက်၊ တစ်လပိုင်း၊ တစ်ရက်နေ့မှာ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၁၈ “လူသား၊ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက+ တိုင်ရာမြို့ကိုတိုက်ခိုက်ဖို့ သူ့စစ်တပ်ကို အကြီးအကျယ် ခိုင်းစားတယ်။+ စစ်သည်တွေဟာ ခေါင်းတုံးဖြစ်သွားပြီး ပခုံးတွေ ပွန်းပဲ့ကုန်တယ်။ ဒါပေမဲ့ သူနဲ့သူ့စစ်တပ်က တိုင်ရာမြို့ကို တိုက်ခိုက်ဖို့ အားကုန်သုံးပေမဲ့ ဘာလုပ်အားခမှ မရဘူး။
၁၉ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အီဂျစ်ပြည်ကို ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ ငါအပ်မယ်။+ သူက အီဂျစ်စည်းစိမ်တွေ၊ တိုက်ရာပါဥစ္စာတွေ တစ်ပုံတစ်ခေါင်း သိမ်းသွားလိမ့်မယ်။ ဒါဟာ သူ့စစ်တပ်အတွက် လုပ်အားခ ဖြစ်လာလိမ့်မယ်။’
၂၀ “‘တိုင်ရာမြို့ကို တိုက်ခိုက်တဲ့ သူ့လုပ်အားအတွက် အီဂျစ်ပြည်ကို ငါပေးမယ်။ ငါ့အတွက် သူတို့လုပ်ဆောင်ပေးခဲ့လို့ပဲ’+ လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတယ်။
၂၁ “အဲဒီအချိန်ရောက်ရင် အစ္စရေးအမျိုးကို ငါခွန်အားပြည့်စေမယ်။*+ မင်းကို သူတို့အလယ်မှာ စကားပြောခွင့် ပေးမယ်။ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။”
၃၀ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ ပရောဖက်ပြုပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက–
“‘အဲဒီနေ့ ရောက်တော့မယ်’ ဆိုပြီး ငိုကြွေးမြည်တမ်းကြပါ။
၃ ယေဟောဝါရဲ့နေ့ နီးပြီ။ အဲဒီနေ့ နီးနေပြီ။+
အဲဒီနေ့ဟာ မိုးတိမ်ထူတဲ့နေ့၊+ လူမျိုးတွေကို တရားစီရင်မယ့်နေ့ ဖြစ်လိမ့်မယ်။+
၄ ဓားဘေးက အီဂျစ်ပြည်ကို လာတိုက်လိမ့်မယ်။ အီဂျစ်ပြည်မှာ လူတွေသေဆုံးတဲ့အခါ၊
သူ့စည်းစိမ် သိမ်းယူခံရတဲ့အခါ၊ သူ့အုတ်မြစ် ဖြိုချခံရတဲ့အခါ+ အီသီယိုးပီးယားက ထိတ်ထိတ်ပျာပျာ ဖြစ်သွားလိမ့်မယ်။
၅ အီသီယိုးပီးယားပြည်သား၊+ ဖုတပြည်သား၊+ လုဒပြည်သား၊
ခုဘပြည်သားနဲ့ လူမျိုးခြားတွေဟာ
ပဋိညာဉ်ဖွဲ့ထားတဲ့ ပြည်သားတွေ* နဲ့အတူ ဓားဘေးကြောင့် ကျဆုံးသွားလိမ့်မယ်။”’
၆ ‘အီဂျစ်ဝါကြွားနေတဲ့ တန်ခိုးအာဏာ ကျဆုံးသွားမှာဖြစ်လို့+
သူ့ကိုထောက်မပေးသူတွေလည်း ကျဆုံးသွားလိမ့်မယ်’ လို့ ယေဟောဝါပြောတယ်။
“အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက–
‘သူတို့ဟာ မိဂဒေါလအရပ်ကနေ+ သုနေမြို့အထိ+ ဓားဘေးကြောင့် ကျဆုံးသွားလိမ့်မယ်။ ၇ အီဂျစ်ပြည်ဟာ လူသူအကင်းမဲ့ဆုံးပြည် ဖြစ်သွားလိမ့်မယ်။ သူ့ရဲ့မြို့တွေလည်း အပျက်ယွင်းဆုံးမြို့တွေ ဖြစ်သွားလိမ့်မယ်။+ ၈ အီဂျစ်ကို ငါမီးရှို့တဲ့အခါ၊ သူ့ရဲ့မဟာမိတ်တွေ ပျက်စီးသွားတဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ သိရကြလိမ့်မယ်။ ၉ အဲဒီနေ့ရောက်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းတဲ့ အီသီယိုးပီးယားပြည် တုန်လှုပ်သွားအောင် တမန်တွေကို သင်္ဘောနဲ့ ငါလွှတ်မယ်။ အီဂျစ်ပြည်ပျက်စီးမယ့်နေ့မှာ သူတို့ ထိတ်ထိတ်ပျာပျာ ဖြစ်သွားလိမ့်မယ်။ အဲဒီနေ့ ကျိန်းသေ ရောက်လာမယ်။’
၁၀ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အီဂျစ်လူစုကြီးကို ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ချက်နဲ့ ဇာတ်သိမ်းပစ်မယ်။+ ၁၁ အရက်စက်ဆုံးဖြစ်တဲ့ သူနဲ့သူ့စစ်သည်တွေကို+ အီဂျစ်ပြည်ကို ဖျက်ဆီးဖို့ ငါခေါ်လာမယ်။ သူတို့က အီဂျစ်ပြည်ကို ဓားနဲ့တိုက်ခိုက်ပြီး လူတွေကို အတုံးအရုံး ကျဆုံးစေမယ်။+ ၁၂ နိုင်းမြစ်တူးမြောင်းတွေကို+ ငါခြောက်သွေ့စေပြီး အီဂျစ်ပြည်ကို လူဆိုးတွေလက်ထဲ ရောင်းမယ်။ တစ်ပြည်လုံးကို တိုင်းတစ်ပါးသားလက်ချက်နဲ့ ဖျက်ဆီးမယ်။+ ဒါဟာ ယေဟောဝါကိုယ်တိုင် ပြောတဲ့စကားပဲ။’
၁၃ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ရွံမုန်းဖွယ်ရုပ်တုတွေကို* ဖျက်ဆီးပြီး နောဖမြို့က* အသုံးမဝင်တဲ့ ဘုရားတွေကို ငါဇာတ်သိမ်းမယ်။+ အီဂျစ်ပြည်မှာ မင်းညီမင်းသားတစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး။ အီဂျစ်ပြည် ကြောက်လန့်သွားအောင် ငါလုပ်မယ်။+ ၁၄ ပါသရုအရပ်ကို+ ဖျက်ဆီးမယ်။ ဇောနမြို့ကို မီးရှို့မယ်။ နောမြို့ကို*+ တရားစီရင်မယ်။ ၁၅ အီဂျစ်ရဲတိုက်ဖြစ်တဲ့ သိန်မြို့အပေါ် ငါ့ဒေါသကို သွန်းလောင်းမယ်။ နောမြို့သားတွေကို ဖျက်ဆီးမယ်။ ၁၆ အီဂျစ်ကို ငါမီးရှို့တဲ့အခါ သိန်မြို့ဟာ ကြောက်ရွံ့တုန်လှုပ်သွားလိမ့်မယ်။ နောမြို့ ဖြိုဖျက်ခံရလိမ့်မယ်။ နောဖမြို့ဟာ နေ့ခင်းကြောင်တောင် တိုက်ခိုက်ခံရလိမ့်မယ်။ ၁၇ သြနမြို့နဲ့* ဖိဗေသက်မြို့က လူငယ်တွေ ဓားဘေးကြောင့် ကျဆုံးသွားလိမ့်မယ်။ မြို့သူမြို့သားတွေ သုံ့ပန်းဘဝ ရောက်လိမ့်မယ်။ ၁၈ တာပနက်မြို့မှာ အီဂျစ်ရဲ့ထမ်းပိုးကို ငါချိုးတဲ့အခါ+ နေ့ခင်းကြောင်တောင် မှောင်သွားလိမ့်မယ်။ သူဝါကြွားနေတဲ့ တန်ခိုးအာဏာ ဇာတ်သိမ်းသွားမယ်။+ သူ့ကို မိုးတိမ်တွေ ဖုံးလွှမ်းသွားလိမ့်မယ်။ ပတ်ဝန်းကျင်ကျေးရွာက လူတွေ သုံ့ပန်းဘဝ ရောက်လိမ့်မယ်။+ ၁၉ အီဂျစ်ကို ငါတရားစီရင်မယ်။ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရလိမ့်မယ်။’”
၂၀ ဆယ့်တစ်နှစ်မြောက်၊ တစ်လပိုင်း၊ ခုနစ်ရက်နေ့မှာ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂၁ “လူသား၊ အီဂျစ်ဘုရင်ဖာရောရဲ့ လက်ရုံးကို ငါချိုးမယ်။ အရိုးပြန်ဆက်သွားအောင် ကျပ်စည်းပေးမှာ မဟုတ်ဘူး။ ဓားပြန်ကိုင်နိုင်တဲ့အထိ သန်မာလာအောင် ပတ်တီးစည်းပေးမှာ မဟုတ်ဘူး။”
၂၂ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အီဂျစ်ဘုရင်ဖာရောကို ငါတိုက်ခိုက်မယ်။+ သူ့ရဲ့ သန်မာတဲ့လက်ရုံးကိုရော ကျိုးနေတဲ့လက်ရုံးကိုပါ ချိုးမယ်။+ သူ့လက်ကနေ ဓားလွတ်ကျသွားအောင် ငါလုပ်မယ်။+ ၂၃ အဲဒီနောက် အီဂျစ်လူတွေကို လူမျိုးတွေအလယ်မှာ ကွဲလွင့်စေပြီး တိုင်းပြည်တွေအလယ်မှာ တကွဲတပြား ဖြစ်စေမယ်။+ ၂၄ ဗာဗုလုန်ဘုရင်ရဲ့ လက်ရုံးကို သန်မာစေပြီး+ ငါ့ဓားကို သူ့လက်ထဲ ထည့်ပေးမယ်။+ ဖာရောရဲ့ လက်ရုံးကိုတော့ ချိုးပစ်မယ်။ ဖာရောဟာ ဗာဗုလုန်ဘုရင်ရှေ့မှာ သေလုမြောပါးဖြစ်နေသူလို ညည်းတွားအော်ဟစ်ရလိမ့်မယ်။ ၂၅ ဗာဗုလုန်ဘုရင်ရဲ့ လက်ရုံးကို ငါသန်မာစေမယ်။ ဖာရောရဲ့လက်ရုံးကတော့ ချည့်နဲ့သွားလိမ့်မယ်။ ဗာဗုလုန်ဘုရင်လက်ထဲ ငါ့ဓားကို ထည့်ပေးမှာဖြစ်လို့ သူက အီဂျစ်ပြည်ကို အဲဒီဓားနဲ့ တိုက်ခိုက်တဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။+ ၂၆ ငါက အီဂျစ်လူတွေကို လူမျိုးတွေအလယ်မှာ ကွဲလွင့်စေပြီး တိုင်းပြည်တွေအလယ်မှာ တကွဲတပြား ဖြစ်စေမယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။’”
၃၁ ဆယ့်တစ်နှစ်မြောက်၊ သုံးလပိုင်း၊ တစ်ရက်နေ့မှာ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ အီဂျစ်ဘုရင်ဖာရောနဲ့ သူ့လူစုကြီးကို ပြောလိုက်ပါ–+
“‘မင်းလောက် ဘယ်သူ ကြီးမြတ်လို့လဲ။
၃ မင်းဟာ အဆီးရီးယားလူနဲ့ တူတယ်။ လက်ဘနွန်က သစ်ကတိုးပင်လိုပဲ။
အကိုင်းအခက်တွေ ဝေဆာတယ်။
အရိပ်ကောင်းပြီး မိုးထိအောင် မြင့်မားတယ်။
၄ အပင်ဟာ ရေဝပြီး ကြီးထွားလာတယ်။ နက်ရှိုင်းတဲ့စမ်းရေကြောင့် မြင့်မားလာတယ်။
သူ့ပတ်လည်မှာ စမ်းချောင်းတွေရှိတယ်။
သစ်တောထဲက အပင်တွေလည်း ရေမြောင်းတွေကနေ ရေရတယ်။
၅ ဒါကြောင့် အဲဒီအပင်က တခြားအပင်တွေထက် မြင့်မားလာတယ်။
“‘စမ်းချောင်းတွေကနေ ရေအလျှံပယ်ရတဲ့အတွက်
အကိုင်းတွေ ပွားပြီး အခက်အလက်တွေ ရှည်လာတယ်။
၆ အဲဒီအပင်ရဲ့ အကိုင်းတွေကြားမှာ မိုးကောင်းကင်ငှက်တွေ အသိုက်ဆောက်ကြတယ်။
အပင်အောက်မှာ သားရဲတွေ သားပေါက်ကြတယ်။
အပင်ရိပ်မှာ လူမျိုးကြီး နားခိုကြတယ်။
၇ ရေများတဲ့နေရာဆီ အမြစ်ဖြာသွားတဲ့အတွက်
အပင်ဟာ လှပတင့်တယ်ပြီး အခက်အလက် ရှည်ထွက်လာတယ်။
၈ ဘုရားသခင်ရဲ့ ဥယျာဉ်မှာရှိတဲ့+ သစ်ကတိုးတစ်ပင်မှ သူ့ကို မယှဉ်နိုင်ဘူး။
ဂျူနီပါထင်းရှူးတစ်ပင်မှ သူ့လို အကိုင်းတွေ မရှိဘူး။
ပိုးစာတစ်ပင်မှ* သူ့အခက်အလက်တွေကို မယှဉ်နိုင်ဘူး။
ဘုရားသခင်ရဲ့ ဥယျာဉ်မှာရှိတဲ့ အပင်တစ်ပင်မှ သူ့အလှကို မမီဘူး။
၉ ငါက အဲဒီအပင်ကို အရွက်ဝေဆာပြီး လှပတင့်တယ်စေတယ်။
စစ်မှန်တဲ့ဘုရားသခင်ရဲ့ ဧဒင်ဥယျာဉ်မှာရှိတဲ့ တခြားအပင်တွေတောင် မနာလိုဖြစ်ကြတယ်။’
၁၀ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– ‘အဲဒီအပင်ဟာ မိုးထိအောင် မြင့်မားလာတယ်။ အဲဒီလိုမြင့်မားလာတော့ မောက်မာလာတယ်။ ၁၁ ဒါကြောင့် အဲဒီအပင်ကို လူမျိုးခြားတွေရဲ့ တန်ခိုးကြီးဘုရင်လက်ထဲ ငါအပ်မှာဖြစ်လို့+ အပင်ကို သူပြစ်ဒဏ်စီရင်လိမ့်မယ်။ ဆိုးညစ်တဲ့ အဲဒီအပင်ကို ငါငြင်းပယ်မယ်။ ၁၂ အရက်စက်ဆုံး လူမျိုးခြားတွေက အဲဒီအပင်ကို ခုတ်ပြီး တောင်တန်းတွေပေါ် ပစ်ထားလိမ့်မယ်။ ချိုင့်ဝှမ်းတွေထဲ အရွက်တွေ ကြွေကျသွားလိမ့်မယ်။ အခက်အလက်တွေလည်း စမ်းချောင်းတွေထဲ ကျိုးကျနေလိမ့်မယ်။+ သူ့အရိပ်ခိုသူအားလုံး သူ့ကို စွန့်ခွာသွားလိမ့်မယ်။ ၁၃ လဲကျနေတဲ့ ပင်စည်ပေါ် မိုးကောင်းကင်ငှက်တွေ လာနားပြီး အခက်အလက်တွေမှာ သားရဲတွေ လာခိုကြလိမ့်မယ်။+ ၁၄ အဲဒီလိုဖြစ်ရတာဟာ ရေစပ်မှာရှိတဲ့ တခြားအပင်တွေလည်း မိုးထိအောင် မမြင့်မားစေဖို့၊ ရေဝနေတဲ့ အပင်တွေလည်း မိုးထိအောင် ထိုးထွက်မလာစေဖို့ပဲ။ သူတို့က သေတွင်းထဲ ဆင်းတော့မယ့် လူတွေနဲ့အတူ သေရလိမ့်မယ်၊ အောက်အရပ်မှာရှိတဲ့ ပြည်ဆီ ဆင်းသွားရလိမ့်မယ်။’
၁၅ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အဲဒီအပင် သင်္ချိုင်းထဲ ဆင်းသွားတဲ့နေ့မှာ လူတွေကို ငါညည်းတွားငိုကြွေးစေမယ်။ နက်ရှိုင်းတဲ့ရေထုကို ပိတ်ဆို့ပြီး စမ်းချောင်းတွေကို တားလိုက်တဲ့အတွက် ရေတွေတန့်သွားလိမ့်မယ်။ အဲဒီအပင်ကြောင့် လက်ဘနွန်ပြည်ကို ငါမှောင်မိုက်စေမယ်။ အပင်အားလုံး ညှိုးနွမ်းသွားလိမ့်မယ်။ ၁၆ အဲဒီအပင်ကို သေတွင်းထဲဆင်းတော့မယ့် လူတွေနဲ့အတူ သင်္ချိုင်းထဲ ဆင်းခိုင်းတဲ့အခါ အပင်ပြိုလဲသံကြောင့် လူမျိုးတွေ တုန်လှုပ်သွားလိမ့်မယ်။ ဧဒင်မှာရှိတဲ့အပင်တွေ၊+ လက်ဘနွန်မှာရှိတဲ့ အကောင်းဆုံးအပင်တွေ၊ ရေဝနေတဲ့အပင်တွေက အောက်အရပ်မှာရှိတဲ့ ပြည်မှာ စိတ်သက်သာရာရလိမ့်မယ်။ ၁၇ သူတို့က အဲဒီအပင်နဲ့အတူ သင်္ချိုင်းဆီ၊ ဓားနဲ့ကွပ်မျက်ခံရသူတွေဆီ၊+ လူမျိုးတွေအလယ် သူ့အရိပ်ခိုပြီး သူ့ကိုထောက်ခံသူတွေဆီ ဆင်းသွားကြတယ်။’+
၁၈ “‘ဧဒင်မှာရှိတဲ့ ဘယ်အပင်က မင်းလို ဂုဏ်ကျက်သရေရှိပြီး ကြီးမြတ်လို့လဲ။+ ဒါပေမဲ့ မင်းဟာ ဧဒင်မှာရှိတဲ့ အပင်တွေနဲ့အတူ အောက်အရပ်မှာရှိတဲ့ ပြည်ဆီ ဆင်းသွားရလိမ့်မယ်။ ဓားနဲ့ကွပ်မျက်ခံရသူတွေ၊ အရေဖျားမဖြတ်သူတွေနဲ့အတူ လဲလျောင်းရလိမ့်မယ်။ ဖာရောနဲ့ သူ့လူစုကြီးဟာ ဒါကို ကြုံရလိမ့်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၃၂ ဆယ့်နှစ်နှစ်မြောက်၊ ဆယ့်နှစ်လပိုင်း၊ တစ်ရက်နေ့မှာ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “အို လူသား၊ အီဂျစ်ဘုရင် ဖာရောနဲ့ပတ်သက်ပြီး ငိုချင်းတစ်ပုဒ် ဆိုပါ။ သူ့ကို ပြောရမှာက–
‘မင်းဟာ လူမျိုးတွေထဲမှာ သန်မာတဲ့ခြင်္သေ့ပျိုနဲ့ တူခဲ့ပေမဲ့
အခုတော့ နှုတ်ဆိတ်သွားရပြီ။
မင်းဟာ ပင်လယ်သတ္တဝါကြီးနဲ့ တူတယ်။+
ရေကို တဗွမ်းဗွမ်းရိုက်ခတ်ပြီး နောက်ကျိအောင် လုပ်တယ်။ မြစ်တွေကို ညစ်ပတ်အောင် လုပ်တယ်။’
၃ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက–
‘လူမျိုးတွေကို စုဝေးပြီး မင်းကို ပိုက်ကွန်နဲ့အုပ်မယ်။
သူတို့က မင်းကို ငါ့ရဲ့ပိုက်နဲ့ ဆွဲလိမ့်မယ်။
၄ မင်းကို ကုန်းပေါ်မှာ ငါစွန့်ပစ်မယ်။
လယ်ကွင်းထဲမှာ ပစ်ထားမယ်။
မိုးကောင်းကင်ငှက်တွေကို မင်းအပေါ်မှာ နားနေစေမယ်။
မြေတစ်ပြင်လုံးမှာရှိတဲ့ သားရဲတွေ မင်းရဲ့အသားကို အဝစားကြလိမ့်မယ်။+
၅ မင်းရဲ့အသားကို တောင်တန်းတွေပေါ်မှာ ငါပစ်ထားမယ်။
ချိုင့်ဝှမ်းတွေထဲမှာ မင်းရဲ့အလောင်းတွေနဲ့ ပြည့်နေလိမ့်မယ်။+
၆ မင်းဆီကနေ ပန်းထွက်လာတဲ့ သွေးတွေနဲ့ မြေကို ရွှဲရွဲစိုစေမယ်။
တောင်ထိပ်တွေအထိ ရွှဲရွဲစိုစေမယ်။
စမ်းချောင်းတွေမှာ မင်းရဲ့သွေးတွေ ပြည့်နေလိမ့်မယ်။’
၇ ‘မင်းကို ဖျက်ဆီးချိန်မှာ မိုးကောင်းကင်ကို ငါဖုံးအုပ်မယ်။ ကြယ်တွေကို မှောင်မိုက်စေမယ်။
နေမင်းကိုလည်း မိုးတိမ်နဲ့ ဖုံးအုပ်မယ်။
လမင်းက အလင်းရောင်ပေးမှာ မဟုတ်ဘူး။+
၈ မိုးကောင်းကင်မှာရှိတဲ့ အလင်းအိမ်အားလုံးကို မင်းကြောင့် ငါမှောင်မိုက်စေမယ်။
မင်းရဲ့ပြည်ကို အမှောင်ဖုံးစေမယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၉ ‘မင်းရဲ့သုံ့ပန်းတွေကို လူမျိုးခြားတွေဆီ၊ မင်းမသိတဲ့ တိုင်းပြည်တွေဆီ ငါခေါ်သွားတဲ့အခါ+
လူတွေကို စိတ်ဒုက္ခရောက်စေမယ်။
၁၀ လူတွေကို မှင်တက်သွားစေမယ်။
သူတို့ရဲ့ ဘုရင်တွေရှေ့မှာ ဓားကို ငါဝှေ့ယမ်းတဲ့အခါ မင်းကြောင့် အဲဒီဘုရင်တွေ ကြောက်ရွံ့တုန်လှုပ် ကြလိမ့်မယ်။
မင်းပြိုလဲသွားတဲ့နေ့မှာ သူတို့က အသက်အန္တရာယ်ကို စိုးရိမ်ပြီး
တဆတ်ဆတ် တုန်နေလိမ့်မယ်။’
၁၁ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက–
‘မင်းအပေါ် ဗာဗုလုန်ဘုရင်ရဲ့ဓား ရောက်လာလိမ့်မယ်။+
၁၂ မင်းရဲ့လူစုကြီးကို အရက်စက်ဆုံး ခွန်အားကြီးစစ်သည်တွေရဲ့ ဓားနဲ့ ကျဆုံးစေမယ်။+
သူတို့က အီဂျစ်ရဲ့မာနကို ချိုးပစ်လိမ့်မယ်။
အီဂျစ်ရဲ့လူစုကြီး အစတုံး ဖျက်ဆီးခံရလိမ့်မယ်။+
၁၃ ရေပေါများတဲ့နေရာနားက သူ့ရဲ့ တိရစ္ဆာန်တွေကို ငါဖျက်ဆီးမယ်။+
ဘယ်လူ၊ ဘယ်တိရစ္ဆာန်ကမှ ခြေထောက်တွေ၊ ခွာတွေနဲ့ ရေနောက်ကျိအောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး။’+
၁၄ ‘အဲဒီအချိန်ရောက်ရင် သူ့ရေတွေကို ငါကြည်လင်စေမယ်။
သူ့မြစ်ချောင်းတွေကို ဆီလို စီးဆင်းစေမယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၁၅ ‘ငါက အီဂျစ်ပြည်ကို လူသူကင်းမဲ့တဲ့ လွင်တီးခေါင်ဖြစ်စေမယ်။ တိုင်းပြည်ထဲမှာ ရှိသမျှကို ခွာချမယ်။+
ပြည်သူပြည်သားအားလုံးကို ကွပ်မျက်တဲ့အခါ
ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။+
၁၆ ဒါဟာ ငိုချင်းတစ်ပုဒ်ပဲ။ ဒီငိုချင်းကို လူတွေ ရွတ်ဆိုကြလိမ့်မယ်။
လူမျိုးတို့ရဲ့သမီးပျိုတွေ ရွတ်ဆိုကြလိမ့်မယ်။
အီဂျစ်နဲ့ သူ့လူစုကြီးအတွက် ဒီငိုချင်းကို ရွတ်ဆိုကြလိမ့်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၁၇ ဆယ့်နှစ်နှစ်မြောက်၊ လရဲ့ဆယ့်ငါးရက်နေ့မှာ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၁၈ “လူသား၊ အီဂျစ်ရဲ့ လူစုကြီးအတွက် ငိုကြွေးမြည်တမ်းပါ။ အီဂျစ်နဲ့ အင်အားကြီးလူမျိုးတွေရဲ့ သမီးပျိုတွေကို သေတွင်းထဲ ဆင်းတော့မယ့်သူတွေနဲ့အတူ အောက်အရပ်မှာရှိတဲ့ပြည်ဆီ ခေါ်သွားပါ။
၁၉ “‘မင်းက ဘယ်သူ့ထက် ပိုလှနေလို့လဲ။ ဆင်းသွားပြီး အရေဖျားမဖြတ်သူတွေနဲ့အတူ လဲလျောင်းနေလိုက်ပါ။’
၂၀ “‘အီဂျစ်တွေက ဓားနဲ့ ကွပ်မျက်ခံရသူတွေနဲ့အတူ ကျဆုံးသွားလိမ့်မယ်။+ အီဂျစ်ပြည်ဟာ ဓားစာမိသွားပြီ။ သူ့လူစုကြီးနဲ့အတူ သူ့ကို ဆွဲခေါ်သွားပါ။
၂၁ “‘ခွန်အားအကြီးဆုံးစစ်သည်တွေက ဖာရောနဲ့ သူ့ကိုကူညီပေးသူတွေကို နက်ရှိုင်းတဲ့ သင်္ချိုင်းထဲကနေ စကားပြောလိမ့်မယ်။ သူတို့ ဆင်းကိုဆင်းသွားရလိမ့်မယ်။ ဓားနဲ့ကွပ်မျက်ခံရပြီး အရေဖျားမဖြတ်သူတွေလို လဲလျောင်းရလိမ့်မယ်။ ၂၂ အဲဒီမှာ အဆီးရီးယားနဲ့ သူ့လူတွေ ရှိနေတယ်။ အဆီးရီးယားဘုရင်ရဲ့ ပတ်လည်မှာ သူ့လူတွေရဲ့သင်္ချိုင်း ရှိနေတယ်။ သူတို့အားလုံး ဓားနဲ့ကွပ်မျက်ခံခဲ့ရတယ်။+ ၂၃ အဆီးရီးယားရဲ့သင်္ချိုင်းက နက်ရှိုင်းတဲ့သေတွင်းထဲမှာ ရှိတယ်။ သူ့သင်္ချိုင်းပတ်လည်မှာ သူ့လူတွေ ရှိတယ်။ သူတို့အားလုံးဟာ အသက်ရှင်စဉ်က လူတွေကို ထိတ်လန့်စေခဲ့တဲ့အတွက် ဓားနဲ့ကွပ်မျက်ခံခဲ့ရတယ်။
၂၄ “‘အဲဒီမှာ ဧလံပြည်လည်း+ ရှိနေတယ်။ သူ့လူစုကြီးက သူ့သင်္ချိုင်းပတ်လည်မှာ ရှိနေတယ်။ သူတို့အားလုံး ဓားနဲ့ကွပ်မျက်ခံခဲ့ရတယ်။ အရေဖျားမဖြတ်ဘဲ အောက်အရပ်မှာရှိတဲ့ ပြည်ဆီ ဆင်းသွားရတယ်။ သူတို့ဟာ အသက်ရှင်စဉ်က လူတွေကို ထိတ်လန့်စေခဲ့ပေမဲ့ အခုတော့ သေတွင်းထဲဆင်းတော့မယ့် လူတွေနဲ့အတူ အရှက်တကွဲ ဖြစ်ရလိမ့်မယ်။ ၂၅ လူသေတွေအလယ်မှာ၊ သူ့လူစုကြီးအလယ်မှာ သူ့အတွက် အိပ်ရာပြင်ပေးကြတယ်။ သူ့သင်္ချိုင်းပတ်လည်မှာ သူ့လူတွေရဲ့သင်္ချိုင်း ရှိနေတယ်။ အရေဖျားမဖြတ်ထားတဲ့ သူတို့အားလုံးဟာ အသက်ရှင်စဉ်က လူတွေကို ထိတ်လန့်စေခဲ့တဲ့အတွက် ဓားနဲ့ကွပ်မျက်ခံခဲ့ရတယ်။ သေတွင်းထဲ ဆင်းတော့မယ့် လူတွေနဲ့အတူ အရှက်တကွဲ ဖြစ်ရလိမ့်မယ်။ လူသေတွေအလယ်မှာ သူ နေရတယ်။
၂၆ “‘မာရှက်ပြည်၊ တုဗလပြည်နဲ့+ သူတို့ရဲ့လူစုကြီးတွေကလည်း အဲဒီမှာ ရှိနေတယ်။ သူတို့ရဲ့သင်္ချိုင်းက သူတို့ဘုရင်ရဲ့ သင်္ချိုင်းပတ်လည်မှာ ရှိနေတယ်။ အရေဖျားမဖြတ်ထားတဲ့ သူတို့အားလုံးဟာ အသက်ရှင်စဉ်က လူတွေကို ထိတ်လန့်စေခဲ့တဲ့အတွက် ဓားနဲ့အထိုးခံရတယ်။ ၂၇ သူတို့က ကျဆုံးသွားတဲ့ ခွန်အားကြီးစစ်သည်တွေနဲ့အတူ လဲလျောင်းရမယ် မဟုတ်လား။ အဲဒီစစ်သည်တွေဟာ အရေဖျားမဖြတ်ထားသူတွေ၊ စစ်လက်နက်တွေနဲ့အတူ သင်္ချိုင်းထဲ ဆင်းသွားသူတွေပဲ။ သူတို့ရဲ့ဓားတွေကို ခေါင်းအောက်မှာ ထားပေးကြလိမ့်မယ်။* ဒီခွန်အားကြီး စစ်သည်တွေဟာ အသက်ရှင်စဉ်က လူတွေကို ထိတ်လန့်စေခဲ့တဲ့အတွက် သူတို့အရိုးတွေတောင် အပြစ်ရဲ့အကျိုးဆက်ကို ခံရလိမ့်မယ်။ ၂၈ မင်းလည်း* အရေဖျားမဖြတ်ထားသူတွေနဲ့အတူ နင်းခြေခံရလိမ့်မယ်။ ဓားနဲ့ ကွပ်မျက်ခံရသူတွေနဲ့အတူ လဲလျောင်းရလိမ့်မယ်။
၂၉ “‘ဧဒုံပြည်လည်း+ အဲဒီမှာ ရှိနေတယ်။ သူ့ဘုရင်တွေနဲ့ သူ့ခေါင်းဆောင်တွေဟာ ခွန်အားကြီးပေမဲ့ ဓားနဲ့ကွပ်မျက်ခံရသူတွေနဲ့အတူ လဲလျောင်းနေရတယ်။ အရေဖျားမဖြတ်သူတွေ၊+ သေတွင်းထဲ ဆင်းတော့မယ့် လူတွေနဲ့အတူ လဲလျောင်းရလိမ့်မယ်။
၃၀ “‘မြောက်အရပ်က မင်းညီမင်းသားတွေနဲ့ ဆိုင်ဒုန်လူတွေလည်း+ အဲဒီမှာ ရှိနေတယ်။ သူတို့ဟာ ခွန်အားကြီးပြီး လူတွေကို ထိတ်လန့်စေခဲ့ပေမဲ့ လူသေတွေနဲ့အတူ အရှက်တကွဲ ဆင်းသွားကြတယ်။ အရေဖျားမဖြတ်ထားတဲ့ သူတို့ဟာ ဓားနဲ့ ကွပ်မျက်ခံရသူတွေနဲ့အတူ လဲလျောင်းရလိမ့်မယ်။ သေတွင်းထဲ ဆင်းတော့မယ့်သူတွေနဲ့အတူ အရှက်တကွဲ ဖြစ်ရလိမ့်မယ်။
၃၁ “‘ဖာရောက သူတို့အားလုံးကို မြင်တဲ့အခါ သူ့လူစုကြီး ကြုံခဲ့တဲ့အရာအတွက် စိတ်သက်သာရာရလိမ့်မယ်။+ ဖာရောနဲ့ သူ့စစ်တပ်ဟာ ဓားနဲ့ ကွပ်မျက်ခံရလိမ့်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၃၂ “‘ဖာရောနဲ့ သူ့လူစုကြီးဟာ အသက်ရှင်စဉ်က လူတွေကို ထိတ်လန့်စေခဲ့တဲ့အတွက် အရေဖျားမဖြတ်သူတွေ၊ ဓားနဲ့ ကွပ်မျက်ခံရသူတွေနဲ့အတူ မြှုပ်နှံခံရလိမ့်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၃၃ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “အို လူသား၊ မင်းရဲ့လူတွေကို ပြောပါ–+
“‘တိုင်းပြည်တစ်ပြည်မှာ ငါ ဓားဘေးကျရောက်စေတယ်+ ဆိုပါစို့။ ပြည်သူပြည်သားတွေက လူတစ်ယောက်ကို ရွေးပြီး ကင်းစောင့် ခန့်ထားတယ်။ ၃ ကင်းစောင့်က ဓားဘေးရောက်လာတာကို မြင်တဲ့အခါ တံပိုးမှုတ်ပြီး လူတွေကို သတိပေးတယ်။+ ၄ လူတစ်ယောက်က တံပိုးမှုတ်သံကြားပေမဲ့ သတိပေးချက်ကို နားမထောင်ဘူးဆိုရင်+ ဓားဘေးရောက်လာပြီး အသက်ဆုံးရှုံးရလိမ့်မယ်။ သူ့အပြစ်နဲ့သူ သေရလိမ့်မယ်။*+ ၅ သူဟာ တံပိုးမှုတ်သံ ကြားပေမဲ့ သတိပေးချက်ကို နားမထောင်တဲ့အတွက် သူ့အပြစ်နဲ့သူသေရလိမ့်မယ်။ သတိပေးချက်ကို နားထောင်မယ်ဆိုရင်တော့ အသက်ချမ်းသာရလိမ့်မယ်။
၆ “‘ကင်းစောင့်က ဓားဘေးရောက်လာတာကို မြင်ပေမဲ့ တံပိုးမမှုတ်ဘူး၊+ လူတွေကို သတိမပေးဘူးဆိုရင် ဓားဘေးရောက်လာပြီး လူတစ်ယောက်ရဲ့ အသက်ကို ခြွေယူသွားလိမ့်မယ်။ အဲဒီလူဟာ သူ့အပြစ်နဲ့သူ သေရမှာဖြစ်ပေမဲ့ သူ့သွေးကို ကင်းစောင့်ဆီကနေ ငါပြန်တောင်းမယ်။’*+
၇ “လူသား၊ မင်းကို အစ္စရေးအမျိုးအတွက် ကင်းစောင့်ခန့်လိုက်ပြီ။ ငါပြောတာကို မင်း ကြားတဲ့အခါ အဲဒီအတိုင်း သူတို့ကို သတိပေးရမယ်။+ ၈ ‘မင်း သေကိုသေရလိမ့်မယ်’ လို့ လူဆိုးကို ငါပြောပေမဲ့+ လမ်းစဉ်ပြောင်းလဲဖို့ သူ့ကို မင်းသတိမပေးဘူးဆိုရင် သူဟာ လူဆိုးအဖြစ် သူ့အပြစ်နဲ့သူ သေရလိမ့်မယ်။+ ဒါပေမဲ့ သူ့သွေးကို မင်းဆီကနေ ငါပြန်တောင်းမယ်။* ၉ လူဆိုးကို သူ့လမ်းစဉ်ကနေ ပြန်လှည့်လာဖို့ သတိပေးပေမဲ့ သူဟာ လမ်းစဉ်ကို မပြောင်းလဲဘူးဆိုရင် သူ့အပြစ်နဲ့သူ သေရလိမ့်မယ်။+ မင်းကတော့ အသက်ချမ်းသာရလိမ့်မယ်။+
၁၀ “လူသား၊ အစ္စရေးအမျိုးကို ပြောလိုက်ပါ– ‘“ငါတို့က ပုန်ကန်မှုတွေ၊ အပြစ်တွေနဲ့ ဝန်ပိနေလို့ ချုံးချုံးကျနေတာ။+ ဘယ်လိုလုပ် အသက်ဆက်ရှင်နိုင်မှာလဲ” လို့ မင်းတို့ ပြောနေတယ်။’+ ၁၁ သူတို့ကို ပြောလိုက်ပါ– ‘“အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ လူဆိုးသေသွားတဲ့အခါ ငါဝမ်းမသာဘူး။+ သူ့လမ်းစဉ်ပြောင်းလဲပြီး+ အသက်ဆက်ရှင်တဲ့အခါ+ ငါဝမ်းသာတယ်။ အို အစ္စရေးအမျိုး၊ မကောင်းတဲ့လမ်းစဉ်ကနေ ပြန်လှည့်လာကြပါ။ ပြန်လှည့်လာကြပါ။+ မင်းတို့ ဘာလို့သေရမှာလဲ။”+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၁၂ “လူသား၊ မင်းရဲ့လူတွေကို ပြောလိုက်ပါ– ‘ဖြောင့်မတ်သူက ပုန်ကန်တဲ့အခါ အရင်ကလုပ်ခဲ့တဲ့ ဖြောင့်မတ်မှုကြောင့် ကယ်တင်ခံရမှာ မဟုတ်ဘူး။+ လူဆိုးက ဆိုးညစ်မှုကို စွန့်လွှတ်တဲ့အခါ အရင်ကလုပ်ခဲ့တဲ့ ဆိုးညစ်မှုကြောင့် တိုက်မိလဲမှာမဟုတ်ဘူး။+ ဖြောင့်မတ်သူက အပြစ်လုပ်တဲ့အခါ အရင်ကလုပ်ခဲ့တဲ့ ဖြောင့်မတ်မှုကြောင့် အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး။+ ၁၃ ဖြောင့်မတ်သူကို “မင်း ကျိန်းသေ အသက်ဆက်ရှင်ရလိမ့်မယ်” လို့ ငါပြောပေမဲ့ သူက သူ့ရဲ့ဖြောင့်မတ်မှုအားကိုးနဲ့ အပြစ်လုပ်မယ်ဆိုရင်+ အရင်ကလုပ်ခဲ့တဲ့ ဖြောင့်မတ်မှုတစ်ခုကိုမှ ငါသတိရမှာ မဟုတ်ဘူး။ သူလုပ်တဲ့အပြစ်ကြောင့် သူသေရလိမ့်မယ်။+
၁၄ “‘လူဆိုးကို “မင်း သေကိုသေရလိမ့်မယ်” လို့ ငါပြောတဲ့အခါ အဲဒီလူဆိုးက အပြစ်ကိုစွန့်လွှတ်ပြီး ဖြောင့်မတ်မှန်ကန်ရာကို လုပ်တယ်ဆိုရင်၊+ ၁၅ အပေါင်ပစ္စည်းကို ပြန်ပေးတယ်၊+ လုယူထားတာကို ပြန်ပေးတယ်၊+ အပြစ်မလုပ်ဘဲ အသက်ရှင်စေတဲ့ ဥပဒေတွေအတိုင်း လိုက်လျှောက်တယ်ဆိုရင် ကျိန်းသေ အသက်ဆက်ရှင်လိမ့်မယ်။+ သေရမှာ မဟုတ်ဘူး။ ၁၆ သူကျူးလွန်ခဲ့တဲ့ အပြစ်တစ်ခုကိုမှ ငါမှတ်ထားမှာ မဟုတ်ဘူး။+ ဖြောင့်မတ်မှန်ကန်ရာကို လုပ်တဲ့အတွက် သူ ကျိန်းသေ အသက်ဆက်ရှင်ရလိမ့်မယ်။’+
၁၇ “ဒါတောင် မင်းရဲ့လူတွေက ‘ယေဟောဝါဘုရားရဲ့ လမ်းစဉ်ဟာ မတရားဘူး’ ဆိုပြီး ပြောကြတယ်။ တကယ်တော့ သူတို့ရဲ့ လမ်းစဉ်ကသာ မတရားတာပါ။
၁၈ “ဖြောင့်မတ်သူဟာ မှန်ရာကိုစွန့်ပြီး မကောင်းတာလုပ်တယ်ဆိုရင် အဲဒီအတွက် သေရလိမ့်မယ်။+ ၁၉ လူဆိုးဟာ မကောင်းမှုကို စွန့်မယ်၊ ဖြောင့်မတ်မှန်ကန်ရာကို လုပ်မယ်ဆိုရင်တော့ အဲဒီအတွက် အသက်ဆက်ရှင်လိမ့်မယ်။+
၂၀ “ဒါပေမဲ့ ‘ယေဟောဝါဘုရားရဲ့ လမ်းစဉ်ဟာ မတရားဘူး’ ဆိုပြီး မင်းတို့ပြောကြတယ်။+ အစ္စရေးအမျိုး၊ မင်းတို့ယောက်တိုင်းကို မင်းတို့ရဲ့ လမ်းစဉ်တွေနဲ့အညီ ငါတရားစီရင်မယ်။”
၂၁ ကျွန်တော်တို့ ပြည်နှင်ခံရပြီး ၁၂ နှစ်မြောက်၊ ၁၀ လပိုင်း၊ ၅ ရက်နေ့မှာ ဂျေရုဆလင်မြို့ကနေ လွတ်မြောက်လာသူတစ်ယောက် ကျွန်တော့်ဆီ ရောက်လာပြီး+ “မြို့တော် သိမ်းပိုက်ခံလိုက်ရပြီ” လို့ပြောတယ်။+
၂၂ သူ မရောက်လာခင် ညနေပိုင်းမှာ ကျွန်တော့်အပေါ် ယေဟောဝါရဲ့လက်တော် သက်ရောက်လာတယ်။ နောက်နေ့မနက် အဲဒီလူ မရောက်ခင်မှာ ဘုရားသခင်က ကျွန်တော့်နှုတ်ကို ဖွင့်ပေးတဲ့အတွက် ကျွန်တော် စကားပြန်ပြောနိုင်ပြီ။+
၂၃ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂၄ “လူသား၊ အဲဒီအပျက်အယွင်းတွေကြားမှာ နေထိုင်သူတွေက+ အစ္စရေးပြည်နဲ့ပတ်သက်ပြီး ‘အာဗြဟံဟာ တစ်ယောက်တည်း ဖြစ်တာတောင် ပြည်ကို အပိုင်ရသေးတာပဲ။+ ငါတို့ဟာ လူအများကြီးဆိုတော့ ပြည်ကို အပိုင်ရထားတာ သေချာတယ်’ လို့ ပြောနေကြတယ်။
၂၅ “ဒါကြောင့် သူတို့ကို ပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “မင်းတို့က သွေးပါတဲ့အသားကို စားပြီး+ ရွံမုန်းဖွယ်ရုပ်တုတွေကို* မျှော်ကြည့်နေကြတယ်။ ပြီးတော့ လူသတ်ကြတယ်။+ ဒါကြောင့် ပြည်ကို မင်းတို့ ဘာလို့ပိုင်ရမှာလဲ။ ၂၆ မင်းတို့က ဓားကို အားကိုးတယ်။+ ရွံစရာအကျင့်တွေ ကျင့်တယ်။ ယောက်တိုင်းက သူတစ်ပါးရဲ့ဇနီးကို ပြစ်မှားတယ်။+ ဒါကြောင့် ပြည်ကို မင်းတို့ ဘာလို့ပိုင်ရမှာလဲ။”’+
၂၇ “သူတို့ကို မင်းပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ အပျက်အယွင်းတွေကြားမှာ နေထိုင်သူတွေဟာ ဓားဘေးကြောင့် သေဆုံးသွားလိမ့်မယ်။ တောမှာနေထိုင်သူတွေကို သားရဲစာ ဖြစ်စေမယ်။ ရဲတိုက်တွေ၊ လိုဏ်ဂူတွေမှာ နေထိုင်သူတွေကို ကပ်ရောဂါနဲ့ သေဆုံးစေမယ်။+ ၂၈ ငါက တိုင်းပြည်ကို လူသူကင်းမဲ့တဲ့ လွင်တီးခေါင် ဖြစ်စေမယ်။+ သူ့မာန်စွယ်ကို ချိုးပစ်မယ်။ အစ္စရေးတောင်တန်းတွေဟာ ဖြတ်သန်းသွားလာသူ မရှိဘဲ လူသူကင်းမဲ့သွားလိမ့်မယ်။+ ၂၉ ငါက သူတို့လုပ်ခဲ့တဲ့ ရွံစရာတွေကြောင့်+ တိုင်းပြည်ကို လူသူကင်းမဲ့တဲ့ လွင်တီးခေါင် ဖြစ်စေတဲ့အခါ+ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့ သိရကြလိမ့်မယ်။”’
၃၀ “လူသား၊ မင်းရဲ့လူတွေက မြို့တံတိုင်းနား၊ အိမ်တံခါးနားမှာ မင်းအကြောင်း ပြောနေကြတယ်။+ သူတို့က ‘လာကြ။ ယေဟောဝါဘုရားဆီက လာတဲ့စကားကို ကြားနာရအောင်’ ဆိုပြီး ပြောနေကြတယ်။ ၃၁ သူတို့က ငါ့လူတွေအဖြစ် မင်းရှေ့မှာ လာထိုင်ကြလိမ့်မယ်။ မင်းပြောတာကို ကြားပေမဲ့ အဲဒီအတိုင်းလုပ်မှာ မဟုတ်ဘူး။+ မင်းကို နှုတ်နဲ့ မြှောက်ပင့်နေပေမဲ့ စိတ်ထဲမှာတော့ လောဘတက်ပြီး မသမာနည်းနဲ့ စီးပွားရှာဖို့ပဲ စဉ်းစားနေတယ်။ ၃၂ သူတို့အတွက်တော့ မင်းဟာ တူရိယာကို ပိုင်ပိုင်နိုင်နိုင် တီးခတ်ပြီး အချစ်သီချင်းကို ချိုချိုသာသာ ဆိုပြတဲ့သူ ဖြစ်နေတယ်။ မင်းပြောတာကို ကြားပေမဲ့ အဲဒီအတိုင်းလုပ်ကြမှာ မဟုတ်ဘူး။ ၃၃ ဒါပေမဲ့ အဲဒီစကားတွေ တကယ်ဖြစ်လာမယ်။ အဲဒီလိုဖြစ်လာတဲ့အခါ သူတို့ဆီမှာ ပရောဖက် ရှိခဲ့ဖူးတယ်ဆိုတာ သိရလိမ့်မယ်။”+
၃၄ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ အစ္စရေးသိုးထိန်းတွေနဲ့ပတ်သက်ပြီး ပရောဖက်ပြုပါ။ သိုးထိန်းတွေကို ပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ကိုယ်ချည်းပဲ စားသောက်နေတဲ့ အစ္စရေးသိုးထိန်းတွေ အဖြစ်ဆိုးကြုံရလိမ့်မယ်။+ သိုးထိန်းဆိုတာ သိုးအုပ်ကို ကျွေးမွေးရမှာ မဟုတ်လား။+ ၃ မင်းတို့က အဆီကိုစားပြီး သိုးမွေးကို ဝတ်ကြတယ်။ အဆူဖြိုးဆုံး တိရစ္ဆာန်ကို သတ်စားတယ်။+ သိုးအုပ်ကိုတော့ မကျွေးမွေးဘူး။+ ၄ အားနည်းတဲ့သိုးကို အားပြည့်အောင် မလုပ်ပေးဘူး။ နာတဲ့သိုးကို မကုပေးဘူး။ ဒဏ်ရာရတဲ့သိုးကို ပတ်တီးမစည်းပေးဘူး။ လမ်းလွဲတဲ့သိုးကို ပြန်မခေါ်လာဘူး။ ပျောက်တဲ့သိုးကို လိုက်မရှာဘူး။+ အဲဒီအစား သိုးတွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပြီး နိုင်ထက်စီးနင်း ထိန်းကျောင်းကြတယ်။+ ၅ သိုးထိန်းမရှိလို့ သိုးတွေ ကွဲလွင့်ကုန်ပြီ။+ အဲဒီလိုကွဲလွင့်သွားတဲ့အတွက် သားရဲစာ ဖြစ်ရပြီ။ ၆ တောင်တန်း၊ တောင်ကုန်းတွေပေါ်မှာ ငါ့သိုးတွေ လမ်းလွဲနေတယ်။ မြေတစ်ပြင်လုံးမှာ ကွဲလွင့်နေတယ်။ အဲဒီသိုးတွေကို လိုက်ရှာတဲ့သူ၊ ရှာဖို့ကြိုးစားတဲ့သူ တစ်ယောက်မှမရှိဘူး။
၇ “‘“ဒါကြောင့် သိုးထိန်းတို့၊ ယေဟောဝါ ပြောတာကို နားထောင်ကြ။ ၈ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ သိုးထိန်းမရှိလို့ ငါ့သိုးတွေဟာ သားရဲစာဖြစ်ကုန်ပြီ။ သိုးထိန်းတွေက ငါ့သိုးတွေကို လိုက်မရှာကြဘူး။ ငါ့သိုးတွေကို ကျွေးမယ့်အစား သူတို့ချည်းပဲ စားနေတယ်။”’ ၉ ဒါကြောင့် သိုးထိန်းတို့၊ ယေဟောဝါပြောတာကို နားထောင်ကြ။ ၁၀ ‘သိုးထိန်းတွေကို ငါဒဏ်ပေးမယ်။ ငါ့သိုးတွေအတွက် သူတို့ကို ဖြေရှင်းချက်တောင်းမယ်။* သိုးထိန်းအလုပ်ကနေ ထုတ်ပစ်မယ်။+ သူတို့ချည်းပဲ စားရတော့မှာ မဟုတ်ဘူး။ ငါ့သိုးတွေကို သူတို့အစာ မဖြစ်ရလေအောင် သူတို့ပါးစပ်ထဲကနေ ကယ်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။”
၁၁ “‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အခု၊ ငါကိုယ်တိုင် ငါ့သိုးတွေကို လိုက်ရှာပြီး ဂရုတစိုက် စောင့်ရှောက်မယ်။+ ၁၂ ကွဲလွင့်သွားတဲ့ သိုးတွေကို ရှာဖွေပြီး ကျွေးမွေးတဲ့ သိုးထိန်းလို ငါ့သိုးတွေကို ဂရုတစိုက် စောင့်ရှောက်မယ်။+ မိုးတိမ်ထူပြီး မှောင်မိုက်တဲ့နေ့မှာ ကွဲလွင့်သွားကြပေမဲ့ အဲဒီနေရာတွေကနေ ငါကယ်တင်မယ်။+ ၁၃ သူတို့ကို လူမျိုးတွေဆီကနေ ခေါ်ထုတ်မယ်။ တိုင်းပြည်တွေကနေ ပြန်စုသိမ်းပြီး နေရင်းပြည်ဆီ ခေါ်လာမယ်။ အစ္စရေးတောင်တန်းပေါ်မှာ၊ စမ်းချောင်းဘေးမှာ၊ ခိုနားရာနေရာတွေမှာ သူတို့ကို ငါကျွေးမွေးမယ်။+ ၁၄ သူတို့ကို စားကျက်မြေကောင်းကောင်းမှာ ကျက်စားခိုင်းမယ်။ အစ္စရေးပြည်မှာရှိတဲ့ မြင့်မားတဲ့ တောင်တန်းတွေပေါ်မှာ သူတို့ကျက်စားရလိမ့်မယ်။+ စားကျက်မြေကောင်းကောင်းမှာ နားနေရလိမ့်မယ်။+ အစ္စရေးတောင်တန်းပေါ်က အကောင်းဆုံး စားကျက်မြေမှာ ကျက်စားရလိမ့်မယ်။”
၁၅ “‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ငါ့သိုးတွေကို ငါကိုယ်တိုင် ကျွေးမွေးမယ်၊+ နားနေစေမယ်။+ ၁၆ ပျောက်တဲ့သိုးကို လိုက်ရှာမယ်။+ လမ်းလွဲတဲ့သိုးကို ပြန်ခေါ်လာမယ်။ ဒဏ်ရာရတဲ့သိုးကို ပတ်တီးစည်းပေးမယ်။ အားနည်းတဲ့သိုးကို အားပြည့်အောင် လုပ်ပေးမယ်။ ဆူဖြိုးသန်မာတဲ့ သိုးကိုတော့ ဖျက်ဆီးမယ်၊ တရားစီရင်ခြင်းအစာကို ကျွေးမယ်။”
၁၇ “‘ငါ့သိုးတွေဖြစ်တဲ့ မင်းတို့နဲ့ပတ်သက်ပြီး အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ငါ့သိုးတွေကို ငါတရားစီရင်တော့မယ်။ သိုးထီး၊ ဆိတ်ထီးတွေကိုလည်း တရားစီရင်မယ်။+ ၁၈ မင်းတို့က အကောင်းဆုံး စားကျက်တွေမှာ စားလို့မဝကြသေးဘူးလား။ ကျန်တဲ့စားကျက်တွေကိုပါ နင်းခြေရသလား။ ကြည်လင်တဲ့ရေကို သောက်ပြီးတဲ့နောက် ခြေဆောင့်ပြီး ကျန်တဲ့ရေကိုပါ နောက်ကျိအောင် လုပ်ရသလား။ ၁၉ ငါ့သိုးတွေက မင်းတို့နင်းခြေထားတဲ့ စားကျက်မှာ စားရမှာလား။ မင်းတို့ ခြေဆောင့်ပြီး နောက်ကျိအောင်လုပ်ထားတဲ့ ရေကို သောက်ရမှာလား။”
၂၀ “‘ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက သူတို့ကို ပြောတယ်– “အခု၊ ဆူဖြိုးတဲ့သိုးကိုရော ပိန်ညောင်နေတဲ့သိုးကိုပါ ငါကိုယ်တိုင် တရားစီရင်မယ်။ ၂၁ မင်းတို့က နာနေတဲ့သိုးတွေကို အရပ်ရပ်ကွဲလွင့်သွားအောင် နံစောင်းနဲ့ရော ပခုံးနဲ့ပါ တွန်းတိုက်ပြီး ချိုနဲ့ခွေ့ကြတယ်။ ၂၂ ဒါကြောင့် ငါ့သိုးတွေကို ငါကယ်တင်မယ်။ သူတို့ သားရဲစာဖြစ်သွားမှာ မဟုတ်ဘူး။+ သိုးတစ်ကောင်စီကို တရားစီရင်မယ်။ ၂၃ ငါ့သိုးတွေကို ထိန်းကျောင်းဖို့ ငါ့ကျွန်ဒါဝိဒ်ကို+ သိုးထိန်းအဖြစ် ပေါ်ထွန်းစေမယ်။+ သူက သိုးတွေကို ကျွေးမွေးလိမ့်မယ်။ သူကိုယ်တိုင် ကျွေးမွေးပြီး ထိန်းကျောင်းလိမ့်မယ်။+ ၂၄ ငါယေဟောဝါဟာ သူတို့ရဲ့ဘုရားသခင် ဖြစ်လာမယ်။+ ငါ့ကျွန်ဒါဝိဒ်ဟာ သူတို့ရဲ့ခေါင်းဆောင် ဖြစ်လာမယ်။+ ဒါဟာ ယေဟောဝါကိုယ်တိုင် ပြောတဲ့စကားပဲ။
၂၅ “‘“ငါက သူတို့နဲ့ ငြိမ်းချမ်းရေးပဋိညာဉ် ဖွဲ့မယ်။+ ကြမ်းကြုတ်တဲ့ သားရဲတွေကို တိုင်းပြည်ကနေ မောင်းထုတ်မယ်။+ ဒါကြောင့် သူတို့က တောကန္တာရမှာ ဘေးကင်းလုံခြုံစွာ နေထိုင်ပြီး တောထဲမှာ အိပ်စက်ရလိမ့်မယ်။+ ၂၆ သူတို့ကိုရော ငါ့တောင်ကုန်းပတ်လည်က နေရာကိုပါ ကောင်းချီးဖြစ်စေမယ်။+ အချိန်တန်တဲ့အခါ ငါမိုးရွာစေမယ်။ ကောင်းချီးတွေ မိုးလို ရွာကျလိမ့်မယ်။+ ၂၇ အပင်တွေ အသီးသီးလိမ့်မယ်။ မြေကလည်း သီးနှံကို ပေးလိမ့်မယ်။+ သူတို့က ပြည်မှာ ဘေးကင်းလုံခြုံစွာ နေထိုင်ရလိမ့်မယ်။ သူတို့ရဲ့ထမ်းပိုးကို ချိုးပြီး+ ကျွန်ပြုသူတွေလက်ကနေ ကယ်တင်တဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။ ၂၈ သူတို့ဟာ လူမျိုးခြားတွေရဲ့ သားကောင်ဘဝ ရောက်ရတော့မှာ မဟုတ်ဘူး။ သားရဲတွေ သူတို့ကို ဝါးမျိုတော့မှာ မဟုတ်ဘူး။ သူတို့ ဘေးကင်းလုံခြုံစွာ နေထိုင်ရလိမ့်မယ်။ ခြောက်လှန့်တဲ့သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး။+
၂၉ “‘“သူတို့အတွက် နာမည်ကျော်ကြားတဲ့ စိုက်ခင်းကို ငါစိုက်ပျိုးပေးမယ်။ သူတို့က ပြည်မှာ အငတ်ဘေးကြောင့် သေဆုံးရတော့မှာ မဟုတ်ဘူး။+ သူတို့ကို လူမျိုးခြားတွေ အရှက်ခွဲတော့မှာ မဟုတ်ဘူး။+ ၃၀ ‘အဲဒီအခါ သူတို့ရဲ့ဘုရား ယေဟောဝါဟာ သူတို့နဲ့အတူရှိမှန်း၊ အစ္စရေးအမျိုးဖြစ်တဲ့ သူတို့ဟာ ငါ့လူတွေဖြစ်မှန်း သိရလိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”’
၃၁ “‘ငါဂရုတစိုက် စောင့်ရှောက်တဲ့ ငါ့သိုးတို့၊+ မင်းတို့ဟာ လူတွေပါ။ ငါကတော့ မင်းတို့ရဲ့ ဘုရားသခင်ပါ။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၃၅ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ စိရတောင်တန်းဒေသဘက် မျက်နှာမူပါ။+ သူပျက်စီးမယ့်အကြောင်း ပရောဖက်ပြုပါ။+ ၃ သူ့ကို ပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အို စိရတောင်တန်းဒေသ၊ မင်းကို ငါတိုက်ခိုက်မယ်။ ငါ့လက်ကိုဆန့်ပြီး ဒဏ်ခတ်မယ်။ မင်းကို လူသူကင်းမဲ့တဲ့ လွင်တီးခေါင် ဖြစ်စေမယ်။+ ၄ မင်းရဲ့မြို့တွေကို ပြိုပျက်စေမယ်။ မင်းဟာ လူသူကင်းမဲ့တဲ့ လွင်တီးခေါင် ဖြစ်သွားလိမ့်မယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းသိရလိမ့်မယ်။ ၅ မင်းက အစ္စရေးတွေ ဒုက္ခရောက်ချိန်မှာ၊ အပြီးသတ်ဒဏ်ခတ်ခံရချိန်မှာ သူတို့ကို ရန်ငြိုးမပြေနိုင်ဘဲ+ ဓားဘေးလက်ထဲ အပ်ခဲ့လို့ပဲ။”’+
၆ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ မင်းအတွက် သေမင်းကို ငါအသင့်ပြင်ထားမှာဖြစ်လို့ မင်းနောက် တကောက်ကောက် လိုက်လိမ့်မယ်။+ မင်းက ကိုယ်မုန်းတဲ့သူတွေကို သတ်ဖြတ်ခဲ့တဲ့အတွက် ကိုယ်တိုင်လည်း သေမင်းလက်ကနေ လွတ်မှာ မဟုတ်ဘူး။+ ၇ ငါက စိရတောင်တန်းဒေသကို လူသူကင်းမဲ့တဲ့ လွင်တီးခေါင် ဖြစ်စေမယ်။+ အဲဒီနေရာကို ဖြတ်သန်းသွားလာသူ၊ ပြန်လာသူတွေကို ပယ်ရှင်းမယ်။ ၈ မင်းရဲ့တောင်တန်းတွေကို လူသေတွေနဲ့ ပြည့်စေမယ်။ ဓားနဲ့ ကွပ်မျက်ခံရသူတွေဟာ မင်းရဲ့တောင်ကုန်းတွေ၊ ချိုင့်ဝှမ်းတွေ၊ စမ်းချောင်းတွေမှာ လဲကျနေလိမ့်မယ်။ ၉ မင်းကို ထာဝရ လူသူကင်းမဲ့စေမယ်။ မင်းရဲ့မြို့တွေမှာ နေထိုင်သူရှိမှာ မဟုတ်ဘူး။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းသိရလိမ့်မယ်။’
၁၀ “ငါယေဟောဝါကိုယ်တိုင် အဲဒီမှာရှိနေလျက်နဲ့ မင်းက ‘ဒီလူမျိုးနှစ်မျိုးနဲ့ ဒီတိုင်းပြည်နှစ်ပြည်ဟာ ငါ့ဥစ္စာပဲ။ အဲဒါတွေကို ငါပိုင်ဆိုင်ရလိမ့်မယ်’+ လို့ပြောခဲ့တယ်။ ၁၁ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ မင်းက သူတို့ကို မလိုမုန်းတီးစိတ်နဲ့ ဒေါသထွက်ခဲ့သလို ငါလည်း မင်းကို အဲဒီအတိုင်း လုပ်မယ်။+ မင်းကို တရားစီရင်တဲ့အခါ ငါဘယ်သူလဲဆိုတာ သူတို့သိသွားအောင် လုပ်မယ်။ ၁၂ “သူတို့ ပျက်စီးသွားပြီ။ ငါတို့ဝါးမျိုစရာ ဖြစ်သွားပြီ” လို့ အစ္စရေးတောင်တန်းတွေကို စော်ကားပြီး မင်းပြောခဲ့တဲ့ စကားတွေကို ငါယေဟောဝါကိုယ်တိုင် ကြားတယ်ဆိုတာ မင်းသိရလိမ့်မယ်။ ၁၃ မင်းက ငါ့ကို မောက်မောက်မာမာ ပြောခဲ့တယ်။ အကြီးအကျယ် ပုတ်ခတ်ပြောဆိုခဲ့တယ်။+ အဲဒါတွေအားလုံးကို ငါကြားတယ်။’
၁၄ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ငါက မင်းကို လူသူကင်းမဲ့တဲ့ လွင်တီးခေါင် ဖြစ်စေတဲ့အခါ မြေတစ်ပြင်လုံး ဝမ်းမြောက်လိမ့်မယ်။ ၁၅ အစ္စရေးအမျိုးရဲ့အမွေ ပျက်စီးသွားတုန်းက မင်းဝမ်းသာခဲ့သလို ငါလည်း မင်းကို အဲဒီအတိုင်း လုပ်မယ်။+ အို စိရတောင်တန်းဒေသ၊ ဧဒုံပြည်၊ မင်းဟာ လူသူကင်းမဲ့ပြီး ပျက်စီးသွားလိမ့်မယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ လူတွေ သိရကြလိမ့်မယ်။’”
၃၆ “လူသား၊ အစ္စရေးတောင်တန်းတွေနဲ့ပတ်သက်ပြီး ပရောဖက်ပြုပါ– ‘အစ္စရေးတောင်တန်းတို့၊ ယေဟောဝါရဲ့စကားကို နားထောင်ကြ။ ၂ “‘ရှေးကတည်းကရှိခဲ့တဲ့ အထွတ်အမြတ်နေရာတွေကို ငါတို့အပိုင်ရပြီဟေ့’ လို့ ရန်သူတွေ ပြောနေကြတယ်”+ ဆိုပြီး အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတယ်။’
၃ “ဒါကြောင့် မင်းပရောဖက်ပြုလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “မင်းတို့ကို ရန်သူတွေ အဘက်ဘက်ကနေ တိုက်ခိုက်ပြီး လူသူကင်းမဲ့အောင် လုပ်တဲ့အတွက် တခြားလူမျိုးတွေထဲက အသက်ရှင်လွတ်မြောက်သူတွေ မင်းတို့ကို အပိုင်ရသွားတယ်။ လူတွေကလည်း မင်းတို့အကြောင်း အသရေဖျက်ပြီး ပြောနေကြတယ်။+ ၄ ဒါကြောင့် အစ္စရေးတောင်တန်းတို့၊ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာကို နားထောင်ကြ။ တောင်တန်းနဲ့ တောင်ကုန်းတွေ၊ စမ်းချောင်းနဲ့ ချိုင့်ဝှမ်းတွေ၊ လူသူကင်းမဲ့နေတဲ့ အပျက်အယွင်းတွေ၊+ ပတ်ဝန်းကျင်လူမျိုးတွေထဲက အသက်ရှင်လွတ်မြောက်သူတွေရဲ့ လုယက်မှု၊ လှောင်ပြောင်မှုခံရတဲ့ မြို့ပျက်တွေကို+ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောနေတယ်။ ၅ သူတို့ကို အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘လူမျိုးတွေထဲက အသက်ရှင် လွတ်မြောက်သူတွေနဲ့ ဧဒုံတစ်မျိုးလုံးက လှောင်ပြောင် ပြောဆိုပြီး ငါ့ပြည်ကို ဝမ်းသာအားရနဲ့ အပိုင်သိမ်းခဲ့တယ်။+ စားကျက်မြေတွေကို သိမ်းယူပြီး ပြည်ကိုပါ တိုက်ခိုက်လုယက်ခဲ့တယ်။+ ဒါကြောင့် မီးလို တောက်လောင်နေတဲ့ ထက်သန်တဲ့စိတ်နဲ့+ သူတို့ကို ငါပြောမယ်။’”’
၆ “အစ္စရေးပြည်နဲ့ပတ်သက်ပြီး ပရောဖက်ပြုပါ။ တောင်တန်းနဲ့ တောင်ကုန်းတွေ၊ စမ်းချောင်းနဲ့ ချိုင့်ဝှမ်းတွေကို ပြောလိုက်ပါ– ‘“လူမျိုးတွေအရှက်ခွဲတာကို မင်းတို့ခံနေရတဲ့အတွက်+ ထက်သန်တဲ့စိတ်နဲ့၊ အမျက်ဒေါသနဲ့ ငါပြောမယ်။” ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့ စကားပဲ။’
၇ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘လက်ကိုမြှောက်ပြီး ငါကိုယ်တိုင်ကျိန်ဆိုမယ်။ ပတ်ဝန်းကျင်လူမျိုးတွေ အရှက်ခွဲခံရလိမ့်မယ်။+ ၈ အစ္စရေးတောင်တန်းတို့၊ မကြာခင် ပြည်ကို ငါ့လူမျိုးအစ္စရေးတွေ ပြန်လာကြတော့မှာဖြစ်လို့ မင်းတို့ဟာ အကိုင်းအခက်တွေထွက်ပြီး အသီးတွေ သီးရလိမ့်မယ်။+ ၉ မင်းတို့နဲ့အတူ ငါရှိမယ်။ မင်းတို့ဆီ ပြန်လှည့်လာမယ်။ လူတွေက မင်းတို့အပေါ်မှာ ထွန်ယက်စိုက်ပျိုးပြီး မျိုးစေ့ကြဲကြလိမ့်မယ်။ ၁၀ မင်းတို့ရဲ့လူတွေဖြစ်တဲ့ အစ္စရေးတစ်မျိုးလုံးကို ငါတိုးများစေမယ်။ မြို့တွေမှာ လူတွေပြန်နေထိုင်ပြီး+ အပျက်အယွင်းတွေကို ပြန်တည်ဆောက်ကြလိမ့်မယ်။+ ၁၁ မင်းတို့ရဲ့လူတွေ၊ တိရစ္ဆာန်အုပ်တွေကို ငါတိုးများစေမယ်။+ သူတို့ ပွားများကြလိမ့်မယ်။ မင်းတို့ဆီမှာ အရင်ကလို လူတွေပြန်နေထိုင်အောင် ငါလုပ်မယ်။+ မင်းတို့ကို အရင်ကထက် ကြီးပွားတိုးတက်စေမယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့သိရကြလိမ့်မယ်။+ ၁၂ ငါ့လူမျိုးအစ္စရေးတွေကို မင်းတို့အပေါ်မှာ သွားလာစေမယ်။ မင်းတို့ကို သူတို့အပိုင်ရလိမ့်မယ်။+ မင်းတို့ဟာ သူတို့ရဲ့အမွေ ဖြစ်လာလိမ့်မယ်။ မင်းတို့ကြောင့် သူတို့ရဲ့သားသမီးတွေ ဆုံးရှုံးသွားတာမျိုး မဖြစ်စေရဘူး။’”+
၁၃ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘“မင်းတို့ဟာ လူတွေကို ဝါးမျိုတဲ့ပြည်၊ ကိုယ့်လူမျိုးရဲ့ သားသမီးတွေကို ဆုံးပါးစေတဲ့ပြည်ပဲ” လို့လူတွေ ပြောနေကြတယ်။’ ၁၄ ‘ဒါကြောင့် မင်းတို့က လူတွေကို ဝါးမျိုတော့မှာ မဟုတ်ဘူး။ ကိုယ့်လူမျိုးကိုလည်း သားသမီးဆုံးပါးအောင် လုပ်တော့မှာ မဟုတ်ဘူး။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။ ၁၅ ‘မင်းတို့ကို လူမျိုးတွေ စော်ကားတာ၊ လူတွေကဲ့ရဲ့တာ ငါမခံစေတော့ဘူး။+ မင်းတို့က ကိုယ့်လူမျိုးကို တိုက်မိလဲအောင် လုပ်တော့မှာ မဟုတ်ဘူး။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၁၆ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၁၇ “လူသား၊ အစ္စရေးလူတွေ ပြည်မှာနေထိုင်ခဲ့တုန်းက သူတို့ရဲ့လမ်းစဉ်တွေ၊ လုပ်ရပ်တွေကြောင့် တိုင်းပြည် ညစ်ညူးခဲ့တယ်။+ သူတို့ရဲ့လမ်းစဉ်တွေဟာ ငါ့အတွက်တော့ ရာသီလာနေတဲ့ မိန်းမရဲ့ မသန့်ရှင်းမှုလိုပဲ။+ ၁၈ သူတို့က တိုင်းပြည်မှာ လူသတ်တယ်။ တိုင်းပြည်ကို ရွံမုန်းဖွယ်ရုပ်တုတွေနဲ့* ညစ်ညူးစေတဲ့အတွက်+ ငါ့ဒေါသကို သူတို့အပေါ် သွန်းလောင်းခဲ့ရတယ်။+ ၁၉ ငါက သူတို့ကို လူမျိုးခြားတွေအလယ်မှာ ကွဲလွင့်စေပြီး တိုင်းပြည်တွေအလယ်မှာ တကွဲတပြား ဖြစ်စေခဲ့တယ်။+ သူတို့ရဲ့လမ်းစဉ်တွေ၊ လုပ်ရပ်တွေနဲ့အညီ တရားစီရင်ခဲ့တယ်။ ၂၀ ဒါပေမဲ့ အဲဒီလူမျိုးတွေဆီ သူတို့ရောက်သွားတဲ့အခါ လူတွေက ‘ယေဟောဝါရဲ့လူမျိုး ဖြစ်လျက်နဲ့ နေရင်းပြည်ကို သူတို့ စွန့်ခွာခဲ့ရပါလား’ ဆိုပြီး သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်ကို ကဲ့ရဲ့ရှုတ်ချကြတယ်။+ ၂၁ ဒါကြောင့် လူမျိုးတွေအလယ်မှာ အစ္စရေးအမျိုး ကဲ့ရဲ့ရှုတ်ချခဲ့တဲ့ သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်ကို ငါအလေးထားတယ်ဆိုတာ ပြမယ်။”+
၂၂ “ဒါကြောင့် အစ္စရေးအမျိုးကို ပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက– “အစ္စရေးအမျိုး၊ မင်းတို့အတွက် ငါလုပ်ဆောင်နေတာ မဟုတ်ဘူး။ မင်းတို့ရောက်သွားတဲ့ လူမျိုးတွေအလယ်မှာ မင်းတို့ကဲ့ရဲ့ရှုတ်ချခဲ့တဲ့ သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်အတွက် လုပ်ဆောင်နေတာ။”’+ ၂၃ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘လူမျိုးတွေ ကဲ့ရဲ့ရှုတ်ချခဲ့တဲ့၊ လူမျိုးတွေအလယ်မှာ မင်းတို့ကဲ့ရဲ့ရှုတ်ချခဲ့တဲ့ ငါ့ရဲ့ကြီးမြတ်တဲ့နာမည်ကို ငါသန့်ရှင်းမြင့်မြတ်စေမယ်။+ ငါဟာ သန့်ရှင်းမြင့်မြတ်တဲ့အရှင် ဖြစ်မှန်း သူတို့သိအောင် လုပ်တဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ လူမျိုးတွေ သိရကြလိမ့်မယ်။+ ၂၄ မင်းတို့ကို လူမျိုးတွေဆီကနေ ငါပြန်ခေါ်လာမယ်။ တိုင်းပြည်တွေကနေ ပြန်စုသိမ်းပြီး နေရင်းပြည်ဆီ ခေါ်လာမယ်။+ ၂၅ ငါက ရေစင် ဖျန်းပက်လိုက်တဲ့အခါ မင်းတို့ သန့်ရှင်းလာပြီး+ မသန့်ရှင်းမှုတွေ၊ ရွံမုန်းဖွယ်ရုပ်တုတွေနဲ့ ကင်းစင်သွားလိမ့်မယ်။+ ၂၆ မင်းတို့ကို စိတ်နှလုံးအသစ် ပေးမယ်။+ စိတ်သဘောသစ်ကို သွင်းပေးမယ်။+ မင်းတို့ဆီမှာရှိတဲ့ ကျောက်သားနှလုံးကို ဖယ်ရှားပြီး+ အသွေးအသားနှလုံး* ပေးမယ်။ ၂၇ ငါ့စွမ်းအားတော်ကို မင်းတို့ရင်ထဲရောက်အောင် သွင်းပေးမယ်။ မင်းတို့ကို ငါ့စည်းမျဉ်းတွေအတိုင်း လိုက်လျှောက်စေမယ်။+ ငါ့တရားစီရင်ချက်တွေကို မင်းတို့ လိုက်နာစောင့်ထိန်းကြလိမ့်မယ်။ ၂၈ အဲဒီနောက် ဘိုးဘေးတွေကို ငါပေးခဲ့တဲ့ပြည်မှာ မင်းတို့နေထိုင်ရလိမ့်မယ်။ မင်းတို့ဟာ ငါ့လူတွေဖြစ်လာမယ်။ ငါကလည်း မင်းတို့ရဲ့ ဘုရားသခင် ဖြစ်လာမယ်။’+
၂၉ “‘မင်းတို့ကို မသန့်ရှင်းမှုမှန်သမျှနဲ့ ငါကင်းစင်စေမယ်။ ကောက်နှံတွေ လှိုင်လှိုင်သီးဖို့ ငါမိန့်မှာမယ်။ မင်းတို့ အငတ်ဘေးကြုံရမှာ မဟုတ်ဘူး။+ ၃၀ အငတ်ဘေးကြောင့် လူမျိုးတွေအလယ်မှာ မင်းတို့ အရှက်မကွဲရတော့အောင် အသီးအပွင့်တွေ၊ လယ်ထွက်သီးနှံတွေကို လှိုင်လှိုင်ဖြစ်ထွန်းစေမယ်။+ ၃၁ အဲဒီအခါ ကိုယ့်ရဲ့မကောင်းတဲ့ လမ်းစဉ်တွေ၊ မကောင်းတဲ့ လုပ်ရပ်တွေကို မင်းတို့ ပြန်သတိရလိမ့်မယ်။ ကိုယ့်ရဲ့အပြစ်တွေ၊ ရွံစရာအကျင့်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ရွံလာလိမ့်မယ်။+ ၃၂ ဒါပေမဲ့ ငါဒီလိုလုပ်ဆောင်တာဟာ မင်းတို့အတွက် မဟုတ်မှန်း သိထားကြပါ။+ အစ္စရေးအမျိုး၊ ကိုယ့်ရဲ့လမ်းစဉ်တွေကြောင့် အရှက်တကွဲ အကျိုးနည်းဖြစ်နေလိုက်ပါ။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့ စကားပဲ။
၃၃ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မင်းတို့ကို အပြစ်မှန်သမျှ ကင်းစင်စေတဲ့နေ့မှာ ငါက မြို့တွေမှာ လူတွေ ပြန်နေထိုင်စေမယ်။+ အပျက်အယွင်းတွေကို ပြန်တည်ဆောက်စေမယ်။+ ၃၄ ဖြတ်သန်းသွားလာသူ မြင်ခဲ့ရတဲ့ လူသူကင်းမဲ့ပြီး ပျက်စီးနေတဲ့ပြည်မှာ ပြန်ထွန်ယက်စိုက်ပျိုးကြလိမ့်မယ်။ ၃၅ “လူသူကင်းမဲ့နေတဲ့ပြည်ဟာ ဧဒင်ဥယျာဉ်လို ဖြစ်လာပြီ။+ ပျက်ယွင်းပြီး လူသူကင်းမဲ့နေတဲ့ မြို့ပျက်တွေဟာ အခုတော့ လူနေထိုင်ရာ ခိုင်ခံ့တဲ့မြို့တွေ ဖြစ်လာပြီ”+ လို့ လူတွေ ပြောကြလိမ့်မယ်။ ၃၆ ငါယေဟောဝါဟာ ပြိုကျနေတဲ့မြို့တွေကို ပြန်တည်ဆောက်တဲ့အရှင်၊ ပျက်စီးနေတဲ့ပြည်မှာ ပြန်စိုက်ပျိုးတဲ့အရှင်ပဲဆိုတာ ပတ်ဝန်းကျင်က ကျန်ကြွင်းတဲ့ လူမျိုးတွေ သိရလိမ့်မယ်။ ငါယေဟောဝါကိုယ်တိုင် အဲဒီလိုပြောပြီး အဲဒီအတိုင်း လုပ်ဆောင်ခဲ့ပြီ။’+
၃၇ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ကျွန်တော်တို့ကို သိုးအုပ်တွေလို တိုးများစေပါဆိုပြီး အစ္စရေးအမျိုးကို ငါတောင်းဆိုခွင့်ပြုမယ်။ ၃၈ သန့်ရှင်းတဲ့ လူအုပ်လို၊ ပွဲခံချိန်မှာ+ ဂျေရုဆလင်မှာရှိတဲ့ သိုးအုပ်လို* မြို့ပျက်တွေမှာ လူအုပ်တွေ ပြည့်နေလိမ့်မယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။’”
၃၇ ကျွန်တော့်အပေါ် ယေဟောဝါရဲ့လက်တော် သက်ရောက်လာတယ်။ ယေဟောဝါက ကျွန်တော့်ကို စွမ်းအားတော်နဲ့ခေါ်သွားပြီး အရိုးတွေပြည့်နေတဲ့ ချိုင့်ဝှမ်းလွင်ပြင်အလယ်မှာ ချလိုက်တယ်။+ ၂ ပြီးတော့ ကျွန်တော့်ကို အရိုးတွေပတ်လည်မှာ လျှောက်သွားခိုင်းတယ်။ ချိုင့်ဝှမ်းလွင်ပြင်မှာ အမြောက်အမြားရှိနေတဲ့ အရိုးတွေဟာ ခြောက်သွေ့နေတာကို တွေ့လိုက်ရတယ်။+ ၃ ဘုရားသခင်က “လူသား၊ အဲဒီအရိုးတွေ အသက်ပြန်ရှင်နိုင်မလား” လို့မေးတော့ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ဒါကို ကိုယ်တော်ပဲ သိပါတယ်”+ လို့ ကျွန်တော်ဖြေလိုက်တယ်။ ၄ အဲဒီအခါ ဘုရားသခင် မိန့်မှာတာက “ဒီအရိုးတွေနဲ့ပတ်သက်ပြီး မင်း ပရောဖက်ပြုပါ။ ‘ခြောက်သွေ့နေတဲ့အရိုးတို့၊ ယေဟောဝါ ပြောတာကို နားထောင်ကြ။
၅ “‘ဒီအရိုးတွေကို အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “မင်းတို့ထဲ ထွက်သက်ဝင်သက်ကို ငါသွင်းပေးမှာဖြစ်လို့ မင်းတို့ အသက်ပြန်ရှင်လာလိမ့်မယ်။+ ၆ မင်းတို့ကို အရွတ်တွေ၊ အသားတွေဖြည့်ပေးပြီး အရေပြားနဲ့ ဖုံးပေးမယ်။ ထွက်သက်ဝင်သက်ကိုလည်း သွင်းပေးမယ်။ အဲဒီအခါ မင်းတို့ အသက်ပြန်ရှင်လာပြီး ငါဟာ ယေဟောဝါပဲဆိုတာ သိရကြလိမ့်မယ်။”’”
၇ ကျွန်တော်လည်း မိန့်မှာထားတဲ့အတိုင်း ပရောဖက်ပြုတယ်။ ပရောဖက်ပြုပြီးတာနဲ့ တချောက်ချောက် မြည်သံတွေ ထွက်ပေါ်လာပြီး အရိုးတစ်ခုနဲ့တစ်ခု ဆက်သွားတယ်။ ၈ အဲဒီနောက် အရိုးပေါ်မှာ အရွတ်တွေ၊ အသားတွေ တက်လာပြီး အရေပြား ဖုံးသွားတာကို တွေ့လိုက်ရတယ်။ အသက်တော့ မရှူသေးဘူး။
၉ အဲဒီနောက် ဘုရားသခင်က “လူသား၊ လေကို ပရောဖက်ပြုလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အို လေတို့၊* ကွပ်မျက်ခံရတဲ့ ဒီလူတွေ အသက်ပြန်ရှင်လာအောင် သူတို့အပေါ် အရပ်လေးမျက်နှာကနေ တိုက်ခတ်ပါ”’ ဆိုပြီး လေကို ပရောဖက်ပြုလိုက်ပါ” လို့ ကျွန်တော့်ကို မှာတယ်။
၁၀ ကျွန်တော်လည်း မိန့်မှာတဲ့အတိုင်း ပရောဖက်ပြုတယ်။ အဲဒီအခါ အသက်စွမ်းအား ဝင်လာတဲ့အတွက် သူတို့ အသက်ရှင်လာပြီး ထရပ်ကြတယ်။+ အလုံးအရင်းကြီး ဖြစ်လာတယ်။
၁၁ အဲဒီအခါ ဘုရားသခင်က “လူသား၊ ဒီအရိုးတွေဟာ အစ္စရေးတစ်မျိုးလုံးကို ဆိုလိုတယ်။+ သူတို့က ‘ငါတို့အရိုးတွေ ခြောက်သွေ့နေပြီ။ မျှော်လင့်ချက်လည်း ပျက်စီးသွားပြီ။+ ငါတို့ လုံးလုံး ပယ်ရှင်းခံလိုက်ရပြီ’ လို့ပြောနေတယ်။ ၁၂ ဒါကြောင့် သူတို့ကို ပရောဖက်ပြုလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ငါ့လူတို့၊ မင်းတို့ရဲ့ သင်္ချိုင်းတွေကို ငါဖွင့်မယ်။+ မင်းတို့ကို သင်္ချိုင်းထဲကနေ ခေါ်ထုတ်ပြီး အစ္စရေးပြည်ဆီ ခေါ်ဆောင်သွားမယ်။+ ၁၃ ငါ့လူတို့၊ သင်္ချိုင်းတွေကိုဖွင့်ပြီး မင်းတို့ကို ငါခေါ်ထုတ်လာတဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့သိရလိမ့်မယ်။”’+ ၁၄ ‘အသက်စွမ်းအားကို မင်းတို့ထဲ ငါသွင်းပေးမယ်။ အဲဒီအခါ မင်းတို့ အသက်ပြန်ရှင်လာမယ်။+ မင်းတို့ကို နေရင်းပြည်မှာ ငါနေရာချပေးမယ်။ ငါယေဟောဝါကိုယ်တိုင် အဲဒီလိုပြောပြီး အဲဒီအတိုင်း လုပ်ဆောင်ခဲ့မှန်း မင်းတို့သိရလိမ့်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”
၁၅ အဲဒီနောက် ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၁၆ “လူသား၊ တုတ်တစ်ချောင်းယူပြီး အဲဒီပေါ်မှာ ‘ယုဒနဲ့ အတူရှိနေတဲ့ အစ္စရေးတွေအတွက်’+ ဆိုပြီးရေးပါ။ တုတ်နောက်တစ်ချောင်း ယူပြီး အဲဒီပေါ်မှာ ‘ဧဖရိမ်ရဲ့တုတ်ချောင်းဖြစ်တဲ့ ယောသပ်နဲ့အတူရှိနေတဲ့အစ္စရေး တစ်မျိုးလုံးအတွက်’+ ဆိုပြီး ရေးပါ။ ၁၇ ပြီးတော့ အဲဒီတုတ်နှစ်ချောင်းကို တစ်ချောင်းတည်း ဖြစ်သွားအောင် ပူးကိုင်ထားလိုက်ပါ။+ ၁၈ ‘ဒါ ဘာကိုဆိုလိုတယ်ဆိုတာ မပြောပြတော့ဘူးလား’ လို့ လူတွေ မေးလာတဲ့အခါ၊ ၁၉ မင်းပြန်ပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ဧဖရိမ်လက်ထဲက ယောသပ်ရဲ့တုတ်ချောင်းကို ငါယူမယ်။ အဲဒီတုတ်ချောင်းဟာ ဧဖရိမ်နဲ့အတူရှိနေတဲ့ အစ္စရေးအနွယ်တွေကိုလည်း ကိုယ်စားပြုတယ်။ ငါက သူတို့ကို ယုဒရဲ့တုတ်ချောင်းနဲ့ ဆက်ပေးပြီး တုတ်တစ်ချောင်းတည်း ဖြစ်စေမယ်။+ သူတို့ဟာ ငါ့လက်ထဲမှာ တုတ်တစ်ချောင်းတည်း ဖြစ်ရလိမ့်မယ်။”’ ၂၀ မင်းရေးထားတဲ့ တုတ်ချောင်းတွေကို သူတို့မြင်အောင် ကိုင်ထားပါ။
၂၁ “ပြီးတော့ သူတို့ကို ပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အစ္စရေးလူတွေကို သူတို့ရောက်သွားတဲ့ လူမျိုးခြားတွေဆီကနေ ပြန်ခေါ်လာမယ်။ အရပ်ရပ်ကနေ ပြန်စုစည်းပြီး နေရင်းပြည်ဆီ ခေါ်လာမယ်။+ ၂၂ ငါက သူတို့ကို တိုင်းပြည်မှာရော အစ္စရေး တောင်တန်းတွေပေါ်မှာပါ လူမျိုးတစ်မျိုးတည်း ဖြစ်စေမယ်။+ သူတို့ကို အုပ်ချုပ်မယ့် ဘုရင်လည်း တစ်ပါးတည်း ရှိလိမ့်မယ်။+ သူတို့ဟာ လူမျိုးနှစ်မျိုး၊ နိုင်ငံနှစ်နိုင်ငံအဖြစ် ကွဲပြားနေတော့မှာ မဟုတ်ဘူး။+ ၂၃ သူတို့က ရွံမုန်းစရာရုပ်တုတွေ၊* ရွံစရာအကျင့်တွေ၊ အပြစ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေတော့မှာ မဟုတ်ဘူး။+ အပြစ်ကျူးလွန်ပြီး သစ္စာမဲ့ခဲ့တဲ့အဖြစ်ကနေ သူတို့ကို ငါကယ်တင်ပြီး သန့်စင်ပေးမယ်။ သူတို့ဟာ ငါ့လူတွေဖြစ်လာမယ်။ ငါကလည်း သူတို့ရဲ့ဘုရားသခင် ဖြစ်လာမယ်။+
၂၄ “‘“ငါ့ကျွန်ဒါဝိဒ်ဟာ သူတို့ရဲ့ဘုရင် ဖြစ်လာမယ်။+ သူတို့ဆီမှာ သိုးထိန်းတစ်ယောက်တည်း ရှိလိမ့်မယ်။+ သူတို့က ငါ့တရားစီရင်ချက်တွေအတိုင်း လိုက်လျှောက်ပြီး ငါ့ဥပဒေတွေကို ဂရုတစိုက် လိုက်နာလိမ့်မယ်။+ ၂၅ ငါ့ကျွန်ယာကုပ်ကို ငါပေးခဲ့တဲ့ပြည်၊ ဘိုးဘေးတွေ နေထိုင်ခဲ့တဲ့ ပြည်မှာ သူတို့နေထိုင်ရလိမ့်မယ်။+ သူတို့ရော သားမြေးမြစ်တွေပါ+ အဲဒီမှာ ထာဝစဉ် နေထိုင်ရလိမ့်မယ်။+ ငါ့ကျွန်ဒါဝိဒ်ဟာ သူတို့ရဲ့ခေါင်းဆောင် ထာဝစဉ်ဖြစ်လိမ့်မယ်။+
၂၆ “‘“ငါက သူတို့နဲ့ ငြိမ်းချမ်းရေးပဋိညာဉ် ဖွဲ့မယ်။+ ဒါဟာ ထာဝရပဋိညာဉ် ဖြစ်လိမ့်မယ်။ သူတို့ကို ငါထူထောင်ပေးပြီး တိုးများစေမယ်။+ ငါ့ရဲ့ သန့်ရှင်းရာဌာနတော်ကို သူတို့ဆီမှာ ထာဝစဉ် တည်ရှိစေမယ်။ ၂၇ ငါ့တဲတော်က သူတို့နဲ့အတူ ရှိနေလိမ့်မယ်။ ငါဟာ သူတို့ရဲ့ဘုရားသခင် ဖြစ်လာမယ်။ သူတို့လည်း ငါ့လူတွေ ဖြစ်လာမယ်။+ ၂၈ သန့်ရှင်းရာဌာနတော်က အစ္စရေးတွေဆီမှာ ထာဝစဉ် တည်ရှိနေတဲ့အခါ ငါယေဟောဝါဟာ သူတို့ကို သန့်ရှင်းတဲ့လူမျိုးအဖြစ် သီးခြားခွဲထားတဲ့အရှင်ပဲဆိုတာ လူမျိုးတွေ သိရလိမ့်မယ်။”’”+
၃၈ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ မာရှက်ပြည်နဲ့ တုဗလပြည်ရဲ့ ခေါင်းဆောင်၊+ မာဂေါဂပြည်က ဂေါဂမင်း+ ပျက်စီးမယ့်အကြောင်း ပရောဖက်ပြုပါ။+ ၃ သူ့ကို ပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “မာရှက်ပြည်နဲ့ တုဗလပြည်ရဲ့ခေါင်းဆောင် ဂေါဂ၊ မင်းကို ငါတိုက်ခိုက်မယ်။ ၄ မင်းကို နောက်ပြန်လှည့်စေမယ်။ မင်းရဲ့မေးရိုးကို ချိတ်နဲ့ချိတ်မယ်။+ သားသားနားနား ဝတ်ဆင်ပြီး၊ ဒိုင်းလွှားအကြီးအငယ်တွေ ကိုင်ပြီး ဓားဝှေ့ယမ်းနေတဲ့ မြင်းစီးသူရဲတွေ၊ မြင်းတွေပါဝင်တဲ့ တပ်မကြီးတစ်ခုလုံးကို မင်းနဲ့အတူ ခေါ်ထုတ်မယ်။+ ၅ ဒိုင်းငယ်တွေကိုင်ပြီး သံခမောက်ဆောင်းထားတဲ့ ပါးရှား၊ အီသီယိုးပီးယားနဲ့ ဖုတပြည်သားတွေလည်း+ ပါတယ်။ ၆ ဂေါမာအမျိုးနဲ့ စစ်သည်တွေ၊ မြောက်ဘက် အစွန်အဖျားဒေသက တောဂါမအမျိုးနဲ့+ စစ်သည်တွေလည်း ပါတယ်။ မင်းနဲ့အတူ လူအမြောက်အမြား ရှိနေတယ်။+
၇ “‘“မင်းကိုယ်တိုင်ရော အတူစုဝေးနေတဲ့ စစ်တပ်တွေပါ အသင့်ဖြစ်နေပါ။ အသင့်ပြင်ထားပါ။ သူတို့ကို မင်းဦးဆောင်ရမယ်။
၈ “‘“ရက်အတော်ကြာမှ မင်းကို ဆင့်ခေါ်မယ်။ အဆုံးပိုင်းကာလ ရောက်တဲ့အခါ မင်းက ဓားဘေးကနေ ကယ်တင်ခံရသူတွေ၊ လူသူကင်းမဲ့တာ ကြာပြီဖြစ်တဲ့ အစ္စရေးတောင်တန်းတွေပေါ် ပြန်စုသိမ်းခံရသူတွေရဲ့ ပြည်ကို ကျူးကျော်လိမ့်မယ်။ အဲဒီပြည်သားတွေဟာ လူမျိုးတွေထဲကနေ ပြန်စုသိမ်းခံရပြီး ဘေးကင်းလုံခြုံစွာ နေထိုင်သူတွေပဲ။+ ၉ သူတို့ကိုတိုက်ဖို့ မင်းနဲ့ မင်းရဲ့တပ်မကြီးရော အတူရှိနေသူတွေပါ မုန်တိုင်းလို ရောက်လာပြီး အဲဒီပြည်ကို မိုးတိမ်လို လွှမ်းမိုးလိမ့်မယ်။”’
၁၀ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အဲဒီနေ့မှာ မင်းရဲ့စိတ်ထဲ အကြံအစည်တွေ ပေါ်လာလိမ့်မယ်။ မကောင်းတဲ့အကြံကို ကြံစည်လိမ့်မယ်။ ၁၁ မင်းက “အကာအကွယ်မဲ့နေတဲ့ ကျေးရွာတွေရှိတဲ့ပြည်ကို ငါကျူးကျော်မယ်။+ မြို့ရိုး၊ ကန့်လန့်ကျင်၊ မြို့တံခါးမရှိတဲ့ ကျေးရွာတွေမှာ အနှောင့်အယှက်မရှိဘဲ ဘေးကင်းလုံခြုံစွာ နေထိုင်နေသူတွေကို ဝင်တိုက်မယ်” လို့ ပြောလိမ့်မယ်။ ၁၂ မင်းရဲ့အကြံက တိုက်ခိုက်လုယက်ပြီး တိုက်ရာပါဥစ္စာတွေကို သိမ်းသွားဖို့၊ တစ်ချိန်က ပျက်စီးခဲ့ပေမဲ့ အခု လူနေထိုင်တဲ့နေရာတွေကို၊+ လူမျိုးခြားတွေထဲကနေ ပြန်စုသိမ်းခံရတဲ့ လူမျိုးတစ်မျိုးကို+ တိုက်ခိုက်ဖို့ပဲ။ အဲဒီလူမျိုးဟာ စည်းစိမ်ဥစ္စာတွေ စုဆောင်းပြီး+ ကမ္ဘာမြေရဲ့ အလယ်ဗဟိုမှာနေထိုင်နေသူတွေဖြစ်တယ်။
၁၃ “‘ရှေဘပြည်၊+ ဒေဒန်ပြည်၊+ တာရှိပြည်ရဲ့ ကုန်သည်တွေနဲ့+ သူတို့ရဲ့စစ်သည်တွေက မင်းကို “တိုက်ရာပါဥစ္စာတွေရဖို့ ကျူးကျော်မလို့လား။ ရွှေငွေ၊ စည်းစိမ်ဥစ္စာ၊ တိုက်ရာပါပစ္စည်းတွေကို အမြောက်အမြား သိမ်းယူဖို့ မင်းရဲ့တပ်ကို စုရုံးထားတာလား” ဆိုပြီး မေးကြလိမ့်မယ်။’
၁၄ “အို လူသား၊ ပရောဖက်ပြုပြီး ဂေါဂမင်းကို ပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အဲဒီနေ့မှာ ငါ့လူမျိုးအစ္စရေးတွေ ဘေးကင်းလုံခြုံစွာ နေထိုင်နေမှန်း မင်းသတိထားမိမှာပဲ။+ ၁၅ အဲဒီအခါ မင်းက မြင်းစီးသူရဲအလုံးအရင်းပါတဲ့ တပ်မဟာကြီးနဲ့အတူ+ မင်းရဲ့နေရာ မြောက်ဘက် အစွန်အဖျားဒေသကနေ ရောက်လာလိမ့်မယ်။+ ၁၆ ပြည်ကိုလွှမ်းမိုးတဲ့ မိုးတိမ်တွေလို မင်းက ငါ့လူမျိုးအစ္စရေးတွေကို လာတိုက်လိမ့်မယ်။ ဂေါဂမင်း၊ အဆုံးပိုင်းကာလမှာ ငါ့ပြည်ကို တိုက်ခိုက်ဖို့ မင်းကို ငါခေါ်လာမယ်။+ မင်းကိုသုံးပြီး ငါ့ကိုယ်ငါ သန့်ရှင်းမြင့်မြတ်စေမှန်း လူမျိုးတွေ မြင်တဲ့အခါ ငါဘယ်သူလဲဆိုတာ သိလာကြလိမ့်မယ်။”’+
၁၇ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ငါ့ကျွန် အစ္စရေးပရောဖက်တွေကတစ်ဆင့် ရှေးကတည်းက ငါပြောခဲ့တဲ့သူဟာ မင်းပဲ။ ငါ့လူတွေကိုတိုက်ဖို့ မင်းကိုခေါ်လာမယ်ဆိုပြီး နှစ်ပေါင်းများစွာကတည်းက အဲဒီပရောဖက်တွေ ကြိုဟောခဲ့တယ်။’
၁၈ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အစ္စရေးပြည်ကို ဂေါဂမင်း ကျူးကျော်တဲ့နေ့မှာ ငါ့ဒေါသမီး ဟုန်းဟုန်းတောက်လိမ့်မယ်။+ ၁၉ မီးလို တောက်လောင်နေတဲ့ ထက်သန်တဲ့စိတ်နဲ့၊ အမျက်ဒေါသနဲ့ ငါပြောမယ်။ အဲဒီနေ့ရောက်ရင် အစ္စရေးပြည်မှာ ငလျင်ကြီး လှုပ်လိမ့်မယ်။ ၂၀ ပင်လယ်ငါးတွေ၊ မိုးကောင်းကင်ငှက်တွေ၊ သားရဲတွေ၊ တွားသွားသတ္တဝါတွေနဲ့ ကမ္ဘာမြေပေါ်ကလူတွေ အားလုံး ငါ့ကြောင့် တုန်လှုပ်ကြလိမ့်မယ်။ တောင်တန်းတွေ၊ ချောက်ကမ်းပါးတွေ ပြိုကျလိမ့်မယ်။+ မြို့ရိုးတွေလည်း မြေမှာ ပြားပြားဝပ်သွားလိမ့်မယ်။’
၂၁ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ငါ့တောင်တန်းတွေပေါ်မှာ ဂေါဂကိုတိုက်ဖို့ ဓားကို ငါဆင့်ခေါ်လိုက်မယ်။ အချင်းချင်း ဓားနဲ့ တိုက်ခိုက်လိမ့်မယ်။+ ၂၂ ကပ်ရောဂါဘေး၊+ သေဘေးနဲ့ သူ့ကို တရားစီရင်မယ်။ သူနဲ့ စစ်သည်တွေအပေါ်၊ အတူရှိနေသူတွေအပေါ် မိုးတွေ၊ မိုးသီးတွေ၊+ မီးတွေ၊+ ကန့်တွေ+ သဲကြီးမဲကြီး ရွာကျစေမယ်။+ ၂၃ လူမျိုးအမြောက်အမြားရှေ့ ငါ့ကိုယ်ငါ ဂုဏ်တင်ချီးမြှောက်မယ်။ ငါ့ကိုယ်ငါ သန့်ရှင်းမြင့်မြတ်စေပြီး ငါဘယ်သူလဲဆိုတာ သိစေမယ်။ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရလိမ့်မယ်။’
၃၉ “လူသား၊ ဂေါဂမင်း ပျက်စီးမယ့်အကြောင်း ပရောဖက်ပြုပါ။+ သူ့ကိုပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “မာရှက်ပြည်နဲ့ တုဗလပြည်ရဲ့+ ခေါင်းဆောင် ဂေါဂ၊ မင်းကို ငါတိုက်ခိုက်မယ်။ ၂ မင်းကို နောက်ပြန်လှည့်စေမယ်။ မြောက်ဘက် အစွန်အဖျားဒေသကနေ ထွက်လာစေပြီး+ အစ္စရေးတောင်တန်းတွေဆီ ခေါ်သွားမယ်။ ၃ မင်းရဲ့ဘယ်လက်မှာ ကိုင်ထားတဲ့ လေးကို ငါရိုက်ချမယ်။ ညာလက်မှာ ကိုင်ထားတဲ့ မြားတွေကို ပြုတ်ကျစေမယ်။ ၄ မင်းဟာ စစ်သည်တွေ၊ အတူပါလာသူတွေနဲ့အတူ အစ္စရေးတောင်တန်းတွေပေါ်မှာ ကျဆုံးသွားလိမ့်မယ်။+ မင်းကို သားရဲငှက်တွေ၊ သားရဲတွေ စားဖို့ ကျွေးပစ်မယ်။”’+
၅ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက ‘လွင်ပြင်မှာ မင်းကျဆုံးသွားလိမ့်မယ်။+ ဒါဟာ ငါကိုယ်တိုင် ပြောတဲ့စကားပဲ’ လို့ပြောတယ်။
၆ “‘မာဂေါဂပြည်အပေါ်၊ ဘေးကင်းလုံခြုံစွာ နေထိုင်နေတဲ့ ကျွန်းသူကျွန်းသားတွေအပေါ် မီးကို ငါစေလွှတ်မယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရလိမ့်မယ်။ ၇ သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်အကြောင်း ငါ့လူမျိုးအစ္စရေးတွေကို သိစေမယ်။ သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်ကို ကဲ့ရဲ့ရှုတ်ချစရာဖြစ်အောင် လုပ်ခွင့်ပြုတော့မှာ မဟုတ်ဘူး။ ငါဟာ အစ္စရေးပြည်မှာရှိတဲ့ သန့်ရှင်းမြင့်မြတ်တဲ့အရှင်+ ယေဟောဝါဖြစ်မှန်း လူမျိုးတွေ သိရကြလိမ့်မယ်။’+
၈ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အဲဒီအတိုင်း ဖြစ်လာတော့မယ်။ အဲဒီအတိုင်း ဖြစ်ရလိမ့်မယ်။ အဲဒီနေ့ဟာ ငါပြောခဲ့တဲ့နေ့ပဲ။ ၉ အစ္စရေးပြည်မှာရှိတဲ့ မြို့သူမြို့သားတွေ ထွက်လာပြီး ဒိုင်းလွှားအကြီးအငယ်၊ လေးမြား၊ တင်းပုတ်၊* လှံရှည်စတဲ့ လက်နက်တွေကို ထင်းဆိုက်လိမ့်မယ်။ ခုနစ်နှစ်ပတ်လုံး အဲဒီလက်နက်တွေကို ထင်းဆိုက် လိမ့်မယ်။+ ၁၀ လက်နက်တွေကို ထင်းဆိုက်မှာဖြစ်လို့ တောထဲမှာ သစ်ခုတ်ဖို့၊ ထင်းရှာဖို့ လိုတော့မှာ မဟုတ်ဘူး။’
“‘တိုက်ခိုက်သိမ်းယူသူတွေဆီကနေ သူတို့ ပြန်သိမ်းယူလိမ့်မယ်။ လုယက်သူတွေဆီကနေ ပြန်လုယက်လိမ့်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၁၁ “‘အဲဒီနေ့ရောက်ရင် ငါက အစ္စရေးပြည်မှာ၊ ပင်လယ်အရှေ့ဘက်ကို ခရီးသွားသူတွေရဲ့ ချိုင့်ဝှမ်းမှာ ဂေါဂအတွက်+ သင်္ချိုင်းမြေပေးမယ်။ အဲဒီချိုင့်ဝှမ်းက ဖြတ်သန်းသွားလာသူတွေရဲ့ လမ်းကို ပိတ်ထားလိမ့်မယ်။ ဂေါဂနဲ့ သူ့လူစုကြီးကို အဲဒီမှာ မြှုပ်နှံကြလိမ့်မယ်။ အဲဒီနေရာကို ဟေမုန်ဂေါဂချိုင့်ဝှမ်း*+ လို့ခေါ်ကြလိမ့်မယ်။ ၁၂ အစ္စရေးအမျိုးက တိုင်းပြည်သန့်စင်သွားအောင် သူတို့ကို ခုနစ်လပတ်လုံး မြေမြှုပ်ရလိမ့်မယ်။+ ၁၃ အဲဒီလို မြေမြှုပ်ကြတဲ့အတွက် ပြည်သူပြည်သားတွေဟာ ငါ့ကိုယ်ငါ ဂုဏ်တင်ချီးမြှောက်တဲ့ အဲဒီနေ့မှာ ဂုဏ်သတင်း ကျော်စောလိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၁၄ “‘တိုင်းပြည်သန့်စင်သွားအောင် ပြည်တစ်လျှောက် သွားလာဖို့ တာဝန်ရသူတွေ၊ မြေပေါ်မှာ ကျန်နေသေးတဲ့ အလောင်းတွေကိုမြှုပ်နှံဖို့ တာဝန်ရသူတွေ ရှိလိမ့်မယ်။ ခုနစ်လပတ်လုံး အလောင်းတွေကို လိုက်ရှာကြလိမ့်မယ်။ ၁၅ ပြည်တစ်လျှောက် သွားလာသူတွေက လူအရိုးစုတစ်ခုကို တွေ့တဲ့အခါ အဲဒီဘေးမှာ အမှတ်အသား စိုက်ထူလိမ့်မယ်။ မြေမြှုပ်ဖို့ တာဝန်ရသူတွေက အဲဒီအရိုးစုကို ဟေမုန်ဂေါဂချိုင့်ဝှမ်းမှာ မြှုပ်နှံကြလိမ့်မယ်။+ ၁၆ ဟေမုန်နာ* လို့အမည်တွင်တဲ့ မြို့တစ်မြို့လည်း ရှိလိမ့်မယ်။ ဒီလိုနဲ့ တိုင်းပြည်ကို သူတို့သန့်စင်စေလိမ့်မယ်။’+
၁၇ “လူသား၊ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ငှက်အမျိုးမျိုး၊ သားရဲအမျိုးမျိုးကို ပြောလိုက်ပါ– “အတူစုဝေးပြီး လာကြ။ မင်းတို့အတွက် ငါပြင်ဆင်ထားတဲ့ ယဇ်ပွဲမှာ လာစုဝေးကြ။ အစ္စရေးတောင်တန်းတွေပေါ်မှာ ယဇ်ပွဲကြီး ပြင်ဆင်ထားတယ်။+ အသားကိုစားပြီး သွေးကိုသောက်ရလိမ့်မယ်။+ ၁၈ ခွန်အားကြီးသူတွေရဲ့ အသားကို မင်းတို့ စားရလိမ့်မယ်။ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ သွေးကို သောက်ရလိမ့်မယ်။ သူတို့ဟာ ဗာရှန်ပြည်က ဆူဖြိုးတဲ့ သိုးထီးတွေ၊ သိုးသငယ်တွေ၊ ဆိတ်တွေ၊ နွားထီးတွေပဲ။ ၁၉ ငါပြင်ဆင်ထားတဲ့ ယဇ်ပွဲမှာ အဆီတွေကို မင်းတို့ တနင့်တပိုး စားရလိမ့်မယ်။ သွေးကိုလည်း မူးတဲ့အထိ သောက်ရလိမ့်မယ်။”’
၂၀ “‘ငါ့စားပွဲမှာ မြင်းတွေ၊ မြင်းရထားမောင်းသူတွေ၊ ခွန်အားကြီးသူတွေ၊ စစ်သူရဲတွေရဲ့ အသားကို မင်းတို့ အဝစားရလိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၂၁ “‘ငါ့ဘုန်းတန်ခိုးကို လူမျိုးတွေအလယ်မှာ ထင်ရှားစေမယ်။ လူမျိုးတွေက ငါချမှတ်တဲ့ တရားစီရင်ချက်၊ ငါပြတဲ့တန်ခိုးကို မြင်ရလိမ့်မယ်။+ ၂၂ အစ္စရေးအမျိုးက အဲဒီနေ့ကစပြီး ငါဟာ သူတို့ရဲ့ဘုရား ယေဟောဝါပဲဆိုတာ သိရကြလိမ့်မယ်။ ၂၃ အစ္စရေးအမျိုးက ကိုယ်တိုင်လုပ်ခဲ့တဲ့ အပြစ်ကြောင့်၊ ငါ့ကို သစ္စာမဲ့တဲ့အတွက်ကြောင့် ပြည်နှင်ဒဏ်ခံခဲ့ရမှန်း လူမျိုးတွေ သိရကြလိမ့်မယ်။+ ငါ မျက်နှာလွှဲပြီး+ ရန်သူလက်ထဲ အပ်လိုက်တဲ့အတွက်+ အစ္စရေးတစ်မျိုးလုံး ဓားဘေးနဲ့ ကျဆုံးခဲ့ရတယ်။ ၂၄ သူတို့ရဲ့ မသန့်ရှင်းမှုတွေ၊ ပြစ်မှားမှုတွေနဲ့အညီ သူတို့ကို ငါအရေးယူခဲ့တယ်။ မျက်နှာလွှဲခဲ့တယ်။’
၂၅ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ယာကုပ်အမျိုး သုံ့ပန်းတွေကို ငါပြန်ခေါ်လာမယ်။+ အစ္စရေးတစ်မျိုးလုံးကို ကရုဏာပြမယ်။+ သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်ကို အစွမ်းကုန် ခုခံကာကွယ်မယ်။+ ၂၆ ငါ့အပေါ် သစ္စာမဲ့ခဲ့လို့ အရှက်ခွဲခံရပြီးတဲ့နောက်+ သူတို့ဟာ နေရင်းပြည်မှာ ဘေးကင်းလုံခြုံစွာ နေထိုင်ရလိမ့်မယ်။ သူတို့ကို ခြောက်လှန့်တဲ့သူ တစ်ယောက်မှရှိမှာ မဟုတ်ဘူး။+ ၂၇ သူတို့ကို လူမျိုးတွေဆီကနေ ပြန်ခေါ်လာပြီး ရန်သူ့တိုင်းပြည်တွေကနေ ပြန်စုသိမ်းတဲ့အခါ+ သူတို့အလယ်မှာ ငါ့ကိုယ်ငါ သန့်ရှင်းမြင့်မြတ်စေမယ်။ ဒါကို လူမျိုးများစွာ မြင်ရလိမ့်မယ်။’+
၂၈ “‘သူတို့ကို လူမျိုးခြားတွေဆီ ပြည်နှင်ဒဏ်ပေးပြီးတဲ့နောက် နေရင်းပြည်ဆီ တစ်ယောက်မကျန် ပြန်စုသိမ်းတဲ့အခါ+ ငါဟာ သူတို့ရဲ့ဘုရား ယေဟောဝါဖြစ်မှန်း သူတို့သိရလိမ့်မယ်။ ၂၉ အစ္စရေးအမျိုးအပေါ် ငါ့စွမ်းအားတော်ကို သွန်းလောင်းမယ်။+ သူတို့ကို မျက်နှာမလွှဲတော့ဘူး။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၄၀ ကျွန်တော်တို့ ပြည်နှင်ခံရပြီး+ ၂၅ နှစ်မြောက်၊ မြို့တော်သိမ်းပိုက်ခံရပြီး+ ၁၄ နှစ်မြောက်၊ နှစ်ဦးပိုင်း၊ ၁၀ ရက်နေ့မှာ ယေဟောဝါရဲ့လက်တော် သက်ရောက်လာပြီး ကျွန်တော့်ကို မြို့ထဲ ခေါ်ဆောင်သွားတယ်။+ ၂ ဘုရားသခင်က စိတ်အာရုံကတစ်ဆင့် ကျွန်တော့်ကို အစ္စရေးပြည်ဆီ ခေါ်သွားပြီး မြင့်မားလှတဲ့ တောင်ပေါ်မှာ ချထားလိုက်တယ်။+ အဲဒီတောင်ပေါ်မှာ မြို့တစ်မြို့နဲ့တူတဲ့ အဆောက်အအုံတစ်ခုက တောင်ဘက်မှာ ရှိနေတယ်။
၃ အဲဒီကို ကျွန်တော် ရောက်သွားတဲ့အခါ ကြေးနီအဆင်းအရောင်ရှိတဲ့ လူတစ်ယောက်ကို မြင်တယ်။+ သူက လျှော်ကြိုးတစ်ချောင်းနဲ့ တိုင်းစရာ ကျူရိုးတစ်ချောင်းကို* ကိုင်ပြီး+ တံခါးဝမှာ ရပ်နေတယ်။ ၄ သူက “လူသား၊ အသေအချာ ကြည့်ပါ။ ဂရုတစိုက် နားထောင်ပါ။ ငါပြသမျှကို အာရုံစိုက်ပါ။ ဒါတွေပြဖို့ မင်းကို ခေါ်လာတာ။ မြင်သမျှ အစ္စရေးအမျိုးကို ပြန်ပြောပြလိုက်ပါ”+ ဆိုပြီး ကျွန်တော့်ကို ပြောတယ်။
၅ ဗိမာန်တော်ရဲ့* အပြင်ဘက်ပတ်လည်မှာ တံတိုင်းတစ်ခုကို မြင်တယ်။ အဲဒီလူကိုင်ထားတဲ့ တိုင်းစရာကျူရိုးဟာ ခြောက်တောင်* ရှည်တယ်။ (တစ်တောင်စီကို လက်လေးလုံးစာ ထပ်တိုးထားတယ်။) သူက တံတိုင်းကို စတိုင်းတယ်။ တံတိုင်းရဲ့ ထုနဲ့အမြင့်က ကျူရိုးတစ်ပြန်စာ ရှိတယ်။
၆ အဲဒီနောက် သူက အရှေ့ဘက် မျက်နှာမူထားတဲ့ တံခါးဝဆီ+ သွားပြီး လှေကားထစ်တွေအတိုင်း တက်သွားတယ်။ တံခါးခုံကို တိုင်းတဲ့အခါ အနံက ကျူရိုးတစ်ပြန်စာ ရှိတယ်။ တံခါးခုံနောက်တစ်ခုရဲ့ အနံကလည်း ကျူရိုးတစ်ပြန်စာ ရှိတယ်။ ၇ အစောင့်ခန်းတစ်ခုစီရဲ့ အလျားနဲ့အနံက ကျူရိုးတစ်ပြန်စာ ရှိတယ်။ အစောင့်ခန်းတွေက တစ်ခန်းနဲ့တစ်ခန်း ငါးတောင်ခြားတယ်။+ အတွင်းဘက်ကို မျက်နှာမူပြီး မုခ်ဦးနဲ့ကပ်လျက်မှာ ရှိနေတဲ့ တံခါးခုံက ကျူရိုးတစ်ပြန်စာ ရှိတယ်။
၈ အတွင်းဘက်တံခါးရဲ့ မုခ်ဦးကို သူတိုင်းတဲ့အခါ ကျူရိုးတစ်ပြန်စာ ရှိတယ်။ ၉ အဲဒီမုခ်ဦးကို တိုင်းတဲ့အခါ ရှစ်တောင်ရှိတယ်။ မုခ်ဦးရဲ့ နံရံကပ်တိုင်တွေကို တိုင်းတဲ့အခါ နှစ်တောင်ရှိတယ်။ မုခ်ဦးက ဗိမာန်တော်ဘက် မျက်နှာမူထားတယ်။
၁၀ အရှေ့ဘက်တံခါးရဲ့ ဘေးတစ်ဖက်စီမှာ အစောင့်ခန်းသုံးခန်းစီ ရှိတယ်။ သုံးခန်းစလုံး အရွယ်အစားတူတယ်။ နှစ်ဖက်စလုံးမှာရှိတဲ့ နံရံကပ်တိုင်တွေကလည်း အရွယ်အစားတူတယ်။
၁၁ အဲဒီနောက် တံခါးပေါက်ကို သူတိုင်းတဲ့အခါ ၁၀ တောင် ကျယ်တယ်။ ဝင်ပေါက်တစ်ခုလုံးက ၁၃ တောင် ကျယ်တယ်။
၁၂ ဘေးနှစ်ဖက်က အစောင့်ခန်းတွေမှာ အရှေ့ဘက်ကို တစ်တောင်စီ ထိုးထွက်နေတဲ့ အကန့်တွေရှိတယ်။ အဲဒီအစောင့်ခန်းတွေက ခြောက်တောင် ကျယ်တယ်။
၁၃ အဲဒီနောက် အစောင့်ခန်းရဲ့ အမိုးကနေ မျက်နှာချင်းဆိုင်အခန်းရဲ့ အမိုးကို သူတိုင်းတဲ့အခါ ဒီဘက်ဝင်ပေါက်ကနေ ဟိုဘက်ဝင်ပေါက်အထိ ၂၅ တောင်ရှိတယ်။+ ၁၄ အဲဒီနောက် နံရံကပ်တိုင်တွေကို တိုင်းတဲ့အခါ အတောင် ၆၀ မြင့်တယ်။ တံတိုင်းပတ်လည်က တံခါးတွေရဲ့ နံရံကပ်တိုင်တွေကိုလည်း တိုင်းတယ်။ ၁၅ တံခါးဝင်ပေါက်ထိပ်ကနေ ဗိမာန်တော်ဘက် မျက်နှာမူထားတဲ့ မုခ်ဦးထိပ်အထိ အတောင် ၅၀ ရှည်တယ်။
၁၆ နှစ်ဖက်ကအစောင့်ခန်းတွေနဲ့ နံရံကပ်တိုင်တွေမှာ အပြင်ဘက်ကို ဘောင်အဆင့်ဆင့် ကျဉ်းသွားတဲ့ ပြတင်းပေါက်တွေ ရှိတယ်။+ မုခ်ဦးရဲ့ ဘေးနှစ်ဖက်စလုံးမှာ ပြတင်းပေါက်တွေ ရှိတယ်။ နံရံကပ်တိုင်တွေပေါ်မှာ စွန်ပလွံပင်ပုံတွေ ရှိတယ်။+
၁၇ အဲဒီနောက် သူက ကျွန်တော့်ကို အပြင်ရင်ပြင်ဆီ ခေါ်လာတယ်။ ရင်ပြင်ပတ်လည်မှာ စားသောက်ခန်းတွေနဲ့+ ကျောက်ခင်းစင်္ကြံကို ကျွန်တော်တွေ့တယ်။ ကျောက်ခင်းစင်္ကြံပေါ်မှာ စားသောက်ခန်းပေါင်း ၃၀ ရှိတယ်။ ၁၈ တံခါးတွေရဲ့ဘေးက ကျောက်ခင်းစင်္ကြံရဲ့ အကျယ်ဟာ တံခါးတွေရဲ့ အရှည်နဲ့ တူတယ်။ အဲဒါက အောက်စင်္ကြံပဲ။
၁၉ အဲဒီနောက် အောက်ဘက်တံခါးဝကနေ အတွင်းတံတိုင်းရဲ့ တံခါးဝအထိ အကွာအဝေးကို သူတိုင်းတဲ့အခါ အရှေ့ဘက်မှာရော မြောက်ဘက်မှာပါ အတောင် ၁၀၀ ရှိတယ်။
၂၀ အပြင်တံတိုင်းမှာ မြောက်ဘက်ကို မျက်နှာမူထားတဲ့ တံခါးတစ်ခုရှိတယ်။ အဲဒီတံခါးရဲ့ အလျားအနံကို သူတိုင်းတယ်။ ၂၁ တံခါးရဲ့ ဘေးတစ်ဖက်စီမှာ အစောင့်ခန်းသုံးခန်းစီ ရှိတယ်။ အစောင့်ခန်းတွေရဲ့ နံရံကပ်တိုင်တွေနဲ့ မုခ်ဦးက ပထမတိုင်းခဲ့တဲ့ တံခါးနဲ့ အရွယ်အစား အတူတူပဲ။ ဒီတံခါးလည်း အတောင် ၅ဝ ရှည်ပြီး ၂၅ တောင်ကျယ်တယ်။ ၂၂ ပြတင်းပေါက်၊ မုခ်ဦးနဲ့ စွန်ပလွံပင်ပုံတွေက+ အရှေ့ဘက်တံခါးကို တိုင်းတုန်းကလိုပဲ အရွယ်အစား တူတယ်။ လှေကားခုနစ်ထစ် တက်လိုက်ရင် တံခါးဝကို ရောက်တယ်။ ရှေ့ခပ်လှမ်းလှမ်းမှာ မုခ်ဦးရှိတယ်။
၂၃ မြောက်ဘက်တံခါးရဲ့ မျက်နှာချင်းဆိုင် အတွင်းတံတိုင်းမှာ တံခါးတစ်ခု၊ အရှေ့ဘက်တံခါးရဲ့ မျက်နှာချင်းဆိုင် အတွင်းတံတိုင်းမှာ တံခါးတစ်ခု ရှိတယ်။ မျက်နှာချင်းဆိုင် တံခါးတွေရဲ့ အကွာအဝေးကို သူတိုင်းတဲ့အခါ အတောင် ၁၀၀ ရှိတယ်။
၂၄ အဲဒီနောက် သူက ကျွန်တော့်ကို တောင်ဘက်ကို ခေါ်လာတယ်။ တောင်ဘက်မှာ တံခါးတစ်ခု ရှိတယ်။+ အဲဒီတံခါးရဲ့ နံရံကပ်တိုင်တွေနဲ့ မုခ်ဦးကို တိုင်းတဲ့အခါ တခြားတံခါးတွေနဲ့ အရွယ်အစား အတူတူပဲ။ ၂၅ တံခါးရဲ့ တစ်ဖက်စီမှာရော မုခ်ဦးမှာပါ ပြတင်းပေါက်တွေ ရှိတယ်။ အဲဒီပြတင်းပေါက်တွေက တခြားပြတင်းပေါက်တွေနဲ့ အတူတူပဲ။ ဒီတံခါးလည်း အတောင် ၅၀ ရှည်ပြီး ၂၅ တောင်ကျယ်တယ်။ ၂၆ လှေကားခုနစ်ထစ် တက်လိုက်ရင် တံခါးဝကို ရောက်တယ်။+ ရှေ့ခပ်လှမ်းလှမ်းမှာ မုခ်ဦးရှိတယ်။ မုခ်ဦးရဲ့ တစ်ဖက်စီမှာ နံရံကပ်တိုင် တစ်တိုင်စီရှိပြီး အဲဒီတိုင်တွေပေါ်မှာ စွန်ပလွံပင်ပုံတွေ ရှိတယ်။
၂၇ အတွင်းတံတိုင်းမှာ တောင်ဘက်ကို မျက်နှာမူထားတဲ့ တံခါးတစ်ခု ရှိတယ်။ အဲဒီတံခါးဝကနေ တောင်ဘက်မျက်နှာချင်းဆိုင် တံခါးဝအထိ သူတိုင်းတဲ့အခါ အတောင် ၁၀၀ ရှိတယ်။ ၂၈ အဲဒီနောက် ကျွန်တော့်ကို တောင်ဘက်တံခါးကနေ ဖြတ်ပြီး အတွင်းတံတိုင်းထဲ ခေါ်လာတယ်။ အတွင်းတံတိုင်းရဲ့ တောင်ဘက်တံခါးကို သူတိုင်းတဲ့အခါ တခြားတံခါးတွေနဲ့ အရွယ်အစားအတူတူပဲ။ ၂၉ အဲဒီတံခါးမှာရှိတဲ့ အစောင့်ခန်းတွေ၊ နံရံကပ်တိုင်တွေနဲ့ မုခ်ဦးက တခြားတံခါးတွေနဲ့ အရွယ်အစားအတူတူပဲ။ တံခါးရဲ့ တစ်ဖက်စီမှာရော မုခ်ဦးမှာပါ ပြတင်းပေါက်တွေ ရှိတယ်။ ဒီတံခါးလည်း အတောင် ၅၀ ရှည်ပြီး ၂၅ တောင် ကျယ်တယ်။+ ၃၀ အတွင်းတံတိုင်းရဲ့ တံခါးတိုင်းမှာ မုခ်ဦးရှိတယ်။ အဲဒီမုခ်ဦးတွေက အလျား ၂၅ တောင်၊ အနံ ၅ တောင်ရှိတယ်။ ၃၁ မုခ်ဦးက အပြင်ရင်ပြင်ဘက်ကို မျက်နှာမူထားတယ်။ မုခ်ဦးရဲ့ နံရံကပ်တိုင်တွေပေါ်မှာ စွန်ပလွံပင်ပုံတွေရှိတယ်။+ လှေကားရှစ်ထစ် တက်လိုက်ရင် မုခ်ဦးကို ရောက်တယ်။+
၃၂ သူက ကျွန်တော့်ကို အရှေ့ဘက်ကနေ အတွင်းရင်ပြင်ထဲ ခေါ်လာတယ်။ အရှေ့ဘက်တံခါးကို တိုင်းတဲ့အခါ တခြားတံခါးတွေနဲ့ အရွယ်အစားအတူတူပဲ။ ၃၃ အဲဒီတံခါးမှာရှိတဲ့ အစောင့်ခန်းတွေ၊ နံရံကပ်တိုင်တွေနဲ့ မုခ်ဦးက တခြားတံခါးမှာရှိတာတွေနဲ့ အရွယ်အစားအတူတူပဲ။ တံခါးရဲ့တစ်ဖက်စီမှာရော မုခ်ဦးမှာပါ ပြတင်းပေါက်တွေ ရှိတယ်။ ဒီတံခါးလည်း အတောင် ၅၀ ရှည်ပြီး ၂၅ တောင် ကျယ်တယ်။ ၃၄ မုခ်ဦးက အပြင်ရင်ပြင်ဘက်ကို မျက်နှာမူထားတယ်။ မုခ်ဦးရဲ့ နံရံကပ်တိုင် နှစ်ဖက်စလုံးမှာ စွန်ပလွံပင်ပုံတွေ ရှိတယ်။ လှေကားရှစ်ထစ် တက်လိုက်ရင် မုခ်ဦးကို ရောက်တယ်။
၃၅ အဲဒီနောက် ကျွန်တော့်ကို မြောက်ဘက်တံခါးဆီ ခေါ်လာတယ်။+ အဲဒီတံခါးကို သူတိုင်းတဲ့အခါ တခြားတံခါးတွေနဲ့ အရွယ်အစား အတူတူပဲ။ ၃၆ အဲဒီတံခါးမှာရှိတဲ့ အစောင့်ခန်းတွေ၊ နံရံကပ်တိုင်တွေနဲ့ မုခ်ဦးက တခြားတံခါးတွေနဲ့ အတူတူပဲ။ တံခါးရဲ့တစ်ဖက်စီမှာ ပြတင်းပေါက်တွေ ရှိတယ်။ ဒီတံခါးလည်း အတောင် ၅၀ ရှည်ပြီး ၂၅ တောင် ကျယ်တယ်။ ၃၇ တံခါးရဲ့ နံရံကပ်တိုင်တွေက အပြင်ရင်ပြင်ဘက်ကို မျက်နှာမူထားတယ်။ နံရံကပ်တိုင် နှစ်ဖက်စလုံးမှာ စွန်ပလွံပင်ပုံတွေ ရှိတယ်။ အဲဒီကိုရောက်ဖို့ လှေကားရှစ်ထစ် တက်ရတယ်။
၃၈ တံခါးရဲ့ နံရံကပ်တိုင်တွေနားမှာ ဝင်ပေါက်ရှိတဲ့ စားသောက်ခန်း တစ်ခန်းရှိတယ်။ အဲဒီမှာ အကုန်အစင် မီးရှို့ရာအလှူတွေကို ဆေးကြောကြတယ်။+
၃၉ မြောက်ဘက်တံခါးမုခ်ဦးရဲ့ ဘေးနှစ်ဖက်မှာ စားပွဲနှစ်လုံးစီ ရှိတယ်။ အဲဒီစားပွဲတွေပေါ်မှာ အကုန်အစင် မီးရှို့ရာအလှူ၊+ အပြစ်ဖြေရာအလှူ၊+ ဒုစရိုက်ဖြေရာအလှူကို+ သတ်ကြတယ်။ ၄၀ မြောက်ဘက်တံခါးပေါက်ရဲ့ အပြင်ဘက် မုခ်ဦးရဲ့ ဒီဘက်ခြမ်းမှာ စားပွဲနှစ်လုံး၊ ဟိုဘက်ခြမ်းမှာ စားပွဲနှစ်လုံး ရှိတယ်။ ၄၁ တံခါးအပြင်ဘက်မှာ စားပွဲလေးလုံး၊ တံခါးမုခ်ဦးထဲမှာ စားပွဲလေးလုံး၊ စုစုပေါင်း စားပွဲရှစ်လုံးရှိတယ်။ အဲဒီပေါ်မှာ ယဇ်ကောင်တွေကို သတ်ကြတယ်။ ၄၂ အကုန်အစင် မီးရှို့ရာအလှူအတွက် စားပွဲလေးလုံးကို ဆစ်ထားတဲ့ကျောက်နဲ့ လုပ်ထားတယ်။ အဲဒီစားပွဲတွေက အလျားတစ်တောင်ခွဲ၊ အနံတစ်တောင်ခွဲ၊ အမြင့်တစ်တောင် ရှိတယ်။ အကုန်အစင် မီးရှို့ရာအလှူတွေနဲ့ ယဇ်ကောင်တွေကို သတ်တဲ့အခါသုံးတဲ့ ပစ္စည်းကိရိယာတွေကို အဲဒီစားပွဲတွေပေါ်မှာ တင်ကြတယ်။ ၄၃ အတွင်းနံရံပတ်လည်မှာ လက်လေးသစ်ကျယ်တဲ့ စင်တွေ ရိုက်ထားတယ်။ ပူဇော်သက္ကာအသားတွေကို စားပွဲတွေပေါ်မှာ တင်ကြတယ်။
၄၄ အတွင်းတံခါးရဲ့အပြင်ဘက် အတွင်းရင်ပြင်ထဲမှာ သီချင်းသည်တွေအတွက်+ စားသောက်ခန်းတွေရှိတယ်။ အဲဒီစားသောက်ခန်းတွေက မြောက်ဘက်တံခါးနားမှာရှိပြီး တောင်ဘက်ကို မျက်နှာမူထားတယ်။ နောက်စားသောက်ခန်းတစ်ခုက အရှေ့ဘက်တံခါးနားမှာရှိပြီး မြောက်ဘက်ကို မျက်နှာမူထားတယ်။
၄၅ သူက ကျွန်တော့်ကိုပြောတယ်– “တောင်ဘက်ကို မျက်နှာမူထားတဲ့ ဒီစားသောက်ခန်းက ဗိမာန်တော်မှာအမှုဆောင်ဖို့ တာဝန်ရထားတဲ့ ပုရောဟိတ်တွေအတွက်ပဲ။+ ၄၆ မြောက်ဘက်ကို မျက်နှာမူထားတဲ့ စားသောက်ခန်းဟာ ပူဇော်ရာပလ္လင်မှာ အမှုဆောင်ဖို့ တာဝန်ရထားတဲ့ ပုရောဟိတ်တွေအတွက်ပဲ။+ သူတို့ဟာ ယေဟောဝါရှေ့တော်မှာ အမှုဆောင်ဖို့ တာဝန်ရတဲ့ လေဝိအနွယ်ထဲက+ ဇာဒုတ်ရဲ့သားတွေ ဖြစ်တယ်။”+
၄၇ အဲဒီနောက် အတွင်းတံတိုင်းကို တိုင်းတယ်။ အလျားအတောင် ၁၀၀၊ အနံအတောင် ၁၀၀ ရှိပြီး စတုရန်းပုံဖြစ်တယ်။ ဗိမာန်တော်ရှေ့မှာ ပူဇော်ရာပလ္လင် ရှိတယ်။
၄၈ အဲဒီနောက် ကျွန်တော့်ကို ဗိမာန်တော်မုခ်ဦးဆီ ခေါ်လာတယ်။+ မုခ်ဦးရဲ့ နံရံကပ်တိုင်ကို တိုင်းတဲ့အခါ ဘယ်ဘက်မှာ ထု ငါးတောင်၊ ညာဘက်မှာ ထု ငါးတောင် ရှိတယ်။ တံခါးအကျယ်က ဘယ်ဘက်မှာ သုံးတောင်၊ ညာဘက်မှာ သုံးတောင်ရှိတယ်။
၄၉ မုခ်ဦးက အလျားအတောင် ၂၀၊ အနံ ၁၁* တောင် ရှိတယ်။ လှေကားထစ်တွေကို တက်လိုက်ရင် မုခ်ဦးကို ရောက်တယ်။ နံရံကပ်တိုင်တွေရဲ့ ဘေးတစ်ဖက်စီမှာ တိုင်မတစ်လုံးစီ ရှိတယ်။+
၄၁ အဲဒီနောက် သူက ကျွန်တော့်ကို အပြင်ဘက် သန့်ရှင်းရာဌာနတော်ထဲ* ခေါ်လာတယ်။ နံရံကပ်တိုင်တွေကို သူတိုင်းတဲ့အခါ ဘယ်ဘက်မှာ ထု ခြောက်တောင်၊* ညာဘက်မှာ ထု ခြောက်တောင် ရှိတယ်။ ၂ ဝင်ပေါက်က ဆယ်တောင် ကျယ်တယ်။ ဝင်ပေါက်နံရံတွေက တစ်ဘက်မှာ ငါးတောင်၊ နောက်တစ်ဘက်မှာ ငါးတောင် ရှိတယ်။ သန့်ရှင်းရာဌာနတော်ကို သူတိုင်းတဲ့အခါ အလျားအတောင် ၄၀၊ အနံအတောင် ၂၀ ရှိတယ်။
၃ အဲဒီနောက် သူက အတွင်းခန်းကို* ဝင်သွားတယ်။ ဝင်ပေါက်နံရံကပ်တိုင်ကို တိုင်းတဲ့အခါ ထု နှစ်တောင် ရှိတယ်။ ဝင်ပေါက်က ခြောက်တောင် ကျယ်တယ်။ ဝင်ပေါက်နံရံတွေက ခုနစ်တောင် ရှိတယ်။ ၄ အပြင်ဘက် သန့်ရှင်းရာဌာနတော်ဘေးက အဲဒီအခန်းကို တိုင်းတဲ့အခါ အလျားအတောင် ၂၀၊ အနံအတောင် ၂၀ ရှိတယ်။+ “ဒါဟာ အသန့်ရှင်းဆုံးအခန်းပဲ”+ လို့ ကျွန်တော့်ကို သူပြောတယ်။
၅ အဲဒီနောက် ဗိမာန်တော်နံရံကို သူတိုင်းတဲ့အခါ ထု ခြောက်တောင် ရှိတယ်။ ဗိမာန်တော်ပတ်လည်က ဘေးခန်းတွေဟာ လေးတောင် ကျယ်တယ်။+ ၆ ဘေးခန်းတွေမှာ အထပ်သုံးထပ် ရှိတယ်။ တစ်ထပ်စီမှာ အခန်း ၃၀ ရှိတယ်။ ဗိမာန်တော်နံရံပတ်လည်မှာ ဆင့်တွေ တပ်ထားတယ်။ အဲဒီဆင့်တွေပေါ် ဘေးခန်းတွေရဲ့ ရက်မကို တင်ထားတယ်။ ဒါကြောင့် အဲဒီရက်မတွေက ဗိမာန်တော်နံရံကို ဖောက်ဝင်မနေဘူး။+ ၇ ဗိမာန်တော်ရဲ့ ဘေးနှစ်ဖက်စလုံးမှာ ကြောင်လိမ်လှေကား ရှိတယ်။ ဘေးခန်းတွေဟာ အပေါ်ဘက်ကို တက်လာလေ ပိုကျယ်လာလေပဲ။+ အောက်ထပ်ထက် အလယ်ထပ်က ပိုကျယ်တယ်။ အလယ်ထပ်ထက် အပေါ်ဆုံးထပ်က ပိုကျယ်တယ်။
၈ ဗိမာန်တော်က ကြမ်းပြင်မြင့်ပေါ်မှာ တည်ရှိပြီး အဲဒီကြမ်းပြင်က ဘေးပတ်လည်မှာ အစွန်းထွက်နေတာကို ကျွန်တော်တွေ့တယ်။ ဘေးခန်းတွေရဲ့အုတ်မြစ်က ခြောက်တောင်ရှိတဲ့ ကျူရိုးတစ်ပြန်စာ မြင့်တယ်။ ၉ ဘေးခန်းတွေရဲ့ အပြင်ဘက်နံရံက ထု ငါးတောင်ရှိတယ်။ ဘေးခန်းတွေရဲ့ ဘေးတစ်လျှောက်မှာ နေရာလွတ်* ရှိတယ်။ အဲဒါကလည်း ဗိမာန်တော်ထဲမှာ အပါအဝင်ဖြစ်တယ်။
၁၀ ဗိမာန်တော်နဲ့ စားသောက်ခန်းတွေကြား+ ဘေးနှစ်ဖက်စလုံးမှာ အတောင် ၂၀ ကျယ်တဲ့ နေရာလပ်ရှိတယ်။ ၁၁ ဘေးခန်းနဲ့ နေရာလွတ်ကြားမှာ မြောက်ဘက်မှာ ဝင်ပေါက်တစ်ခု၊ တောင်ဘက်မှာ ဝင်ပေါက်တစ်ခုရှိတယ်။ ပတ်လည်မှာရှိတဲ့ အဲဒီနေရာလွတ်က ငါးတောင် ကျယ်တယ်။
၁၂ နေရာလပ်ရဲ့ကပ်လျက် အနောက်ဘက်အဆောက်အအုံဟာ အနံအတောင် ၇၀၊ အလျားအတောင် ၉၀ ရှိတယ်။ အဲဒီအဆောက်အအုံရဲ့ ပတ်လည်နံရံက ထု ငါးတောင်ရှိတယ်။
၁၃ အဲဒီနောက် ဗိမာန်တော်ကို သူတိုင်းတဲ့အခါ အလျားအတောင် ၁၀၀ ရှိတယ်။ နေရာလပ်၊ အနောက်ဘက်အဆောက်အအုံနဲ့ နံရံကို ပေါင်းလိုက်ရင် အလျားအတောင် ၁၀၀ ရှိတယ်။ ၁၄ အရှေ့ဘက်ကို မျက်နှာမူထားတဲ့ ဗိမာန်တော်မျက်နှာစာနဲ့ နေရာလပ်ကို ပေါင်းလိုက်ရင် အတောင် ၁၀၀ ရှိတယ်။
၁၅ နေရာလပ်ကို မျက်နှာမူထားတဲ့ အနောက်ဘက် အဆောက်အအုံနဲ့ ဘေးနှစ်ဖက်က စင်္ကြံတွေကို တိုင်းတဲ့အခါ အတောင် ၁၀၀ ရှိတယ်။
အပြင်ဘက် သန့်ရှင်းရာဌာန၊ အတွင်းဘက် သန့်ရှင်းရာဌာနနဲ့+ မုခ်ဦးတွေကို တိုင်းတယ်။ ၁၆ အဲဒီနေရာသုံးခုမှာရှိတဲ့ စင်္ကြံတွေ၊ တံခါးခုံတွေ၊ အပြင်နံရံဘက်ကို ဘောင်အဆင့်ဆင့် ကျဉ်းသွားတဲ့ ပြတင်းပေါက်တွေကိုလည်း+ တိုင်းတယ်။ တံခါးခုံနားမှာ ကြမ်းပြင်ကနေ ပြတင်းပေါက်အထိ သစ်သားမှန်ကူကွက် ဖော်ထားတယ်။+ ပြတင်းပေါက်တွေကိုလည်း မှန်ကူကွက်ဖော်ထားတယ်။ ၁၇ ဝင်ပေါက်ရဲ့အပေါ်ဘက်၊ ဗိမာန်တော်ရဲ့ အတွင်းခန်းနဲ့ အပြင်ဘက်၊ ပတ်လည်နံရံတစ်ခုလုံးကိုလည်း တိုင်းတယ်။ ၁၈ အဲဒီမှာ ခေရုဗိမ်ရုပ်တွေ၊+ စွန်ပလွံပင်ပုံတွေ ထွင်းထားတယ်။+ ခေရုဗိမ်ရုပ် နှစ်ခုကြားမှာ စွန်ပလွံပင် တစ်ပင်စီရှိတယ်။ ခေရုဗိမ်ရုပ်တွေမှာ မျက်နှာနှစ်ခုရှိတယ်။ ၁၉ လူမျက်နှာက တစ်ဖက်မှာရှိတဲ့ စွန်ပလွံပင်ဘက်ကို လှည့်ထားတယ်။ ခြင်္သေ့မျက်နှာက နောက်တစ်ဖက်မှာရှိတဲ့ စွန်ပလွံပင်ဘက်ကို လှည့်ထားတယ်။+ ဗိမာန်တော်တစ်ခုလုံးမှာ အဲဒီလိုပုံတွေ ထွင်းထားတယ်။ ၂၀ ကြမ်းပြင်ကနေ ဝင်ပေါက်အပေါ်နားအထိ သန့်ရှင်းရာဌာနတော်နံရံမှာ ခေရုဗိမ်ရုပ်တွေနဲ့ စွန်ပလွံပင်ပုံတွေ ထွင်းထားတယ်။
၂၁ သန့်ရှင်းရာဌာနတော်ရဲ့ တံခါးတိုင်တွေက စတုရန်းပုံရှိတယ်။+ အသန့်ရှင်းဆုံးအခန်းရှေ့မှာ၊ ၂၂ အမြင့်သုံးတောင်၊ အလျားနှစ်တောင်ရှိတဲ့ သစ်သားပလ္လင်လိုမျိုး+ ရှိနေတယ်။ အဲဒီပလ္လင်မှာ ထောင့်တိုင်တွေ ရှိတယ်။ ပလ္လင်အောက်ခြေနဲ့ ဘေးတွေကို သစ်သားနဲ့လုပ်ထားတယ်။ “ဒါဟာ ယေဟောဝါရှေ့တော်က စားပွဲပဲ”+ လို့ သူပြောတယ်။
၂၃ အပြင်ဘက် သန့်ရှင်းရာဌာနနဲ့ အသန့်ရှင်းဆုံးအခန်းမှာ တံခါးနှစ်ချပ်စီ ရှိတယ်။+ ၂၄ တံခါးတစ်ချပ်မှာ တံခါးရွက်နှစ်ရွက်စီ ရှိတယ်။ ၂၅ သန့်ရှင်းရာဌာနတော်ရဲ့ တံခါးတွေပေါ်မှာ နံရံပေါ်မှာလိုပဲ ခေရုဗိမ်ရုပ်တွေနဲ့ စွန်ပလွံပင်ပုံတွေ ထွင်းထုထားတယ်။+ မုခ်ဦးမျက်နှာစာပေါ်မှာ အပြင်ဘက် ထွက်နေတဲ့ သစ်သားအမိုးဘောင် ရှိတယ်။ ၂၆ မုခ်ဦးဘေးနှစ်ဖက်မှာ၊ ဗိမာန်တော်ရဲ့ ဘေးခန်းတွေ တစ်လျှောက်မှာ၊ သစ်သားအမိုးဘောင်တစ်လျှောက်ရဲ့ အောက်မှာ အပြင်ဘက်ကို ဘောင်အဆင့်ဆင့် ကျဉ်းသွားတဲ့ ပြတင်းပေါက်တွေ၊+ စွန်ပလွံပင်ပုံတွေ ရှိတယ်။
၄၂ အဲဒီနောက် သူက ကျွန်တော့်ကို မြောက်ဘက် အပြင်ရင်ပြင်ဆီ ခေါ်သွားတယ်။+ ပြီးတော့ ကပ်လျက်အဆောက်အအုံရဲ့*+ မြောက်ဘက်၊ နေရာလပ်ရဲ့ဘေးက စားသောက်ဆောင်ဆီ+ ခေါ်သွားတယ်။ ၂ အဲဒီစားသောက်ဆောင်ရဲ့ မြောက်ဘက်ဝင်ပေါက်ရှိတဲ့ အခြမ်းက အလျားအတောင် ၁၀၀ ရှိတယ်။ အဲဒီစားသောက်ဆောင်က အနံအတောင် ၅၀ ရှိတယ်။ ၃ အဲဒီစားသောက်ဆောင်က အတွင်းရင်ပြင်မှာရှိတဲ့ အတောင် ၂၀ ကျယ်တဲ့ နေရာလပ်နဲ့+ အပြင်ရင်ပြင်ရဲ့ ကျောက်ခင်းစင်္ကြံကြားမှာ ရှိတယ်။ စားသောက်ဆောင်စင်္ကြံတွေက မျက်နှာချင်းဆိုင်ရှိပြီး သုံးထပ်မြင့်တယ်။ ၄ စားသောက်ခန်းတွေရှေ့မှာ ၁၀ တောင် ကျယ်ပြီး အတောင် ၁၀၀ ရှည်တဲ့ အတွင်းလျှောက်လမ်းတစ်ခု ရှိတယ်။+ စားသောက်ခန်း ဝင်ပေါက်တွေက မြောက်ဘက်ကို လှည့်ထားတယ်။ ၅ စင်္ကြံတွေက အတွင်းဘက်ကို ဆုတ်သွားတဲ့အတွက် အပေါ်ဆုံးထပ် စားသောက်ခန်းတွေဟာ အောက်ထပ်နဲ့ အလယ်ထပ် စားသောက်ခန်းတွေထက် ပိုကျဉ်းတယ်။ ၆ စားသောက်ခန်းတွေက သုံးထပ်မြင့်ပေမဲ့ ရင်ပြင်တွေမှာလို တိုင်တွေ မရှိဘူး။ ဒါကြောင့် အပေါ်ဆုံးထပ်ရဲ့ ကြမ်းပြင်က အောက်ထပ်နဲ့ အလယ်ထပ်တွေထက် ပိုကျဉ်းတယ်။
၇ အပြင်ရင်ပြင်ဘက်ခြမ်းမှာရှိတဲ့ စားသောက်ခန်းတွေနားက အပြင်ဘက် ကျောက်တံတိုင်းဟာ တစ်ဘက်ခြမ်းမှာရှိတဲ့ စားသောက်ခန်းတွေကို မျက်နှာမူထားပြီး အတောင် ၅၀ ရှိတယ်။ ၈ အပြင်ရင်ပြင်ဘက်ခြမ်းမှာရှိတဲ့ စားသောက်ခန်းတွေက အတောင် ၅၀ ရှိတယ်။ သန့်ရှင်းရာဌာနတော်ဘက်ခြမ်းမှာရှိတဲ့ စားသောက်ခန်းတွေက အတောင် ၁၀၀ ရှိတယ်။ ၉ စားသောက်ခန်းတွေရဲ့ အရှေ့ဘက်မှာအဝင်လမ်းရှိတယ်။ အပြင်ရင်ပြင်ကနေ အဲဒီစားသောက်ခန်းတွေကို အဲဒီလမ်းက ဝင်လို့ရတယ်။
၁၀ တောင်ဘက်မှာလည်း စားသောက်ခန်းတွေ ရှိတယ်။ အဲဒီစားသောက်ခန်းတွေက နေရာလပ်နဲ့အဆောက်အအုံနားမှာ၊+ အရှေ့ဘက်မှာရှိတဲ့ ကျောက်တံတိုင်း အတွင်းဘက်မှာ ရှိတယ်။ ၁၁ အဲဒီစားသောက်ခန်းတွေဟာ မြောက်ဘက်က စားသောက်ခန်းတွေနဲ့ အလျား၊ အနံ၊ ဝင်ပေါက်ထွက်ပေါက်၊ ဖွဲ့စည်းပုံတွေ တူညီကြပြီး အရှေ့မှာ လျှောက်လမ်းတစ်ခု ရှိတယ်။+ ဝင်ပေါက်တွေဟာ၊ ၁၂ တောင်ဘက်ကို မျက်နှာမူထားတဲ့ စားသောက်ခန်းဝင်ပေါက်တွေနဲ့ တူတယ်။ လျှောက်လမ်းရဲ့အစ၊ အရှေ့ဘက် ကပ်လျက်ကျောက်တံတိုင်းမှာ ဝင်ပေါက်တစ်ခု ရှိတယ်။+
၁၃ ကျွန်တော့်ကို သူပြောတယ်– “နေရာလပ်ဘေးမှာရှိတဲ့ မြောက်ဘက် စားသောက်ခန်းတွေနဲ့ တောင်ဘက် စားသောက်ခန်းတွေဟာ+ သန့်ရှင်းတဲ့ စားသောက်ခန်းတွေပဲ။ အဲဒီမှာ ယေဟောဝါရှေ့ကိုလာတဲ့ ပုရောဟိတ်တွေက အသန့်ရှင်းဆုံးအလှူတွေကို စားကြတယ်။+ သန့်ရှင်းတဲ့နေရာဖြစ်လို့ အသန့်ရှင်းဆုံး အလှူတွေဖြစ်တဲ့ ကောက်နှံအလှူ၊ အပြစ်ဖြေရာအလှူ၊ ဒုစရိုက်ဖြေရာအလှူတွေကို အဲဒီမှာ ထားကြတယ်။+ ၁၄ ပုရောဟိတ်တွေက သန့်ရှင်းရာဌာနတော်ထဲ ဝင်လာပြီးနောက် အမှုဆောင်တုန်းဝတ်ခဲ့တဲ့ အဝတ်တွေကို မချွတ်ဘဲ အပြင်ရင်ပြင်ကို မထွက်သွားရဘူး။+ သန့်ရှင်းတဲ့အဝတ်တွေ ဖြစ်လို့ပဲ။ လူအများ ဝင်ထွက်ခွင့်ရှိတဲ့နေရာကို သွားမယ်ဆိုရင် တခြားအဝတ်တွေကို လဲဝတ်ရမယ်။”
၁၅ သူဟာ ဗိမာန်တော်ဧရိယာရဲ့ အတွင်းဘက်ကို တိုင်းပြီးတဲ့နောက် အရှေ့ဘက် မျက်နှာမူထားတဲ့ တံခါးကနေ အပြင်ဘက်ဆီ ကျွန်တော့်ကို ခေါ်သွားတယ်။+ ပြီးတဲ့နောက် ဧရိယာတစ်ခုလုံးကို တိုင်းတယ်။
၁၆ အရှေ့ဘက်ခြမ်းကို တိုင်းစရာကျူရိုးနဲ့* သူတိုင်းတဲ့အခါ ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်အထိ ကျူရိုးအပြန် ၅၀၀ ရှိတယ်။
၁၇ မြောက်ဘက်ခြမ်းကို တိုင်းတဲ့အခါ ကျူရိုးအပြန် ၅၀၀ ရှိတယ်။
၁၈ တောင်ဘက်ခြမ်းကို တိုင်းတဲ့အခါ ကျူရိုးအပြန် ၅၀၀ ရှိတယ်။
၁၉ အနောက်ဘက်ခြမ်းကို သွားပြီး တိုင်းတဲ့အခါ ကျူရိုးအပြန် ၅၀၀ ရှိတယ်။
၂၀ အဲဒီဧရိယာရဲ့ လေးဖက်စလုံးကို သူတိုင်းတယ်။ ပတ်လည်တံတိုင်းက+ အလျား ကျူရိုးအပြန် ၅၀၀၊ အနံ ကျူရိုးအပြန် ၅၀၀ ရှိတယ်။+ အဲဒီတံတိုင်းက သန့်ရှင်းတဲ့မြေနဲ့ လူအများနဲ့ဆိုင်တဲ့မြေကို ပိုင်းခြားထားတယ်။+
၄၃ အဲဒီနောက် သူက အရှေ့ဘက် မျက်နှာမူထားတဲ့ တံခါးဆီ ကျွန်တော့်ကို ခေါ်သွားတယ်။+ ၂ အဲဒီမှာ အစ္စရေးတို့ ဘုရားသခင်ရဲ့ ဘုန်းအသရေဟာ အရှေ့ဘက်ကနေ ပေါ်ထွက်လာတာကို ကျွန်တော်မြင်တယ်။+ အသံတော်ဟာ ရေလုံးကြီးရဲ့အသံနဲ့ တူတယ်။+ ကမ္ဘာမြေဟာ ဘုရားဘုန်းအသရေကြောင့် ထွန်းလင်းနေတယ်။+ ၃ မြင်နေရတဲ့အရာက မြို့ကိုဖျက်ဆီးဖို့ ကျွန်တော်* လာချိန်တုန်းက မြင်ခဲ့ရတဲ့ စိတ်အာရုံနဲ့ အတူတူပဲ။ ခေဗာမြစ်နားမှာ ကျွန်တော် မြင်ခဲ့ရတာနဲ့ တူတယ်။+ ဒါနဲ့ ကျွန်တော် မြေပေါ်ပျပ်ဝပ်လိုက်တယ်။
၄ ယေဟောဝါရဲ့ ဘုန်းအသရေက အရှေ့ဘက်ကို မျက်နှာမူထားတဲ့ တံခါးကိုဖြတ်ပြီး ဗိမာန်တော်ထဲ ဝင်သွားတယ်။+ ၅ အဲဒီအခါ စွမ်းအားတော်က* ကျွန်တော့်ကို ဆွဲထူပြီး အတွင်းရင်ပြင်ထဲခေါ်သွားတယ်။ ဗိမာန်တော်ထဲမှာ ယေဟောဝါရဲ့ ဘုန်းအသရေ ပြည့်နေတာကို မြင်လိုက်ရတယ်။+ ၆ အဲဒီနောက် ဗိမာန်တော်ထဲကနေ ကျွန်တော့်ကို စကားပြောတဲ့ အသံတစ်သံ ကြားလိုက်တယ်။ အဲဒီလူက ကျွန်တော့်အနား လာရပ်ပြီး၊+ ၇ ပြောတယ်–
“လူသား၊ ဒီနေရာဟာ ငါ့ရာဇပလ္လင်တည်ရာ၊+ ငါခြေချတဲ့နေရာပဲ။+ ဒီနေရာမှာ အစ္စရေးတွေနဲ့အတူ ငါထာဝစဉ် စံမြန်းမယ်။+ အစ္စရေးအမျိုးနဲ့ သူတို့ရဲ့ဘုရင်တွေက ရုပ်တုကိုးကွယ်ခြင်း * အားဖြင့်၊ သက်မဲ့ဘုရင်တွေရဲ့ အလောင်းတွေအားဖြင့် သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်ကို ညစ်ညူးစေတော့မှာ မဟုတ်ဘူး။+ ၈ သူတို့ရဲ့တံခါးခုံကို ငါ့တံခါးခုံဘေးမှာ၊ သူတို့ရဲ့တံခါးတိုင်ကို ငါ့တံခါးတိုင်ဘေးမှာ ထားကြတယ်။ သူတို့နဲ့ငါ့ကြားမှာ နံရံတစ်ခုပဲ ခြားတယ်။+ သူတို့က အဲဒီလို ရွံမုန်းဖွယ်ရာတွေလုပ်ပြီး သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်ကို ညစ်ညူးစေခဲ့တယ်။ ဒါကြောင့် သူတို့ကို ငါအမျက်ထွက်ပြီး အစတုံး ဖျက်ဆီးခဲ့တယ်။+ ၉ အခု သူတို့က ရုပ်တုကိုးကွယ်တာတွေ၊* ဘုရင်အဖြစ်ကိုးကွယ်တဲ့ ရုပ်တုတွေကို ငါ့ဆီကနေ ဖယ်ရှားကြပါစေ။ ဒါဆိုရင်တော့ သူတို့နဲ့အတူ ငါ ထာဝစဉ် စံမြန်းမယ်။+
၁၀ “လူသား၊ မင်းကတော့ အစ္စရေးအမျိုးကို ဗိမာန်တော်ရဲ့ ပုံစံအကြောင်း ပြောပြလိုက်ပါ။+ ဒါမှ လုပ်ခဲ့တဲ့အမှားတွေကြောင့် သူတို့ အရှက်ရလိမ့်မယ်။+ ဗိမာန်တော်ရဲ့ အတိုင်းအထွာပုံစံကို သူတို့ လေ့လာရမယ်။ ၁၁ သူတို့လုပ်ခဲ့တာတွေကြောင့် အရှက်ရတယ်ဆိုရင် ဗိမာန်တော်ရဲ့ ကြမ်းခင်းပုံစံ၊ စီစဉ်ဖွဲ့စည်းပုံနဲ့ ထွက်ပေါက်ဝင်ပေါက်တွေအကြောင်း သူတို့ကို ပြောပြလိုက်ပါ။+ ဗိမာန်တော်ရဲ့ ကြမ်းခင်းပုံစံနဲ့ စည်းမျဉ်းတွေ၊ ပညတ်တွေကိုပြပြီး သူတို့ရှေ့မှာ ရေးချပါ။ ဒါမှ သူတို့က အဲဒီကြမ်းခင်းပုံစံအားလုံးကို အသေအချာ လေ့လာပြီး သက်ဆိုင်ရာစည်းမျဉ်းတွေကို လိုက်နာနိုင်လိမ့်မယ်။+ ၁၂ ဒါဟာ ဗိမာန်တော်နဲ့ဆိုင်တဲ့ ပညတ်ပဲ။ တောင်ထိပ်ပတ်လည်က နယ်မြေတစ်ခုလုံးဟာ အသန့်ရှင်းဆုံးနေရာ ဖြစ်တယ်။+ ဒါဟာ ဗိမာန်တော်နဲ့ဆိုင်တဲ့ ပညတ်ပဲ။
၁၃ “ပူဇော်ရာပလ္လင်ရဲ့ အတိုင်းအတာတွေကတော့+ ပူဇော်ရာပလ္လင်အောက်ခြေက အမြင့်တစ်တောင်၊* အကျယ်တစ်တောင် ရှိတယ်။ (တစ်တောင်စီကို လက်လေးသစ် တိုးထားတယ်။) အောက်ခြေပတ်လည်အစွန်းမှာရှိတဲ့ အနားကွပ်က တစ်ထွာ* မြင့်တယ်။ ဒါဟာ ပူဇော်ရာပလ္လင်အောက်ခြေပဲ။ ၁၄ အဲဒီအောက်ခြေကနေ ပထမအဆင့်အထိ တိုင်းတဲ့အခါ အမြင့်နှစ်တောင်၊ အကျယ်တစ်တောင် ရှိတယ်။ ပထမအဆင့်ကနေ ဒုတိယအဆင့်အထိ အမြင့်လေးတောင်၊ အကျယ်တစ်တောင် ရှိတယ်။ ၁၅ ပူဇော်ရာပလ္လင်မီးဖိုက အမြင့်လေးတောင် ရှိတယ်။ ပလ္လင်မီးဖိုမှာ ဦးချိုအတက် လေးခု ရှိတယ်။+ ၁၆ ပလ္လင်မီးဖိုဟာ အလျား ၁၂ တောင်၊ အနံ ၁၂ တောင်၊ စတုရန်းပုံ ဖြစ်တယ်။+ ၁၇ ဒုတိယအဆင့်ရဲ့ အနားလေးဖက်က အလျား ၁၄ တောင်၊ အနံ ၁၄ တောင် ရှိတယ်။ ပတ်လည်အနားကွပ်က တစ်တောင်ရဲ့တစ်ဝက် ရှိတယ်။ အောက်ခြေက လေးဖက်စလုံးမှာ တစ်တောင်စီ ရှိတယ်။
“လှေကားထစ်တွေက အရှေ့ဘက်ကို မျက်နှာမူထားတယ်။”
၁၈ အဲဒီနောက် သူက ကျွန်တော့်ကို ပြောတယ်– “လူသား၊ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ဒါတွေဟာ ပူဇော်ရာပလ္လင်ကို ဆောက်တဲ့အခါ လိုက်နာရမယ့် ညွှန်ကြားချက်တွေပဲ။ ဒါမှ ပူဇော်ရာပလ္လင်ပေါ်မှာ အကုန်အစင် မီးရှို့ရာအလှူတွေ ပူဇော်ပြီး သွေးကို ဖျန်းနိုင်မယ်။’+
၁၉ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘တိရစ္ဆာန်အုပ်ထဲက နွားထီးပျိုတစ်ကောင်ကို အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ဖို့+ ဇာဒုတ်ရဲ့သားမြေးတွေကို မင်းပေးရမယ်။+ သူတို့ဟာ ငါ့ရှေ့ကိုလာပြီး အမှုဆောင်မယ့် လေဝိအနွယ် ပုရောဟိတ်တွေပဲ။ ၂၀ ပူဇော်ရာပလ္လင်ကို အပြစ်စင်ကြယ်စေဖို့၊ ပူဇော်ရာပလ္လင်အတွက် အပြစ်ဖြေပေးဖို့ သွေးတချို့ကို ယူပြီး ပလ္လင်ဦးချိုအတက် လေးခုပေါ်မှာ၊ ဒုတိယအဆင့်ရဲ့ ထောင့်လေးထောင့်မှာ၊ ပတ်လည်အနားကွပ်တွေပေါ်မှာ သုတ်ရမယ်။+ ၂၁ အဲဒီနောက် အပြစ်ဖြေရာအလှူ နွားထီးပျိုကို ယူပြီး သန့်ရှင်းရာဌာနတော် အပြင်ဘက်၊ ဗိမာန်တော်ရဲ့ သတ်မှတ်ထားတဲ့နေရာမှာ မီးရှို့ရမယ်။+ ၂၂ ဒုတိယနေ့မှာ အနာအဆာမရှိတဲ့ ဆိတ်ထီးတစ်ကောင်ကို အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။ ပူဇော်ရာပလ္လင်ကို နွားထီးပျိုရဲ့သွေးနဲ့ အပြစ်စင်ကြယ်စေခဲ့သလို ဒီဆိတ်ထီးရဲ့သွေးနဲ့ အပြစ်စင်ကြယ်စေရမယ်။’
၂၃ “‘ပူဇော်ရာပလ္လင်ကို အပြစ်စင်ကြယ်စေပြီးနောက် တိရစ္ဆာန်အုပ်ထဲက အနာအဆာမရှိတဲ့ နွားထီးပျိုတစ်ကောင်၊ သိုးအုပ်ထဲက အနာအဆာမရှိတဲ့ သိုးထီးတစ်ကောင်ကို မင်း ပူဇော်ရမယ်။ ၂၄ အဲဒီအကောင်တွေကို ယေဟောဝါဆီ ပူဇော်ရမယ်။ ပုရောဟိတ်တွေက အဲဒီအကောင်တွေပေါ် ဆားဖြူးပြီး+ အကုန်အစင် မီးရှို့ရာအလှူအဖြစ် ယေဟောဝါဆီ ပူဇော်ရမယ်။ ၂၅ အပြစ်ဖြေရာအလှူအဖြစ် တစ်ရက်ကို ဆိတ်ထီးတစ်ကောင်စီ ခုနစ်ရက်ပတ်လုံး ပူဇော်ရမယ်။+ နွားထီးပျိုတစ်ကောင်နဲ့ သိုးထီးတစ်ကောင်ကိုလည်း ပူဇော်ရမယ်။ အနာအဆာမရှိတဲ့ တိရစ္ဆာန်တွေကို ပူဇော်ရမယ်။ ၂၆ ခုနစ်ရက်ပတ်လုံး ပူဇော်ရာပလ္လင်အတွက် အပြစ်ဖြေပေးရမယ်။ ပူဇော်ရာပလ္လင်ကို စင်ကြယ်စေပြီး အဆင်သင့်ဖြစ်စေရမယ်။ ၂၇ ခုနစ်ရက်စေ့ပြီးတဲ့နောက် ရှစ်ရက်မြောက်နေ့ကစပြီး+ နောက်ပိုင်းမှာ ပုရောဟိတ်တွေက အကုန်အစင် မီးရှို့ရာအလှူတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေကို ပလ္လင်ပေါ်မှာ ပူဇော်ကြလိမ့်မယ်။ ငါလည်း မင်းတို့ကို နှစ်သက်လက်ခံမယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၄၄ သူက သန့်ရှင်းရာဌာနတော်ရဲ့ အရှေ့ဘက် မျက်နှာမူထားတဲ့ အပြင်တံခါးဆီ ကျွန်တော့်ကို ပြန်ခေါ်သွားတယ်။+ အဲဒီတံခါးဟာ ပိတ်နေတယ်။+ ၂ အဲဒီနောက် ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– “ဒီတံခါး အမြဲပိတ်နေလိမ့်မယ်။ လုံးဝ မဖွင့်ရဘူး။ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါဝင်တဲ့ တံခါးဖြစ်လို့ ဒီတံခါးထဲ ဘယ်သူမှ မဝင်ရဘူး။+ တံခါးကို အမြဲပိတ်ထားရမယ်။ ၃ ဒါပေမဲ့ အကြီးအမှူးကတော့ ယေဟောဝါရှေ့တော်မှာ ဆက်သထားတဲ့မုန့်ကို စားဖို့ ဒီတံခါးမှာ ထိုင်ရလိမ့်မယ်။+ သူဟာ အကြီးအမှူးဖြစ်လို့ပဲ။ တံခါးမုခ်ဦးကနေ ဝင်ထွက်လိမ့်မယ်။”+
၄ အဲဒီနောက် သူက ကျွန်တော့်ကို မြောက်ဘက်တံခါးကနေ ဗိမာန်တော်အရှေ့ဘက်ကို ခေါ်သွားတယ်။ ကျွန်တော်ကြည့်လိုက်တော့ ယေဟောဝါရဲ့ ဗိမာန်တော်မှာ ယေဟောဝါရဲ့ ဘုန်းအသရေ ပြည့်နေတာကို တွေ့ရတယ်။+ ဒါနဲ့ ကျွန်တော် မြေပေါ် ပျပ်ဝပ်လိုက်တယ်။+ ၅ အဲဒီနောက် ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– “လူသား၊ အာရုံစိုက်ပါ။ အသေအချာ ကြည့်ပါ။ ယေဟောဝါရဲ့ ဗိမာန်တော်နဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေ၊ ပညတ်တွေအကြောင်း ငါပြောသမျှကို ဂရုတစိုက် နားထောင်ပါ။ ဗိမာန်တော် အဝင်လမ်းနဲ့ သန့်ရှင်းရာဌာနတော် ထွက်ပေါက်တွေကို အသေအချာ အာရုံစိုက်ပါ။+ ၆ ပုန်ကန်တတ်တဲ့ အစ္စရေးအမျိုးကို မင်း ပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အစ္စရေးအမျိုး၊ မင်းတို့ရဲ့ ရွံစရာအကျင့်တွေဟာ လွန်လွန်းနေပြီ။ ၇ အရေဖျားမဖြတ်ထားတဲ့၊ စိတ်နှလုံး စင်ကြယ်အောင် မလုပ်ထားတဲ့* တိုင်းတစ်ပါးသားတွေကို သန့်ရှင်းရာဌာနတော်ထဲ မင်းတို့ခေါ်လာတဲ့အတွက် သူတို့က ဗိမာန်တော်ကို ညစ်ညူးစေကြပြီ။ မင်းတို့က ရွံစရာအကျင့်တွေ ကျင့်ပြီး ငါ့ပဋိညာဉ်ကို ချိုးဖောက်နေလျက်နဲ့ မုန့်တွေ၊ အဆီတွေ၊ သွေးတွေကို ငါ့ဆီ ဆက်သနေတယ်။ ၈ ငါ့ရဲ့သန့်ရှင်းတဲ့အရာတွေကို မင်းတို့ မထိန်းသိမ်းကြဘူး။+ အဲဒီအစား သန့်ရှင်းရာဌာနတော်နဲ့ဆိုင်တဲ့ တာဝန်တွေကို လုပ်ဆောင်ဖို့ တခြားလူတွေကို ခန့်ထားတယ်။”’
၉ “‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အစ္စရေးပြည်မှာ နေထိုင်ပေမဲ့ အရေဖျားမဖြတ်ထားတဲ့၊ စိတ်နှလုံး စင်ကြယ်အောင် မလုပ်ထားတဲ့ တိုင်းတစ်ပါးသား တစ်ယောက်မှ သန့်ရှင်းရာဌာနတော်ထဲ မဝင်ရဘူး။”’
၁၀ “‘ရွံမုန်းဖွယ်ရုပ်တုတွေနောက်* လိုက်ပြီး ငါ့ဆီကနေ လမ်းလွဲသွားတဲ့ အစ္စရေးတွေလိုပဲ လေဝိအမျိုးသားတွေလည်း ငါ့ဆီကနေ လမ်းလွဲခဲ့ကြတယ်။+ ဒါကြောင့် သူတို့ဟာ အပြစ်ရဲ့အကျိုးဆက်ကို ခံရလိမ့်မယ်။ ၁၁ အဲဒီနောက် သူတို့ဟာ သန့်ရှင်းရာဌာနတော်မှာ အမှုဆောင်သူတွေ ဖြစ်လာမယ်။ ဗိမာန်တော်ရဲ့ တံခါးတွေကို ကြီးကြပ်ပြီး+ ဗိမာန်တော်မှာ အမှုဆောင်လိမ့်မယ်။ လူတွေအတွက် အကုန်အစင် မီးရှို့ရာအလှူတွေ၊ ပူဇော်သက္ကာတွေကို သတ်လိမ့်မယ်။ လူတွေရှေ့မှာ ရပ်ပြီး လူတွေအတွက် အမှုဆောင်ကြလိမ့်မယ်။ ၁၂ သူတို့ဟာ ရွံမုန်းဖွယ်ရုပ်တုတွေရှေ့မှာ လူတွေအတွက် အမှုဆောင်ခဲ့တဲ့အပြင် အစ္စရေးအမျိုးကို အပြစ်ကျူးလွန်စေတဲ့ ဆူးငြောင့်ခလုတ် ဖြစ်ခဲ့တယ်။+ ဒါကြောင့် သူတို့ကို ဒဏ်ပေးဖို့ လက်ကိုမြှောက်ပြီး ငါကျိန်ဆိုခဲ့တယ်။ အပြစ်ရဲ့အကျိုးဆက်ကို သူတို့ခံရလိမ့်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။ ၁၃ ‘သူတို့က ပုရောဟိတ်တွေအဖြစ် အမှုဆောင်ဖို့ ငါ့ရှေ့ကိုလာကြမှာ မဟုတ်ဘူး။ ငါ့ရဲ့သန့်ရှင်းတဲ့အရာ၊ အသန့်ရှင်းဆုံးအရာတွေ အနားကိုလည်း လာကြမှာ မဟုတ်ဘူး။ လုပ်ခဲ့တဲ့ ရွံစရာအကျင့်တွေကြောင့် သူတို့ အရှက်ကွဲရလိမ့်မယ်။ ၁၄ ဒါပေမဲ့ ဗိမာန်တော်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သူတို့ကို ငါတာဝန်ပြန်ပေးမယ်။ ဗိမာန်တော်လုပ်ငန်းနဲ့ အဲဒီမှာလုပ်ရမယ့် တာဝန်အားလုံးကို ပြန်လုပ်ဆောင်စေမယ်။’+
၁၅ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အစ္စရေးအမျိုးက ငါ့ဆီကနေ လမ်းလွဲခဲ့ပေမဲ့ လေဝိအနွယ် ပုရောဟိတ်တွေဖြစ်တဲ့ ဇာဒုတ်ရဲ့သားတွေကတော့+ သန့်ရှင်းရာဌာနတော်ရဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။+ ဒါကြောင့် သူတို့က ငါ့ရှေ့ကိုလာပြီး အမှုဆောင်ရလိမ့်မယ်။ ငါ့ရှေ့မှာရပ်ပြီး အဆီတွေ၊+ သွေးတွေကို ငါ့ဆီ ပူဇော်ရလိမ့်မယ်။+ ၁၆ ငါ့အတွက် အမှုဆောင်ဖို့ သန့်ရှင်းရာဌာနတော်ထဲ သူတို့ပဲ ဝင်လာရမယ်။ ငါ့စားပွဲနားလာပြီး+ သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်ရလိမ့်မယ်။+
၁၇ “‘သူတို့က အတွင်းရင်ပြင်ရဲ့ တံခါးထဲ ဝင်တဲ့အခါ ချည်ထည်ကို ဝတ်ရမယ်။+ အတွင်းရင်ပြင်ရဲ့ တံခါးမှာဖြစ်စေ၊ အတွင်းထဲမှာဖြစ်စေ အမှုဆောင်တဲ့အခါ သိုးမွေးထည်ကို လုံးဝမဝတ်ရဘူး။ ၁၈ ချည်ထည်ခေါင်းပေါင်းကို ပေါင်းရမယ်။ ချည်ထည် အတွင်းခံဘောင်းဘီကို ဝတ်ရမယ်။+ ချွေးထွက်စေတဲ့အထည်ကို မဝတ်ရဘူး။ ၁၉ သူတို့က လူတွေရှိနေတဲ့ အပြင်ရင်ပြင်ကို ထွက်မယ်ဆိုရင် အမှုဆောင်တုန်းက ဝတ်ခဲ့တဲ့ အဝတ်တွေကို ချွတ်ပြီး+ သန့်ရှင်းတဲ့ စားသောက်ခန်းတွေမှာ ထားခဲ့ရမယ်။+ အဲဒီနောက် တခြားအဝတ်တွေကို လဲဝတ်ရမယ်။ မလဲရင် အဲဒီအဝတ်တွေကြောင့် လူတွေဆီ သန့်ရှင်းမြင့်မြတ်မှု ကူးစက်သွားလိမ့်မယ်။ ၂၀ သူတို့ ခေါင်းတုံး မတုံးရဘူး။+ ဆံပင်အရှည် မထားရဘူး။ ဆံပင်ကို သပ်သပ်ရပ်ရပ် ထားရမယ်။ ၂၁ ပုရောဟိတ်တွေက အတွင်းရင်ပြင်ထဲ ဝင်တဲ့အခါ စပျစ်ဝိုင် မသောက်ရဘူး။+ ၂၂ မုဆိုးမကိုဖြစ်စေ၊ တစ်ခုလပ်ကိုဖြစ်စေ မယူရဘူး။+ အစ္စရေးအမျိုးထဲက အပျိုစင်ကိုဖြစ်စေ၊ ပုရောဟိတ်နဲ့ အိမ်ထောင်ပြုဖူးတဲ့ မုဆိုးမကိုဖြစ်စေ လက်ထပ်နိုင်တယ်။’+
၂၃ “‘သူတို့က ငါ့လူတွေကို သန့်ရှင်းမြင့်မြတ်တဲ့အရာနဲ့ သာမန်အရာကို ခွဲခြားသိအောင် သွန်သင်ပေးရမယ်။ မသန့်ရှင်းတဲ့အရာနဲ့ သန့်ရှင်းတဲ့အရာကို ခွဲခြားသိအောင် သင်ပေးရမယ်။+ ၂၄ သူတို့က တရားရေးကိစ္စတွေကို စီရင်ဆုံးဖြတ်တဲ့အခါ ကြီးကြပ်ပေးရမယ်။+ ငါ့တရားစီရင်ချက်တွေနဲ့အညီ စီရင်ပေးရမယ်။+ ပွဲတော်တွေနဲ့ပတ်သက်တဲ့ ပညတ်ဥပဒေတွေကို လိုက်နာရမယ်။+ ဥပုသ်နေ့တွေကို မြင့်မြတ်တဲ့နေ့အဖြစ် စောင့်ထိန်းရမယ်။ ၂၅ လူသေအလောင်းနား မသွားရဘူး။ သွားရင် မသန့်မရှင်း ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ မိဘ၊ သားသမီး၊ ညီအစ်ကို ဒါမှမဟုတ် အပျိုစင်ညီအစ်မအတွက်တော့ ကိုယ်ကို ညစ်ညူးစေနိုင်တယ်။+ ၂၆ အဲဒီပုရောဟိတ်က သန့်စင်သွားအောင် လုပ်ပြီးတဲ့နောက် ခုနစ်ရက်စောင့်ပြီးမှ ပြန်အမှုဆောင်ရမယ်။ ၂၇ သူက သန့်ရှင်းရာအရပ်မှာ အမှုဆောင်ဖို့ အတွင်းရင်ပြင်ထဲ၊ သန့်ရှင်းရာအရပ်ထဲ ဝင်လာတဲ့နေ့မှာ အပြစ်ဖြေရာအလှူကို ဆက်သရမယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။
၂၈ “‘သူတို့ရမယ့် အမွေကတော့– ငါဟာ သူတို့ရဲ့အမွေပဲ။+ ငါဟာ သူတို့ရဲ့ ပိုင်ဆိုင်ရာဖြစ်တဲ့အတွက် အစ္စရေးပြည်မှာ သူတို့ကို ဘာမှ အပိုင်မပေးရဘူး။ ၂၉ ကောက်နှံအလှူ၊+ အပြစ်ဖြေရာအလှူ၊ ဒုစရိုက်ဖြေရာအလှူတွေကို သူတို့စားရမယ်။+ အစ္စရေးပြည်မှာ အပြီးအပိုင် ဆက်ကပ်တဲ့အရာမှန်သမျှ သူတို့ဥစ္စာ ဖြစ်လိမ့်မယ်။+ ၃၀ မင်းတို့ပေးတဲ့ အကောင်းဆုံး သီးဦးသီးဖျားအမှည့်တွေနဲ့ အလှူအမျိုးမျိုးကို ပုရောဟိတ်တွေ ရလိမ့်မယ်။+ သီးဦးသီးဖျား ဂျုံကြမ်းကို ပုရောဟိတ်ဆီ ပေးရမယ်။+ ဒါဆိုရင် မင်းတို့ရဲ့ အိမ်သားတွေအပေါ် ကောင်းချီးသက်ရောက်လိမ့်မယ်။+ ၃၁ ငှက်ဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အလိုလိုသေတဲ့အကောင် ဒါမှမဟုတ် သားရဲကိုက်သတ်ထားတဲ့ အကောင်ကို ပုရောဟိတ်တွေ မစားရဘူး။’+
၄၅ “‘မင်းတို့က တိုင်းပြည်ကို အမွေအဖြစ် ခွဲဝေတဲ့အခါ+ ပြည်ထဲက သန့်ရှင်းတဲ့ မြေကွက်တစ်ကွက်ကို ယေဟောဝါအတွက် အလှူအဖြစ် ပေးလှူရမယ်။+ အဲဒီမြေကွက်က အလျားအတောင်* ၂၅,၀၀၀၊ အနံ အတောင် ၁၀,၀၀၀ ရှိရမယ်။+ အဲဒီမြေတစ်ကွက်လုံးဟာ သန့်ရှင်းတဲ့မြေကွက်ပဲ။ ၂ အဲဒီမြေကွက်ထဲမှာ ဗိမာန်တော်နေရာအတွက် အလျားအတောင် ၅၀၀၊ အနံအတောင် ၅၀၀ ရှိတဲ့ စတုရန်းပုံ မြေကွက်တစ်ကွက် ရှိရမယ်။+ အဲဒီမြေကွက်ပတ်လည်မှာ အတောင် ၅၀ ကျယ်တဲ့ စားကျက်မြေ ရှိရမယ်။+ ၃ အလျား ၂၅,၀၀၀၊ အနံ ၁၀,၀၀၀ ရှိတဲ့ မြေကွက်ကို မင်း တိုင်းရမယ်။ အဲဒီမြေကွက်ထဲမှာ အသန့်ရှင်းဆုံး ဗိမာန်တော်ရှိလိမ့်မယ်။ ၄ အဲဒီမြေကွက်ဟာ ယေဟောဝါအတွက် အမှုဆောင်ဖို့ လာတဲ့၊ သန့်ရှင်းရာဌာနတော်မှာ အမှုဆောင်ရတဲ့+ ပုရောဟိတ်တွေအတွက် သန့်ရှင်းတဲ့ မြေကွက်ပဲ။+ အဲဒီမှာ သူတို့ရဲ့နေအိမ်တွေရော ဗိမာန်တော်အတွက် သန့်ရှင်းတဲ့မြေနေရာပါ ရှိမယ်။
၅ “‘ဗိမာန်တော်မှာ အမှုဆောင်ရတဲ့ လေဝိအမျိုးသားတွေအတွက်လည်း အလျား အတောင် ၂၅,၀၀၀၊ အနံ အတောင် ၁၀,၀၀၀ ကျယ်တဲ့+ မြေကွက် ရှိရမယ်။ သူတို့ပိုင်တဲ့ စားသောက်ခန်း ၂၀ ရှိရမယ်။+
၆ “‘မင်းတို့က (သန့်ရှင်းတဲ့ အလှူမြေကွက်ရဲ့ အလျားနဲ့တူတဲ့) အလျား အတောင် ၂၅,၀၀၀၊ အနံ အတောင် ၅,၀၀၀ ရှိတဲ့ မြေနေရာကို မြို့တော်အတွက် ပေးရမယ်။+ အဲဒါကို အစ္စရေးတစ်မျိုးလုံး ပိုင်လိမ့်မယ်။
၇ “‘သန့်ရှင်းတဲ့ အလှူမြေကွက်ရဲ့ ဘေးနှစ်ဖက်နဲ့ မြို့တော်အတွက် ခွဲဝေထားတဲ့ မြေနေရာရဲ့ ဘေးနှစ်ဖက်မှာ အကြီးအမှူးအတွက် မြေနေရာ ရှိရမယ်။ အဲဒီမြေနေရာက သန့်ရှင်းတဲ့အလှူမြေကွက်နဲ့ မြို့တော်နေရာရဲ့ဘေးမှာ တည်ရှိပြီး အနောက်ဘက်ခြမ်းမှာရော အရှေ့ဘက်ခြမ်းမှာပါ ရှိလိမ့်မယ်။ အနောက်ဘက် နယ်နိမိတ်ကနေ အရှေ့ဘက် နယ်နိမိတ်အထိ အလျားဟာ မျိုးနွယ်တွေရတဲ့ မြေကွက်တစ်ကွက်ရဲ့ အလျားနဲ့ တူလိမ့်မယ်။+ ၈ အစ္စရေးပြည်မှာ ဒီမြေကို အကြီးအမှူး ပိုင်ရလိမ့်မယ်။ ငါခန့်ထားတဲ့ အကြီးအမှူးတွေဟာ ငါ့လူတွေကို အနိုင်ကျင့်တော့မှာ မဟုတ်ဘူး။+ အစ္စရေးတွေကို မျိုးနွယ်အလိုက် မြေတွေ ခွဲဝေပေးလိမ့်မယ်။’+
၉ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အစ္စရေးအကြီးအမှူးတို့၊ မင်းတို့လုပ်ရပ်ဟာ လွန်လွန်းနေပြီ။’
“‘အကြမ်းဖက်တာ၊ ဖိနှိပ်တာတွေကို ရပ်တန်းက ရပ်လိုက်ပါတော့။ ဖြောင့်မတ်မှန်ကန်ရာကို လုပ်ကြ။+ ငါ့လူတွေရဲ့မြေကို မသိမ်းကြနဲ့တော့။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။ ၁၀ ‘တိကျတဲ့ချိန်ခွင်၊ တိကျတဲ့ဧဖာ၊* တိကျတဲ့ဗတ်* သုံးရမယ်။+ ၁၁ ဧဖာနဲ့ ဗတ်အခြင်အတွယ်ကို ပုံသေသတ်မှတ်ရမယ်။ တစ်ဗတ်မှာ တစ်ဟောမဲရဲ့* ဆယ်ပုံတစ်ပုံ ရှိရမယ်။ တစ်ဧဖာမှာလည်း တစ်ဟောမဲရဲ့ ဆယ်ပုံတစ်ပုံ ရှိရမယ်။ ဟောမဲကို စံအလေးချိန်အဖြစ် သတ်မှတ်ရမယ်။ ၁၂ တစ်ရှယ်ကယ်မှာ*+ ဂေရ* ၂၀ ရှိရမယ်။ တစ်မာနေမှာ* ရှယ်ကယ် ၆၀ ရှိရမယ်။’
၁၃ “‘မင်းတို့ဆက်သရမယ့် အလှူကတော့– ဂျုံတစ်ဟောမဲဆိုရင် တစ်ဧဖာရဲ့ ခြောက်ပုံတစ်ပုံ ပေးရမယ်။ မုယောစပါး တစ်ဟောမဲဆိုရင် တစ်ဧဖာရဲ့ ခြောက်ပုံတစ်ပုံ ပေးရမယ်။ ၁၄ ဆီကိုတော့ ဗတ်အခြင်အတွယ်အတိုင်း ပေးလှူရမယ်။ တစ်ဗတ်ဟာ တစ်ကောရရဲ့* ဆယ်ပုံတစ်ပုံ ရှိတယ်။ ဆယ်ဗတ်ဟာ တစ်ဟောမဲ ရှိတယ်၊ တစ်ဟောမဲနဲ့ ညီတယ်။ ၁၅ အစ္စရေးပြည်မှာရှိတဲ့ သိုးအုပ်ထဲမှာ သိုးအကောင် ၂၀၀ ရှိရင် တစ်ကောင် ပေးရမယ်။ လူတွေအတွက် အပြစ်ဖြေပေးဖို့+ ကောက်နှံအလှူ၊+ အကုန်အစင် မီးရှို့ရာအလှူ၊+ မိတ်သဟာယ ပူဇော်သက္ကာတွေ+ ဆက်သတဲ့အခါ အဲဒါတွေကို သုံးရမယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၁၆ “‘ပြည်သူပြည်သားတွေက ဒီအလှူကို+ အစ္စရေးပြည်မှာရှိတဲ့အကြီးအမှူးဆီ ပေးရမယ်။ ၁၇ အကြီးအမှူးက ပွဲနေ့တွေ၊+ လဆန်းနေ့တွေ၊ ဥပုသ်နေ့တွေ၊+ အစ္စရေးအမျိုး ကျင်းပရမယ့် ပွဲတော်တွေမှာ+ ပူဇော်တဲ့ အကုန်အစင်မီးရှို့ရာအလှူ၊+ ကောက်နှံအလှူ၊+ သွန်းလောင်းရာအလှူတွေအတွက် တာဝန်ယူရမယ်။ အစ္စရေးအမျိုးအတွက် အပြစ်ဖြေပေးဖို့ ဆက်သတဲ့ အပြစ်ဖြေရာအလှူ၊ ကောက်နှံအလှူ၊ အကုန်အစင် မီးရှို့ရာအလှူ၊ မိတ်သဟာယ ပူဇော်သက္ကာကို ပြင်ဆင်ပေးရမယ်။’
၁၈ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘တစ်လပိုင်း၊ တစ်ရက်နေ့မှာ မင်းက တိရစ္ဆာန်အုပ်ထဲကနေ အနာအဆာမရှိတဲ့ နွားထီးပျိုတစ်ကောင်ကို ယူပြီး သန့်ရှင်းရာဌာနတော်ကို အပြစ်စင်ကြယ်စေရမယ်။+ ၁၉ ပုရောဟိတ်က အပြစ်ဖြေရာအလှူရဲ့ သွေးတချို့ကို ယူပြီး ဗိမာန်တော်တံခါးတိုင်ပေါ်မှာ၊+ ပူဇော်ရာပလ္လင်မှာရှိတဲ့ အဆင့်တွေရဲ့ ထောင့်လေးထောင့်မှာ၊ အတွင်းတံတိုင်းရဲ့ တံခါးတိုင်ပေါ်မှာ သုတ်ရမယ်။ ၂၀ ခုနစ်ရက်မြောက်နေ့မှာတော့ မတော်တဆ အပြစ်လုပ်မိသူ ဒါမှမဟုတ် မသိလို့ အပြစ်လုပ်မိသူအတွက် အဲဒီလိုလုပ်ပေးရမယ်။+ အဲဒီနောက် ဗိမာန်တော်အတွက် အပြစ်ဖြေပေးရမယ်။+
၂၁ “‘တစ်လပိုင်း၊ ၁၄ ရက်နေ့ ရောက်တဲ့အခါ ပသခါပွဲကို*+ မင်းတို့ ကျင်းပရမယ်။ တဆေးမဲ့မုန့်ကို ခုနစ်ရက်ပတ်လုံး စားရမယ်။+ ၂၂ အဲဒီနေ့မှာ အကြီးအမှူးက ကိုယ်တိုင်နဲ့ ပြည်သားတွေအတွက် အပြစ်ဖြေရာအလှူအဖြစ် နွားထီးပျိုတစ်ကောင်ကို ပြင်ဆင်ရမယ်။+ ၂၃ ယေဟောဝါအတွက် အကုန်အစင် မီးရှို့ရာအလှူအဖြစ် အနာအဆာမရှိတဲ့ နွားထီးပျိုခုနစ်ကောင်၊ အနာအဆာမရှိတဲ့ သိုးထီးခုနစ်ကောင်၊ အပြစ်ဖြေရာအလှူအဖြစ် ဆိတ်ထီးတစ်ကောင်ကို ပွဲတော်ခုနစ်ရက်ပတ်လုံး+ နေ့တိုင်း သူပြင်ဆင်ရမယ်။ ၂၄ ကောက်နှံအလှူအဖြစ် နွားထီးပျို တစ်ကောင်စီအတွက် ကောက်နှံမှုန့် တစ်ဧဖာ၊ သိုးထီးတစ်ကောင်စီအတွက် ကောက်နှံမှုန့် တစ်ဧဖာ၊ ကောက်နှံမှုန့် တစ်ဧဖာစီအတွက် ဆီတစ်ဟိန်* ပြင်ဆင်ရမယ်။
၂၅ “‘ခုနစ်လပိုင်း၊ ၁၅ ရက်နေ့မှာ စတင်မယ့် ပွဲတော်အတွက် အပြစ်ဖြေရာအလှူ၊ အကုန်အစင် မီးရှို့ရာအလှူ၊ ကောက်နှံအလှူနဲ့ ဆီကို ခုနစ်ရက်ပတ်လုံး အရင်အတိုင်း သူပြင်ဆင်ရမယ်။’”+
၄၆ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အရှေ့ဘက်ကို မျက်နှာမူထားတဲ့အတွင်းတံတိုင်းတံခါးကို+ အလုပ်လုပ်ရက် ခြောက်ရက်ပတ်လုံး+ ပိတ်ထားရမယ်။+ ဥပုသ်နေ့နဲ့ လဆန်းနေ့မှာတော့ ဖွင့်ထားရမယ်။ ၂ အကြီးအမှူးက အပြင်ကနေ အဲဒီတံခါးရဲ့ မုခ်ဦးထဲ ဝင်လာပြီး+ တံခါးတိုင်နားမှာ ရပ်ရမယ်။ ပုရောဟိတ်တွေက သူပေးတဲ့ အကုန်အစင် မီးရှို့ရာအလှူနဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေကို ပူဇော်ပေးလိမ့်မယ်။ အကြီးအမှူးက တံခါးခုံမှာ ဦးညွှတ်ပြီးတဲ့နောက် ထွက်သွားရမယ်။ တံခါးကို ညဦးပိုင်းအထိ ဖွင့်ထားရမယ်။ ၃ ပြည်သူပြည်သားတွေလည်း ဥပုသ်နေ့နဲ့ လဆန်းနေ့ရောက်ရင် အဲဒီတံခါးပေါက်မှာ ယေဟောဝါရှေ့ လာဦးညွှတ်ရမယ်။+
၄ “‘ဥပုသ်နေ့မှာ အကြီးအမှူးကအကုန်အစင် မီးရှို့ရာအလှူကို ယေဟောဝါဆီ ဆက်သတဲ့အခါ အနာအဆာမရှိတဲ့ သိုးသငယ်အထီး ခြောက်ကောင်နဲ့ အနာအဆာမရှိတဲ့ သိုးထီးတစ်ကောင် ပါရမယ်။+ ၅ ကောက်နှံအလှူအဖြစ် သိုးထီးအတွက် ကောက်နှံမှုန့် တစ်ဧဖာ၊* သိုးသငယ်အထီးတွေအတွက် သူတတ်နိုင်တာကို ပေးရမယ်။ ကောက်နှံမှုန့် တစ်ဧဖာစီအတွက် ဆီတစ်ဟိန်* ပါရမယ်။+ ၆ လဆန်းနေ့မှာ တိရစ္ဆာန်အုပ်ထဲက အနာအဆာမရှိတဲ့ နွားထီးပျိုတစ်ကောင်၊ သိုးသငယ်အထီး ခြောက်ကောင်၊ သိုးထီးတစ်ကောင်ကို ပူဇော်ရမယ်။ အဲဒီအကောင်တွေဟာ အနာရောဂါကင်းရမယ်။+ ၇ ကောက်နှံအလှူအဖြစ် နွားထီးပျိုအတွက် ကောက်နှံမှုန့် တစ်ဧဖာ၊ သိုးထီးအတွက် ကောက်နှံမှုန့် တစ်ဧဖာ၊ သိုးသငယ်အထီးတွေအတွက် သူတတ်နိုင်တာကို ဆက်သမယ်။ ကောက်နှံမှုန့် တစ်ဧဖာစီအတွက် ဆီတစ်ဟိန် ပါရမယ်။
၈ “‘အကြီးအမှူးက တံခါးမုခ်ဦးကို ဖြတ်ပြီး ဝင်လာရမယ်။ အဲဒီအတိုင်း ပြန်ထွက်သွားရမယ်။+ ၉ ပြည်သူပြည်သားတွေက ပွဲတော်အတွင်းမှာ ယေဟောဝါကို ကိုးကွယ်ဖို့ လာတဲ့အခါ+ မြောက်ဘက်တံခါးကနေ ဝင်လာရင်+ တောင်ဘက်တံခါးကနေ ပြန်ထွက်သွားရမယ်။+ တောင်ဘက်တံခါးကနေ ဝင်လာရင် မြောက်ဘက်တံခါးကနေ ပြန်ထွက်သွားရမယ်။ ဝင်လာတဲ့တံခါးကနေ ပြန်မထွက်သွားရဘူး။ ဝင်လာတဲ့တံခါးရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ တံခါးကနေပဲ ပြန်ထွက်သွားရမယ်။ ၁၀ သူတို့ရဲ့အကြီးအမှူးက သူတို့ဝင်လာတဲ့အခါ ဝင်လာပြီး သူတို့ထွက်သွားတဲ့အခါ ပြန်ထွက်သွားရမယ်။ ၁၁ ပွဲတော်တွေနဲ့ ပွဲတော်ရာသီတွေမှာ ကောက်နှံအလှူအဖြစ် နွားထီးပျိုအတွက် ကောက်နှံမှုန့် တစ်ဧဖာ၊ သိုးထီးအတွက် ကောက်နှံမှုန့် တစ်ဧဖာ၊ သိုးသငယ်အထီးတွေအတွက် သူတတ်နိုင်တာကို ပေးရမယ်။ ကောက်နှံမှုန့် တစ်ဧဖာစီအတွက် ဆီတစ်ဟိန် ပါရမယ်။+
၁၂ “‘အကြီးအမှူးက အကုန်အစင် မီးရှို့ရာအလှူ+ ဒါမှမဟုတ် မိတ်သဟာယ ပူဇော်သက္ကာတွေကို ယေဟောဝါဆီ စေတနာအလျောက်ပေးတဲ့ အလှူအဖြစ် ပြင်ဆင်မယ်ဆိုရင် အရှေ့ဘက် မျက်နှာမူထားတဲ့ တံခါးကို သူ့အတွက် ဖွင့်ထားရမယ်။ သူက အကုန်အစင် မီးရှို့ရာအလှူနဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေကို ဥပုသ်နေ့မှာ ပြင်ဆင်သလို ပြင်ဆင်ရမယ်။+ သူထွက်သွားပြီးတဲ့နောက် တံခါးကို ပြန်ပိတ်ရမယ်။+
၁၃ “‘အနာအဆာမရှိတဲ့ တစ်နှစ်သားအရွယ် သိုးသငယ်အထီးတစ်ကောင်ကို အကုန်အစင် မီးရှို့ရာအလှူအဖြစ် ယေဟောဝါဆီ ပူဇော်ဖို့ နေ့တိုင်း ပြင်ဆင်ရမယ်။+ မနက်တိုင်း အဲဒီလို လုပ်ရမယ်။ ၁၄ အဲဒီသိုးသငယ်အထီးနဲ့အတူ ကောက်နှံအလှူအဖြစ် ကောက်နှံမှုန့် တစ်ဧဖာရဲ့ ခြောက်ပုံတစ်ပုံ၊ ယေဟောဝါဆီ ပူဇော်တဲ့ ပုံမှန်ကောက်နှံအလှူအဖြစ် ဂျုံနုအပေါ် ဖျန်းဖို့ ဆီတစ်ဟိန်ရဲ့ သုံးပုံတစ်ပုံကိုလည်း မနက်တိုင်း ပြင်ဆင်ရမယ်။ ဒါဟာ အမြဲလိုက်နာရမယ့် ဥပဒေပဲ။ ၁၅ သိုးသငယ်အထီး၊ ကောက်နှံအလှူနဲ့ ဆီကို ပုံမှန်ပူဇော်ရမယ့် အကုန်အစင် မီးရှို့ရာအလှူအဖြစ် မနက်တိုင်း ပြင်ဆင်ရမယ်။’
၁၆ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အကြီးအမှူးက သားတွေကို အမွေမြေ လက်ဆောင်ပေးမယ်ဆိုရင် အဲဒီမြေဟာ သားတွေရဲ့ပိုင်ဆိုင်ရာ ဖြစ်လာမယ်။ ဒါဟာ သူတို့ပိုင်ဆိုင်တဲ့ အမွေပဲ။ ၁၇ ဒါပေမဲ့ အကြီးအမှူးက သူ့အမွေမြေထဲကနေ ကျွန်ကို လက်ဆောင်ပေးမယ်ဆိုရင်တော့ ကျွန်က အဲဒီမြေကို လွတ်လပ်ခွင့်ရတဲ့နှစ်* အထိပဲ ပိုင်ဆိုင်ရမယ်။+ ပြီးရင် အကြီးအမှူးကို ပြန်အပ်ရမယ်။ အကြီးအမှူးရဲ့သားတွေကပဲ အမွေမြေကို ထာဝစဉ် ပိုင်ဆိုင်ရမယ်။ ၁၈ အကြီးအမှူးက လူတွေကို အတင်းမောင်းထုတ်ပြီး သူတို့ရဲ့အမွေမြေကို မသိမ်းရဘူး။ သူပိုင်တဲ့မြေထဲကပဲ သားတွေကို အမွေပေးရမယ်။ ဒါမှ ငါ့လူတွေက ကိုယ်ပိုင်မြေကနေ နှင်ထုတ်မခံရတော့မှာ။’”
၁၉ နောက်တော့ အဲဒီလူက ပုရောဟိတ်တွေရဲ့ သန့်ရှင်းတဲ့ စားသောက်ခန်းတွေဆီ သွားတဲ့ တံခါးဘေးက အဝင်လမ်းအတိုင်း+ ကျွန်တော့်ကို ခေါ်လာတယ်။ စားသောက်ခန်းတွေက မြောက်ဘက်ကို မျက်နှာမူထားတယ်။+ အနောက်ဘက်မှာ နေရာတစ်ခုရှိနေတာ တွေ့လိုက်ရတယ်။ ၂၀ ပြီးတော့ သူက ကျွန်တော့်ကို “ပုရောဟိတ်တွေက ဒီနေရာမှာ ဒုစရိုက်ဖြေရာအလှူနဲ့ အပြစ်ဖြေရာအလှူတွေကို ပြုတ်ပြီး ကောက်နှံအလှူကို ဖုတ်ရမယ်။+ သူတို့က အပြင်ရင်ပြင်ကို ဘာမှ မသယ်သွားရဘူး။ သယ်သွားရင် လူတွေဆီ သန့်ရှင်းမြင့်မြတ်မှု ကူးစက်သွားလိမ့်မယ်”+ လို့ပြောတယ်။
၂၁ အဲဒီနောက် သူက ကျွန်တော့်ကို အပြင်ရင်ပြင်ဆီ ခေါ်သွားပြီး ရင်ပြင်ထောင့်လေးထောင့်ကို ဖြတ်ခိုင်းတယ်။ အပြင်ရင်ပြင် ထောင့်တစ်ထောင့်စီမှာ ရင်ပြင်တစ်ခုစီ ရှိတာကို တွေ့လိုက်ရတယ်။ ၂၂ ရင်ပြင်ထောင့်လေးထောင့်မှာ အလျားအတောင်* ၄၀၊ အနံအတောင် ၃၀ ရှိတဲ့ ရင်ပြင်ငယ်တွေ ရှိတယ်။ ရင်ပြင်ငယ် လေးခုစလုံး အရွယ်အစား တူတယ်။ ၂၃ ရင်ပြင်ငယ် လေးခုပတ်လည်မှာ စင်တွေ တပ်ထားတယ်။ အဲဒီစင်တွေအောက်မှာ အသားပြုတ်တဲ့နေရာ လုပ်ထားတယ်။ ၂၄ “ဗိမာန်တော်မှာ အမှုဆောင်သူတွေက လူတွေဆက်သတဲ့ ပူဇော်သက္ကာတွေကို ဒီနေရာမှာ ပြုတ်ရမယ်”+ ဆိုပြီး ကျွန်တော့်ကို သူပြောတယ်။
၄၇ အဲဒီနောက် သူက ကျွန်တော့်ကို ဗိမာန်တော် ဝင်ပေါက်ဆီ ပြန်ခေါ်သွားတယ်။+ ဗိမာန်တော် တံခါးခုံအောက်ကနေ အရှေ့ဘက်ကို ရေတွေ စီးဆင်းနေတာ တွေ့လိုက်ရတယ်။+ ဗိမာန်တော် မျက်နှာစာက အရှေ့ဘက်ကို မျက်နှာမူထားတယ်။ ဗိမာန်တော် ညာဘက်ခြမ်း အောက်ကနေ၊ ပူဇော်ရာပလ္လင်ရဲ့ တောင်ဘက်ခြမ်းကနေ ရေတွေ စီးဆင်းနေတယ်။
၂ အဲဒီနောက် ကျွန်တော့်ကို မြောက်ဘက်တံခါးကနေ+ အပြင်ဘက်ဆီ ခေါ်လာပြီး အရှေ့ဘက် မျက်နှာမူထားတဲ့ အပြင်ဘက်တံခါးဆီ ခေါ်သွားတယ်။+ တံခါးရဲ့ ညာဘက်ခြမ်းကနေ ရေတွေ စီးထွက်လာတာကို တွေ့လိုက်ရတယ်။
၃ အဲဒီလူက တိုင်းကြိုးကို ကိုင်ပြီး အရှေ့ဘက် ထွက်သွားတယ်။+ အတောင်* ၁,၀၀၀ တိုင်းပြီးတဲ့နောက် ကျွန်တော့်ကို ရေထဲ ဖြတ်လျှောက်ခိုင်းတယ်။ ရေက ခြေချင်းဝတ်အထိ ရှိတယ်။
၄ နောက်ထပ် အတောင် ၁,၀၀၀ တိုင်းပြီးတဲ့နောက် ကျွန်တော့်ကို ရေထဲ ဖြတ်လျှောက်ခိုင်းပြန်တယ်။ ရေက ဒူးအထိ ရှိတယ်။
နောက်ထပ် အတောင် ၁,၀၀၀ တိုင်းပြီးတဲ့နောက် ရေထဲ ဖြတ်လျှောက်ခိုင်းပြန်တယ်။ ရေက တင်ပါးအထိ ရှိတယ်။
၅ နောက်ထပ် အတောင် ၁,၀၀၀ ကို သူတိုင်းတဲ့အခါ မြစ်ရေနက်လာတော့ ကျွန်တော် ဖြတ်လျှောက်လို့ မရတော့ဘူး။ ရေနက်လွန်းလို့ ခြေကျင်ဖြတ်လျှောက်လို့ မရနိုင်ဘဲ ရေကူးသွားရတဲ့အထိ ဖြစ်လာတယ်။
၆ သူက “လူသား၊ ဒါကို မြင်သလား” လို့မေးတယ်။
ပြီးတော့ ကျွန်တော့်ကို မြစ်ကမ်းဘေးဆီ ပြန်လျှောက်လာခိုင်းတယ်။ ၇ ကျွန်တော် ပြန်လျှောက်လာတဲ့အခါ မြစ်ကမ်းနှစ်ဖက်စလုံးမှာ သစ်ပင်တွေ အများကြီး ပေါက်နေတာကို တွေ့လိုက်ရတယ်။+ ၈ အဲဒီနောက် သူပြောတာက– “ဒီမြစ်ရေဟာ အရှေ့ဘက်ကို စီးဆင်းတယ်။ အရာဗာအရပ်*+ ကိုဖြတ်ပြီး ပင်လယ်ထဲ* စီးဝင်တယ်။ အဲဒီလိုစီးဝင်သွားတဲ့အခါ+ ပင်လယ်ရေဟာ ရေချိုဖြစ်သွားလိမ့်မယ်။ ၉ ရေစီးဆင်းသွားတဲ့ နေရာတိုင်းမှာ အုံဖွဲ့နေတတ်တဲ့ သတ္တဝါလေးတွေ ရှင်သန်နိုင်လိမ့်မယ်။ ရေစီးဝင်သွားတဲ့အတွက် ပင်လယ်ထဲမှာ ငါးတွေ အများကြီး ရှိလိမ့်မယ်။ ပင်လယ်ရေဟာ ရေချိုဖြစ်သွားပြီး ရေစီးဝင်တဲ့ နေရာတိုင်းမှာ အရာအားလုံး ရှင်သန်လာလိမ့်မယ်။
၁၀ “အင်ဂေဒိမြို့ကနေ+ ဧနေဂလိမ်အရပ်အထိ ပင်လယ်ကမ်းတစ်လျှောက် တံငါသည်တွေ ရှိနေလိမ့်မယ်။ အဲဒီမှာ ဆွဲပိုက်တွေ လှန်းကြလိမ့်မယ်။ ပင်လယ်ကြီး*+ ထဲမှာလိုပဲ အဲဒီမှာလည်း ငါးအမျိုးမျိုး ရှိနေလိမ့်မယ်။
၁၁ “အဲဒီမှာ ရွှံ့နွံတွေ၊ စိမ့်မြေတွေလည်း ရှိလိမ့်မယ်။ အဲဒီနေရာတွေမှာတော့ ရေချိုထွက်မှာ မဟုတ်ဘူး။ ဆားချက်ဖို့ပဲ ပစ်ထားခံရလိမ့်မယ်။+
၁၂ “မြစ်ကမ်းနှစ်ဖက်စလုံးမှာ သီးပင်စားပင်မျိုးစုံ ပေါက်လိမ့်မယ်။ အဲဒီအပင်တွေဟာ အရွက်ညှိုးနွမ်းမှာမဟုတ်ဘူး။ အသီးတွေ ပြတ်လပ်မှာ မဟုတ်ဘူး။ သန့်ရှင်းရာဌာနတော်ကနေ စီးဆင်းလာတဲ့ရေကို ရတဲ့အတွက် အပင်တွေဟာ လတိုင်း အသီးသီးလိမ့်မယ်။+ အသီးတွေက စားဖို့၊ အရွက်တွေက အနာရောဂါ ပျောက်ကင်းစေဖို့ ဖြစ်လိမ့်မယ်။”+
၁၃ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “မင်းတို့အစ္စရေး ၁၂ နွယ်က ဒီနယ်မြေကို အမွေမြေအဖြစ် ခွဲဝေယူရမယ်။ ယောသပ်က မြေနှစ်ကွက် ရလိမ့်မယ်။+ ၁၄ ဒီပြည်ကို မင်းတို့ အမွေရလိမ့်မယ်။ ယောက်တိုင်း ဝေစုကို အညီအမျှ ရလိမ့်မယ်။ မင်းတို့ရဲ့ဘိုးဘေးတွေကို ဒီပြည်ပေးမယ်လို့ ငါကျိန်ဆိုခဲ့တယ်။+ အခု ဒီပြည်ကို မင်းတို့အတွက် အမွေအဖြစ် ခွဲဝေပေးမယ်။
၁၅ “ပြည်ရဲ့ မြောက်ဘက် နယ်နိမိတ်ကတော့ ဟေသလုန်အရပ်ကို+ သွားတဲ့လမ်းအတိုင်း ပင်လယ်ကြီးကနေ ဇေဒဒ်အရပ်အထိ၊+ ၁၆ ဟာမတ်မြို့၊+ ဗေရောသာမြို့၊+ ဒမတ်စကတ်နယ်မြေနဲ့ ဟာမတ်နယ်မြေကြားက သိဗရိမ်အရပ်၊ ဟောရန်နယ်စပ်မှာရှိတဲ့ ဟာဇာဟတိကုန်အရပ်အထိ ဖြစ်တယ်။+ ၁၇ ဒါကြောင့် နယ်နိမိတ်က ပင်လယ်ကနေ ဟာဇရေနန်အရပ်အထိ၊+ မြောက်ဘက် ဒမတ်စကတ်နယ်မြေ တစ်လျှောက်နဲ့ ဟာမတ်နယ်မြေအထိ ဖြစ်တယ်။+ ဒါဟာ မြောက်ဘက်နယ်နိမိတ်ပဲ။
၁၈ “အရှေ့ဘက် နယ်နိမိတ်ကတော့ ဟောရန်အရပ်နဲ့ ဒမတ်စကတ်မြို့ကြား တစ်လျှောက်လုံး၊ ဂိလဒ်ပြည်နဲ့+ အစ္စရေးပြည်ကြား ဂျော်ဒန်မြစ်တစ်လျှောက်လုံး ဖြစ်တယ်။ မြောက်ဘက်နယ်နိမိတ်ရဲ့ အဆုံးကနေ အရှေ့ဘက်ပင်လယ်* အထိ တိုင်းရမယ်။ ဒါဟာ အရှေ့ဘက်နယ်နိမိတ်ပဲ။
၁၉ “တောင်ဘက် နယ်နိမိတ်ကတော့ တာမာမြို့ကနေ မေရိဘ ကာဒေရှအရပ်က စမ်းရေအထိ၊+ အဲဒီကနေ သဲချောင်း* အထိ၊ ပင်လယ်ကြီးအထိ ဖြစ်တယ်။+ ဒါဟာ တောင်ဘက် နယ်နိမိတ်ပဲ။
၂၀ “အနောက်ဘက် နယ်နိမိတ်ကတော့ တောင်ဘက်နယ်နိမိတ် အဆုံးကနေ ဟာမတ်လမ်းဝရဲ့+ မျက်နှာချင်းဆိုင် နေရာအထိ ပင်လယ်ကြီးတစ်လျှောက် ဖြစ်တယ်။ ဒါဟာ အနောက်ဘက် နယ်နိမိတ်ပဲ။”
၂၁ “မင်းတို့အစ္စရေး ၁၂ နွယ်က ဒီပြည်ကို ခွဲဝေယူရမယ်။ ၂၂ ဒီပြည်ကို အမွေအဖြစ် ခွဲဝေယူရမယ်။ မင်းတို့နဲ့အတူ နေထိုင်ရင်း သားသမီးတွေရလာတဲ့ တိုင်းတစ်ပါးသားတွေကိုလည်း ခွဲဝေပေးရမယ်။ သူတို့ကို ကိုယ့်ပြည်မှာမွေးတဲ့ အစ္စရေးတွေလိုပဲ သဘောထားရမယ်။ အစ္စရေးအနွယ်တွေနဲ့အတူ သူတို့အမွေရလိမ့်မယ်။ ၂၃ တိုင်းတစ်ပါးသားကို သူနေထိုင်တဲ့အနွယ်ရဲ့ နယ်မြေထဲမှာ အမွေပေးရမယ်။” ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၄၈ “မျိုးနွယ်တွေရဲ့ နာမည်တွေကို မြောက်ဘက်အစွန်ဆုံးကနေ စပြောရမယ်ဆိုရင်တော့– ဒန်ရမယ့်နယ်မြေက+ ဟေသလုန်အရပ်ကနေ ဟာမတ်လမ်းဝကိုသွားတဲ့+ လမ်းတစ်လျှောက်၊ အဲဒီကနေ ဟာဇရေနန်အရပ်အထိ၊ မြောက်ဘက် ဒမတ်စကတ်မြို့ နယ်စပ်တစ်လျှောက် ဟာမတ်မြို့နားအထိ+ ဖြစ်တယ်။ နယ်နိမိတ်ဟာ အရှေ့ဘက် နယ်စပ်ကနေ အနောက်ဘက် နယ်စပ်အထိ ရှည်တယ်။ ၂ ဒန်နယ်မြေရဲ့ တောင်ဘက်မှာ အာရှာနယ်မြေ+ ရှိတယ်။ နယ်နိမိတ်ဟာ အရှေ့ဘက် နယ်စပ်ကနေ အနောက်ဘက် နယ်စပ်အထိ ရှည်တယ်။ ၃ အာရှာနယ်မြေရဲ့ တောင်ဘက်မှာ နဿလိနယ်မြေ+ ရှိတယ်။ နယ်နိမိတ်ဟာ အရှေ့ဘက် နယ်စပ်ကနေ အနောက်ဘက် နယ်စပ်အထိ ရှည်တယ်။ ၄ နဿလိနယ်မြေရဲ့ တောင်ဘက်မှာ မနာရှေနယ်မြေ+ ရှိတယ်။ နယ်နိမိတ်ဟာ အရှေ့ဘက် နယ်စပ်ကနေ အနောက်ဘက် နယ်စပ်အထိ ရှည်တယ်။ ၅ မနာရှေနယ်မြေရဲ့ တောင်ဘက်မှာ ဧဖရိမ်နယ်မြေ+ ရှိတယ်။ နယ်နိမိတ်ဟာ အရှေ့ဘက်နယ်စပ်ကနေ အနောက်ဘက်နယ်စပ်အထိ ရှည်တယ်။ ၆ ဧဖရိမ်နယ်မြေရဲ့ တောင်ဘက်မှာ ရုဗင်နယ်မြေ+ ရှိတယ်။ နယ်နိမိတ်ဟာ အရှေ့ဘက် နယ်စပ်ကနေ အနောက်ဘက် နယ်စပ်အထိ ရှည်တယ်။ ၇ ရုဗင်နယ်မြေရဲ့ တောင်ဘက်မှာ ယုဒနယ်မြေ ရှိတယ်။+ နယ်နိမိတ်ဟာ အရှေ့ဘက် နယ်စပ်ကနေ အနောက်ဘက် နယ်စပ်အထိ ရှည်တယ်။ ၈ ယုဒနယ်မြေရဲ့ တောင်ဘက်၊ အရှေ့ဘက် နယ်စပ်ကနေအနောက်ဘက် နယ်စပ်အထိရှည်တဲ့ နယ်နိမိတ်ထဲမှာ အနံအတောင်* ၂၅,၀၀၀ ရှိတဲ့ အလှူမြေကို မင်းတို့ ဖယ်ထားရမယ်။+ အလှူမြေတစ်ခုလုံးက အရှေ့ဘက် နယ်စပ်ကနေ အနောက်ဘက် နယ်စပ်အထိ ရှည်ပြီး တခြားမျိုးနွယ်စုတွေရဲ့ နယ်မြေအလျားနဲ့ တူရမယ်။ အလှူမြေရဲ့အလယ်မှာ သန့်ရှင်းရာဌာနတော် ရှိရမယ်။
၉ “ယေဟောဝါအတွက် မင်းတို့ဖယ်ထားတဲ့ အလှူ မြေ ကွက်ဟာ အလျားအတောင် ၂၅,၀၀၀၊ အနံအတောင် ၁၀,၀၀၀ ရှိရမယ်။ ၁၀ ဒါဟာ ပုရောဟိတ်တွေအတွက် သန့်ရှင်းတဲ့အလှူမြေကွက် ဖြစ်ရမယ်။+ အဲဒီမြေကွက်က မြောက်ဘက်မှာ အလျားအတောင် ၂၅,၀၀၀၊ အနောက်ဘက်မှာ အနံ ၁၀,၀၀၀၊ အရှေ့ဘက်မှာ အနံ ၁၀,၀၀၀၊ တောင်ဘက်မှာ အလျား ၂၅,၀၀၀ ရှိရမယ်။ မြေကွက်ရဲ့အလယ်မှာ ယေဟောဝါရဲ့ သန့်ရှင်းရာဌာနတော် ရှိရမယ်။ ၁၁ ဒီမြေကွက်ဟာ ဘုရားအတွက် သီးသန့်ဖယ်ထားတဲ့ ပုရောဟိတ်တွေဖြစ်တဲ့ ဇာဒုတ်ရဲ့သားတွေအတွက်ပဲ။+ သူတို့က ရထားတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။ အစ္စရေးတွေနဲ့ လေဝိအမျိုးသားတွေ လမ်းလွဲခဲ့ပေမဲ့ သူတို့ကတော့ လမ်းမလွဲခဲ့ဘူး။+ ၁၂ အသန့်ရှင်းဆုံးအရာအဖြစ် သီးသန့်ဖယ်ထားတဲ့ အလှူမြေကွက်ထဲမှာ မြေကွက်တစ်ကွက်ကို သူတို့ ရလိမ့်မယ်။ အဲဒီမြေကွက်က လေဝိအမျိုးသားတွေရတဲ့ မြေကွက်ရဲ့နယ်စပ်မှာ ရှိလိမ့်မယ်။
၁၃ “ပုရောဟိတ်တွေရဲ့ မြေကွက်နဲ့ ကပ်လျက်မှာ အလျားအတောင် ၂၅,၀၀၀၊ အနံအတောင် ၁၀,၀၀၀ ရှိတဲ့ မြေကွက်ကို လေဝိအမျိုးသားတွေ ရလိမ့်မယ်။ (အဲဒီမြေကွက်က အလျားအတောင် ၂၅,၀၀၀၊ အနံအတောင် ၁၀,၀၀၀ ရှိရမယ်။) ၁၄ ဒီအကောင်းဆုံးမြေကွက်ကို သူတို့ မရောင်းရဘူး။ မလဲလှယ်ရဘူး။ မလွှဲပြောင်းပေးရဘူး။ ယေဟောဝါအတွက် သန့်ရှင်းတဲ့မြေကွက် ဖြစ်လို့ပဲ။
၁၅ “အနံ အတောင် ၅,၀၀၀ ရှိပြီး နယ်စပ်တစ်လျှောက် အလျား အတောင် ၂၅,၀၀၀ ရှိတဲ့ ကျန်မြေကွက်က မြို့သူမြို့သားတွေ အထွေထွေသုံးဖို့၊+ အိမ်ရာနဲ့ စားကျက်မြေအတွက် သုံးဖို့ ဖြစ်တယ်။ အဲဒီမြေကွက်အလယ်မှာ မြို့တော် ရှိရမယ်။+ ၁၆ မြို့တော်ရဲ့ အကျယ်အဝန်းကတော့ မြောက်ဘက်မှာ အတောင် ၄,၅၀၀၊ တောင်ဘက်မှာ အတောင် ၄,၅၀၀၊ အရှေ့ဘက်မှာ အတောင် ၄,၅၀၀၊ အနောက်ဘက်မှာ အတောင် ၄,၅၀၀ ရှိရမယ်။ ၁၇ မြို့တော်ရဲ့စားကျက်မြေက မြောက်ဘက်မှာ အတောင် ၂၅၀၊ တောင်ဘက်မှာ ၂၅၀၊ အရှေ့ဘက်မှာ ၂၅၀၊ အနောက်ဘက်မှာ ၂၅၀ ရှိရမယ်။
၁၈ “ကျန်မြေကွက်အလျားက သန့်ရှင်းတဲ့အလှူမြေကွက်ရဲ့ အလျားနဲ့ တူရမယ်။+ အရှေ့ဘက်မှာ အတောင် ၁၀,၀၀၀၊ အနောက်ဘက်မှာ အတောင် ၁၀,၀၀၀ ရှိလိမ့်မယ်။ အဲဒီမြေကွက်ရဲ့အလျားက သန့်ရှင်းတဲ့အလှူမြေကွက်ရဲ့ အလျားနဲ့ တူရမယ်။ အဲဒီကထွက်တဲ့ သီးနှံတွေကို မြို့တော်မှာ အလုပ်လုပ်တဲ့သူတွေ စားရမယ်။ ၁၉ အစ္စရေးမျိုးနွယ် အားလုံးထဲကနေ မြို့တော်မှာ လာအလုပ်လုပ်တဲ့သူတွေဟာ အဲဒီမြေကွက်မှာ ထွန်ယက်စိုက်ပျိုးကြလိမ့်မယ်။+
၂၀ “အလှူမြေကွက်တစ်ခုလုံးက အလျား အတောင် ၂၅,၀၀၀၊ အနံ အတောင် ၂၅,၀၀၀ ရှိတဲ့ စတုရန်းပုံ ဖြစ်တယ်။ မြို့တော်နေရာအပါအဝင် အဲဒီမြေကွက်တစ်ခုလုံးကို သန့်ရှင်းတဲ့ အလှူမြေကွက်အဖြစ် ဆက်ကပ်ရမယ်။
၂၁ “သန့်ရှင်းတဲ့ အလှူမြေကွက်နဲ့ မြို့တော်နေရာရဲ့ ဘေးနှစ်ဖက်စလုံးကို အကြီးအမှူးအတွက် နေရာပေးရမယ်။+ အဲဒါက အတောင် ၂၅,၀၀၀ ရှိတဲ့ အလှူမြေကွက်ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက် နယ်စပ်တစ်လျှောက်မှာ ရှိရမယ်။ ကပ်လျက်နယ်မြေတွေရဲ့ အလျားနဲ့ တူရမယ်။ ဒါဟာ အကြီးအမှူးအတွက်ပဲ။ သန့်ရှင်းတဲ့ အလှူမြေကွက်နဲ့ ဗိမာန်တော်ရဲ့ သန့်ရှင်းရာဌာနက အလယ်မှာ ရှိရမယ်။
၂၂ “လေဝိအမျိုးသားတွေရဲ့ မြေကွက်နဲ့ မြို့တော်နေရာက အကြီးအမှူးပိုင်တဲ့ နယ်မြေတွေကြားမှာ ရှိရမယ်။ အကြီးအမှူးရဲ့ နယ်မြေက ယုဒနယ်စပ်နဲ့+ ဗင်ယာမိန်နယ်စပ်ကြားမှာ ရှိရမယ်။
၂၃ “ကျန်တဲ့မျိုးနွယ်တွေထဲမှာ ဗင်ယာမိန်ရဲ့နယ်မြေဟာ အရှေ့ဘက် နယ်စပ်ကနေ အနောက်ဘက် နယ်စပ်အထိ ရှည်တယ်။+ ၂၄ ဗင်ယာမိန်နယ်မြေရဲ့ တောင်ဘက်မှာ ရှိမောင်နယ်မြေ ရှိတယ်။+ နယ်နိမိတ်ဟာ အရှေ့ဘက် နယ်စပ်ကနေ အနောက်ဘက် နယ်စပ်အထိ ရှည်တယ်။ ၂၅ ရှိမောင်နယ်မြေရဲ့ တောင်ဘက်မှာ အိသခါနယ်မြေ ရှိတယ်။+ နယ်နိမိတ်ဟာ အရှေ့ဘက် နယ်စပ်ကနေ အနောက်ဘက် နယ်စပ်အထိ ရှည်တယ်။ ၂၆ အိသခါနယ်မြေရဲ့ တောင်ဘက်မှာ ဇာဗုလုန်နယ်မြေ ရှိတယ်။+ နယ်နိမိတ်ဟာ အရှေ့ဘက် နယ်စပ်ကနေ အနောက်ဘက် နယ်စပ်အထိ ရှည်တယ်။+ ၂၇ ဇာဗုလုန်နယ်မြေရဲ့ တောင်ဘက်မှာ ဂဒ်ရဲ့နယ်မြေ ရှိတယ်။+ နယ်နိမိတ်ဟာ အရှေ့ဘက် နယ်စပ်ကနေ အနောက်ဘက် နယ်စပ်အထိ ရှည်တယ်။ ၂၈ ဂဒ်နယ်မြေရဲ့ တောင်ဘက်နယ်နိမိတ်က တာမာမြို့ကနေ+ မေရိဘကာဒေရှအရပ်က စမ်းရေအထိ၊+ သဲချောင်း*+ အထိ၊ ပင်လယ်ကြီး* အထိ ရှည်တယ်။
၂၉ “ဒါဟာ အစ္စရေးမျိုးနွယ်တွေ အမွေခွဲဝေယူရမယ့် ပြည်ပဲ။+ ဒီအမွေမြေတွေကို သူတို့ အပိုင်ရလိမ့်မယ်။”+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၃၀ “မြို့တော်ရဲ့ ထွက်ပေါက်တွေကတော့– မြောက်ဘက်ကို တိုင်းတဲ့အခါ အတောင် ၄,၅၀၀ ရှိရမယ်။+
၃၁ “မြို့တံခါးတွေကို အစ္စရေးမျိုးနွယ်အလိုက် နာမည်ပေးရမယ်။ မြောက်ဘက်မှာ တံခါးသုံးခု ရှိရမယ်။ ရုဗင်အတွက် တစ်ခု၊ ယုဒအတွက် တစ်ခု၊ လေဝိအတွက် တစ်ခု ရှိရမယ်။
၃၂ “အရှေ့ဘက်ကို တိုင်းတဲ့အခါ အတောင် ၄,၅၀၀ ရှိရမယ်။ အဲဒီမှာ ယောသပ်အတွက် တစ်ခု၊ ဗင်ယာမိန်အတွက် တစ်ခု၊ ဒန်အတွက် တစ်ခု၊ တံခါးသုံးခု ရှိရမယ်။
၃၃ “တောင်ဘက်ကို တိုင်းတဲ့အခါ အတောင် ၄,၅၀၀ ရှိရမယ်။ အဲဒီမှာ ရှိမောင်အတွက် တစ်ခု၊ အိသခါအတွက် တစ်ခု၊ ဇာဗုလုန်အတွက် တစ်ခု၊ တံခါးသုံးခု ရှိရမယ်။
၃၄ “အနောက်ဘက်ကို တိုင်းတဲ့အခါ အတောင် ၄,၅၀၀ ရှိရမယ်။ ဂဒ်အတွက် တစ်ခု၊ အာရှာအတွက် တစ်ခု၊ နဿလိအတွက် တစ်ခု၊ တံခါးသုံးခု ရှိရမယ်။
၃၅ “မြို့တော်ရဲ့ ပတ်လည်အတိုင်းအတာက အတောင် ၁၈,၀၀၀ ရှိရမယ်။ အဲဒီနေ့ကစပြီး မြို့တော်ဟာ ‘ယေဟောဝါ စံမြန်းရာမြို့’ လို့ နာမည်တွင်လိမ့်မယ်။”+
ယေဇကျေလရဲ့အသက်။
အဓိပ္ပာယ်၊ “ဘုရားသခင် ခွန်အားပေး။”
ဒါမှမဟုတ်၊ “လျှပ်စီး။”
ရွှေနဲ့ငွေရောစပ်ထားတဲ့ သတ္တုလိုမျိုး။
ဒီကျမ်းမှာပါတဲ့ “လူသား” ဆိုတဲ့အသုံးအနှုန်း ၉၃ ကြိမ်အနက် ဦးဆုံးအကြိမ်။
“သူတို့ဟာ ခေါင်းမာသူတွေ၊ ဆူးလိုထိုးတတ်သူတွေ ဖြစ်ပေမဲ့” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “သူသေရတာ မင်းမှာ တာဝန်ရှိတယ်။”
ဒါမှမဟုတ်၊ “သူသေရတာ မင်းမှာ တာဝန်ရှိတယ်။”
၂၃၀ ဂရမ် (၇.၃ အောင်စ) ခန့်။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
၀.၆ လီတာခန့်။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
မူရင်း၊ “မုန့်ချိတ်တံ။” မုန့်ကိုလျှိုပြီး သိမ်းဆည်းတဲ့ တုတ်တံ။
မူရင်း၊ “မုန့်ချိတ်တံ။” မုန့်ကိုလျှိုပြီး သိမ်းဆည်းတဲ့ တုတ်တံ။
မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်။
“ပန်းကုံး” လည်းဖြစ်နိုင်။
“ပန်းကုံး” လည်းဖြစ်နိုင်။
“သူတို့” လည်းဖြစ်နိုင်။
ကြောက်လို့ ဆီးထွက်ကျတာဖြစ်။
ခက်ဆစ်ကိုကြည့်။
ယေဟောဝါရဲ့ သန့်ရှင်းရာဌာနတော်ထဲက အတွင်းအကျဆုံးအခန်း ဖြစ်နိုင်။
ယေဇကျေလ ပြည်နှင်ခံရပြီး ၆ နှစ်။
ရွှေနဲ့ငွေရောစပ်ထားတဲ့ သတ္တုရောင်။
မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့ စကားလုံးနဲ့ဆက်စပ်။
ရုပ်တုကိုးကွယ်မှုမှာသုံးတဲ့ သစ်ခက်ဖြစ်နိုင်။
ဂျေရုဆလင်မြို့ကို ဆိုလို။ မြို့ထဲမှာနေရင် ကာကွယ်ခံရမယ်လို့ ဂျူးတွေ ယူဆကြ။
ဘုရားသခင့်လမ်းညွှန်ချက်ကို လက်ခံလွယ်တဲ့ နှလုံးသား။
မခိုင်တဲ့နံရံကို ခိုင်သယောင်ထင်ရအောင် ထုံးဖြူသုတ်တာဖြစ်။
တံတောင်ဆစ် ဒါမှမဟုတ် လက်ကောက်ဝတ်မှာချည်တဲ့ မှော်လက်ပတ်ကြိုး။
မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်။
မူရင်း၊ “မုန့်ချိတ်တံ။” မုန့်ကိုလျှိုပြီး သိမ်းဆည်းတဲ့ တုတ်တံ။
မူရင်း၊ “ခါနန်ပြည်။”
“မင်းကို ငါဒေါသထွက်လိုက်တာ” လည်းဖြစ်နိုင်။
မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်။
မြို့ငယ်တွေ ဖြစ်နိုင်။
မူရင်း၊ “ခါနန်ပြည်။”
ဇေဒကိ။
နေဗုခဒ်နေဇာ။
ခက်ဆစ် “အသက်” ကိုကြည့်။
ခက်ဆစ် “အသက်” ကိုကြည့်။
မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်။
ဒါမှမဟုတ်၊ “သူ့အသက်အတွက် သူပဲ တာဝန်ယူရမယ်။”
“မင်းတို့ရဲ့ စပျစ်ခြံထဲက စပျစ်ပင်နဲ့တူတယ်” လည်းဖြစ်နိုင်။
မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်။
မူရင်းမှာ ပြည့်တန်ဆာလုပ်တာနဲ့ တင်စားထားတယ်။
ကြောက်လို့ ဆီးထွက်ကျတာဖြစ်။
မူရင်း၊ “တေရပ်ရုပ်တု။”
မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်။
ရွှေငွေအရည်ကျိုတဲ့အခါ ထွက်လာတဲ့ အမှိုက်သရိုက်။
အဓိပ္ပာယ်၊ “သူ့ရဲ့တဲ။”
အဓိပ္ပာယ်၊ “သူ့ဆီမှာ ငါ့တဲရှိတယ်။”
မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်။
ဒါမှမဟုတ်၊ “မီးခိုးရောင်နဲ့ အနီရင့်ရောင်စပ်တဲ့ သိုးမွေးတွေ။”
“တင့်တယ်ခမ်းနားတယ်” လည်းဖြစ်နိုင်။
မူရင်း၊ “လေချွန်ကြလိမ့်မယ်။”
မူရင်း၊ “အစ္စရေးအမျိုးအတွက် ဦးချိုတစ်ချောင်း ပေါက်စေမယ်။”
အီဂျစ်ပြည်နဲ့ မဟာမိတ်ဖွဲ့တဲ့ အစ္စရေးတွေ ဖြစ်နိုင်။
မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်။
ဒါမှမဟုတ်၊ “မင်ဖိမြို့။”
သီးဘီးမြို့။
ဟီလီယိုပေါလိမြို့။
အကိုင်းအခက်ဖြာပြီး အခေါက်ကွာတတ်တဲ့ အပင်ကြီးတစ်မျိုး။
စစ်အခမ်းအနားနဲ့ သင်္ဂြိုဟ်တဲ့အခါ ဓားကို တစ်ပါတည်း ထည့်သင်္ဂြိုဟ်တာ ဖြစ်နိုင်။
အီဂျစ်ပြည် ဒါမှမဟုတ် ဖာရောဖြစ်နိုင်။
မူရင်း၊ “သူ့သွေးဟာ သူ့ခေါင်းပေါ်မှာပဲ ရှိနေလိမ့်မယ်။”
ဒါမှမဟုတ်၊ “သူသေရတာ ကင်းစောင့်မှာ တာဝန်ရှိတယ်။”
ဒါမှမဟုတ်၊ “သူသေရတာ မင်းမှာ တာဝန်ရှိတယ်။”
မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်။
ဒါမှမဟုတ်၊ “ငါ့သိုးတွေကို ပြန်တောင်းမယ်။”
မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်။
ဘုရားသခင့်လမ်းညွှန်ချက်ကို လက်ခံလွယ်တဲ့ နှလုံးသား။
“ဂျေရုဆလင်မှာ ပူဇော်ဆက်သမယ့် သိုးအုပ်လို” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “ထွက်သက်ဝင်သက်၊ အသက်စွမ်းအား။”
မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်။
“မှိန်း” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “ဂေါဂနဲ့ သူ့လူစုကြီးရဲ့ ချိုင့်ဝှမ်း။”
အဓိပ္ပာယ်၊ “လူစုကြီး။”
နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
အခန်းကြီး ၄၀-၄၈ မှာ ဗိမာန်တော်ဖြစ်နိုင်သလို ဗိမာန်တော်ဝင်းတစ်ခုလုံးလည်း ဖြစ်နိုင်။
တောင် (ရှည်)။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
“၁၂” လည်းဖြစ်နိုင်။
အခန်းကြီး ၄၁၊ ၄၂ မှာ သန့်ရှင်းရာအခန်း ဒါမှမဟုတ် (သန့်ရှင်းရာအခန်းနဲ့ အသန့်ရှင်းဆုံးအခန်းပါဝင်တဲ့) ဌာနတော်တစ်ခုလုံးကို ရည်ညွှန်း။
တောင်(ရှည်)။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
အတွင်းဘက် သန့်ရှင်းရာဌာနတော် ဒါမှမဟုတ် အသန့်ရှင်းဆုံးအခန်း။
ဗိမာန်တော်ပတ်လည်က လျှောက်လမ်းကျဉ်းလေး ဖြစ်နိုင်။
အနောက်ဘက် အဆောက်အအုံ။
နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
“သူ” လည်းဖြစ်နိုင်။
ကောင်းကင်တမန် ဖြစ်နိုင်။
မူရင်းမှာ ပြည့်တန်ဆာလုပ်တာနဲ့ တင်စားထားတယ်။
မူရင်းမှာ ပြည့်တန်ဆာလုပ်တာနဲ့ တင်စားထားတယ်။
တောင်(ရှည်)။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
မူရင်း၊ “စိတ်နှလုံးကို အရေဖျားမဖြတ်ထားတဲ့။”
မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်။
တောင်(ရှည်)။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ဒါမှမဟုတ်၊ “တစ်မိုင်နာမှာ။” နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ခက်ဆစ် “ယုဘိလ” ကိုကြည့်။
တောင် (ရှည်)။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
တောင်(ရှည်)။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ဒါမှမဟုတ်၊ “ကန္တာရလွင်ပြင်။”
ပင်လယ်သေ။
မြေထဲပင်လယ်။
ပင်လယ်သေ။
အီဂျစ်သဲချောင်း။
တောင် (ရှည်)။ နောက်ဆက်တွဲ ခ ၁၄ ကိုကြည့်။
အီဂျစ်သဲချောင်း။
မြေထဲပင်လယ်။