“ပင်လယ်ဘေး” များ
ညဉ့်အမှောင်ထုထဲတွင် မြေထဲပင်လယ်ရှိကျွန်းတစ်ကျွန်းအနီးသို့ လူပေါင်း ၂၇၆ ယောက်ပါ ရွက်သင်္ဘောတစ်စင်းသည် ကမ်းအနီးရောက်နေ၏။ မုန်တိုင်းထန်သည့်ရေပြင်တွင် ၁၄ ရက်တိုင် ဘယ်ညာလူးလိမ့်ခံရခြင်းကြောင့် သင်္ဘောသားများနှင့် ခရီးသည်များမှာ ခြေကုန်လက်ပန်းကျလျက်ရှိသည်။ မိုးသောက်ချိန်တွင် ပင်လယ်အော်တစ်ခုကိုတွေ့သော် ကမ်းကပ်ဖို့ကြိုးစားကြ၏။ သို့သော် သင်္ဘောဦးပိုင်းသည် မလှုပ်နိုင်အောင်တန့်သွားကာ လှိုင်းဒဏ်ကြောင့် သင်္ဘောပဲ့ပိုင်းကျိုးပဲ့သွားသည်။ သင်္ဘောကိုအားလုံးစွန့်ခွာကြပြီး ရေကူး၍ သို့မဟုတ် ပျဉ်ချပ်များ၊ အခြားအရာများကိုတွယ်ကာ မေလိတေကျွန်းပေါ်ရောက်သွားကြသည်။ ချမ်းစိမ့်၍ ထိခိုက်ဒဏ်ရာရထားသူတို့သည် ပြင်းထန်သည့်လှိုင်းလုံးများကြားမှ ကိုယ့်ကိုယ်ကိုဆွဲတင်ကြသည်။ ထိုခရီးသည်များတွင် ခရစ်ယာန်တမန်တော်ပေါလုပါဝင်သည်။ သူ့ကိုစစ်ဆေးဖို့ရောမမြို့သို့ ပို့နေကြခြင်းဖြစ်သည်။—တမန်တော် ၂၇:၂၇-၄၄။
မေလိတေကျွန်းတွင် သင်္ဘောပျက်ခြင်းသည် ပေါလုအတွက် ပင်လယ်တွင် ပထမဆုံးအကြိမ်အသက်ဘေးကြုံခဲ့ရခြင်းမဟုတ်ပါ။ နှစ်အနည်းငယ်အစောပိုင်းက သူဤသို့ရေးသားခဲ့သည်– “သုံးကြိမ်မြောက်အောင် သင်္ဘောပျက်ခြင်းကိုခံရပြီ။ တစ်နေ့နှင့်တစ်ညဉ့်ပတ်လုံး ပင်လယ်ထဲမှာနေရပြီ။” “ပင်လယ်ဘေး” များကြုံခဲ့ရကြောင်း သူဖြည့်စွက်တင်ပြသေးသည်။ (၂ ကောရိန္သု ၁၁:၂၅-၂၇) ပေါလုသည် ပင်လယ်ခရီးသွားခြင်းဖြင့် “တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်” အဖြစ် သူ့အား ဘုရားသခင်ပေးသည့်တာဝန်ကို ထမ်းဆောင်နိုင်ရန် အထောက်အကူရရှိခဲ့သည်။—ရောမ ၁၁:၁၃၊ ၁၄။
ပထမရာစုတွင် ပင်လယ်ခရီးသွားခြင်းသည် မည်မျှကျယ်ပြန့်သနည်း။ ခရစ်ယာန်ဘာသာတရားပျံ့နှံ့ခြင်းတွင် အဘယ်အခန်းကဏ္ဍမှပါဝင်ခဲ့သနည်း။ မည်မျှလုံခြုံသနည်း။ အဘယ်သင်္ဘောမျိုးကို အသုံးပြုခဲ့ကြသနည်း။ ထို့ပြင် ခရီးသည်များကို မည်သို့နေရာချပေးသနည်း။
ရေကြောင်းကူးသန်းရောင်းဝယ်ရေးကို ရောမလိုအပ်လာ
ရောမလူတို့သည် မြေထဲပင်လယ်ကို မေရီနော့စ္စထရမ်—ကျွန်ုပ်တို့ပင်လယ်ပြင်—ဟုခေါ်ကြသည်။ ပင်လယ်လမ်းကြောင်းကိုထိန်းချုပ်ထားခြင်းသည် ရောမနိုင်ငံအတွက် စစ်ရေးအတွက်ထက်မက အရေးပါသည်။ ရောမအင်ပါယာ၏မြို့အများမှာ ဆိပ်ကမ်းမြို့များ သို့မဟုတ် ယင်းတို့၏ထောက်ကူမှုရရှိသောမြို့များဖြစ်ကြသည်။ သာဓကအနေနှင့် ရောမမြို့အနီးရှိ အော်စတီရာမြို့မှာ ယင်း၏ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ပြီး ကောရင့်သ် (ကောရိန္သု) မြို့သည် လီခေယမ်နှင့် စဲန်ခရီယာမြို့တို့ကိုအသုံးပြုခဲ့ပြီး ဆီးရီးယန်း (ရှုရိ) အန္တိအုတ်မြို့မှာမူ စလူရှာမြို့ကိုအသုံးပြုခဲ့သည်။ ဤဆိပ်ကမ်းမြို့များစပ်ကြား ရေကြောင်းခရီးဆက်သွယ်မှုကောင်းခြင်းကြောင့် အဓိကမြို့များနှင့် အလျင်အမြန်ဆက်သွယ်စေနိုင်ပြီး ရောမအင်ပါယာ၏စီမံခန့်ခွဲမှုကို ထိရောက်လွယ်ကူစေခဲ့သည်။
ရောမမြို့သည် စားနပ်ရိက္ခာအတွက် ရေကြောင်းလုပ်ငန်းအပေါ်မှီခိုနေရသည်။ လူဦးရေတစ်သန်းခန့်ရှိသောရောမမြို့သည် တစ်နှစ်လျှင် ဂျုံစပါးတန်ချိန် ၂၅၀,၀၀၀ နှင့် ၄၀၀,၀၀၀ ကြားခန့်လိုအပ်သည်။ ဤဂျုံစပါးများကို အဘယ်ကရသနည်း။ မြောက်အာဖရိကသည် ရောမမြို့ကို တစ်နှစ်လျှင် ရှစ်လထောက်ပံ့ပေးစဉ် ကျန်လေးလအတွက် ဂျုံစပါးအလုံအလောက်ကို အီဂျစ်နိုင်ငံကပို့ပေးသည်ဟု ဟေရုဒ်အဂြိပ္ပ ၂ ပြောဆိုခဲ့ကြောင်း ဖလေးဗီးယက်စ် ဂျိုစီဖတ်စ်ကကိုးကားဖော်ပြခဲ့သည်။ ထောင်ပေါင်းများစွာသော ပင်လယ်သွားသင်္ဘောတို့သည် ထိုမြို့သို့ဂျုံစပါးပို့ပေးခဲ့ရသည်။
တွင်ကျယ်လျက်ရှိသည့် ပင်လယ်ရေကြောင်းကုန်သွယ်မှုက ဇိမ်ခံတတ်သည့်ရောမလူမျိုးတို့အကြိုက်ကိုလိုက်၍ ကုန်ပစ္စည်းမျိုးစုံကိုတင်ပို့ပေးသည်။ ဆိုက်ပရပ်စ်ကျွန်း၊ ဂရိနှင့် အီဂျစ်နိုင်ငံများမှ တွင်းထွက်ပစ္စည်းများ၊ ကျောက်မျက်နှင့် စကျင်ကျောက်တို့ကိုတင်ပို့ပြီး လက်ဘနွန်မှ သစ်ကိုတင်ပို့သည်။ စမာနာမြို့မှ ဝိုင်၊ ဒမာ့စ်ကတ်စ်မြို့မှ အခွံမာသီးများ၊ ပါလက်စတိုင်းမှ စွန်ပလွန်သီးများရရှိသည်။ စလစ်ရှဲမြို့မှ ဖယောင်းချက်နှင့်ရော်ဘာ၊ မီလတက်စ်နှင့် လာအိုဒီရှားမြို့များမှ သိုးမွေး၊ ဆီးရီးယားနှင့် လက်ဘနွန်မှ ရက်ထည်များ၊ တိုင်ရာနှင့် စိဒုန်မြို့များမှ ခရမ်းရောင်အထည်များကို တင်သွင်းကြသည်။ သိုင်ရယ်တီရာမှ ဆိုးဆေးနှင့် အလက်ဇန္ဒြီးယားနှင့် စိဒုန်မှ ဖန်ထည်တင်ပို့ကြသည်။ ပိုးထည်၊ ဝါဂွမ်း၊ ဆင်စွယ်နှင့် ဟင်းခတ်အမွှေးအကြိုင်များကို တရုတ်နှင့် အိန္ဒိယမှတင်သွင်းသည်။
ပေါလုစီးနင်းလိုက်ပါလာသည့် မော်လတာ (မေလိတေ) ကျွန်းတွင် ပျက်သွားသောသင်္ဘောအကြောင်း အဘယ်အရာဆိုနိုင်သနည်း။ ယင်းသည် ဂျုံစပါးတင်ဆောင်လာသည့် “ဣတလိပြည်သို့ကူးသော အာလေဇန်ဒိသင်္ဘော” ဖြစ်သည်။ (တမန်တော် ၂၇:၆၊ အောက်ခြေမှတ်ချက်) ဂျုံစပါးတင်ဆောင်သည့်သင်္ဘောများကို ဂရိ၊ ဖိုနီးရှားနှင့် ဆီးရီးယားလူမျိုးများပိုင်ဆိုင်ကြပြီး သူတို့ကိုယ်တိုင်ဦးစီး၍ လိုအပ်ရာများကိုဖြည့်ပေးကြသည်။ သို့ရာတွင် နိုင်ငံတော်က ထိုသင်္ဘောများကိုငှားရမ်းသည်။ သမိုင်းပညာရှင် ဝီလျံ အမ်. ရဲမ်စေက “အစိုးရသည် အခွန်ကောက်သည့်ကိစ္စ၌ကဲ့သို့ ထိုလုပ်ငန်းကြီးအတွက် လိုအပ်သောလူအင်အားနှင့် ပစ္စည်းယန္တရားကြီးကို ကိုယ်တိုင်စီမံခန့်ခွဲဖို့ထက် ကန်ထရိုက်ပေးဖို့ပို၍လွယ်ကူကြောင်းသိရှိခဲ့သည်။”
ပေါလုသည် “နတ်သားအမြွှာ” တို့၏ရုပ်တုပါသောသင်္ဘောတစ်စင်းဖြင့် ရောမမြို့တွင်ခရီးဆုံးခဲ့သည်။ ၎င်းသည်လည်း အာလေဇန်ဒိသင်္ဘောဖြစ်သည်။ ယင်းသည် ဂျုံစပါးတင်သည့်သင်္ဘောများ ပုံမှန်ဆိုက်ကပ်နေကျဆိပ်ကမ်း၊ နေပယ်ပင်လယ်ကွေ့ရှိ ပြူတအိုလီ (ပေါတရောလိ) မြို့ဖြစ်သည်။ (တမန်တော် ၂၈:၁၁-၁၃) ပြူတအိုလီ (ပေါတရောလိ) မြို့—မျက်မှောက်ခေတ် ပေါ့ဇွာလီ—မှကုန်စည်များကို ကုန်းလမ်းဖြင့် သို့မဟုတ် သင်္ဘောငယ်များဖြင့် မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်နှင့် တိုင်ဘယ်မြစ်ကိုဆန်တက်၍ ရောမမြို့တွင်းသို့တင်ပို့ကြသည်။
ကုန်သင်္ဘောခရီးသည်များလော
ပေါလုနှင့် သူ့ကိုစောင့်ကြပ်သည့်စစ်သားများသည် အဘယ်ကြောင့်ကုန်သင်္ဘောနှင့်ခရီးသွားကြရသနည်း။ အဖြေရရန် ထိုခေတ်၌ ပင်လယ်ပြင်ခရီးသွားခြင်းသည် အဘယ်အဓိပ္ပာယ်ရှိကြောင်း သိဖို့လိုသည်။
စီ.အီး. ပထမရာစုတွင် ခရီးသည်တင်သည့်သင်္ဘောမရှိပါ။ ကုန်တင်သင်္ဘောများဖြင့် ခရီးသွားကြသည်။ လူအမျိုးမျိုး—အစိုးရအမှုထမ်းများအပါအဝင် ပညာတတ်များ၊ တရားဟောဆရာများ၊ မှော်ဆရာများ၊ အနုပညာသည်များ၊ အားကစားသမားများ၊ ကုန်သည်များ၊ နယ်လှည့်ခရီးသွားများနှင့် ဘုရားဖူးများ—စီးနင်းလိုက်ပါခဲ့ပေမည်။
ခရီးသည်များနှင့် ကုန်စည်များကို ကမ်းခြေရေပြင်သို့ပို့ဆောင်ပေးသည့် ရေယာဉ်ငယ်များလည်းရှိသည်။ ထရိုအက်စ်မြို့မှ “မာကေဒေါနိပြည်သို့ကူး” ရန် ထိုသို့သောရေယာဉ်ကို ပေါလုအသုံးပြုခဲ့ပေမည်။ သင်္ဘောငယ်များဖြင့် အေသင်မြို့သို့ ခေါက်တုံ့ခေါက်ပြန်သွားခဲ့ပေမည်။ ပေါလုသည် အာရှမိုင်းနားကမ်းရိုးတန်းအနီးရှိ ကျွန်းများကိုဖြတ်ကာ ထရိုအက်စ် (တရော) မြို့မှ ပါတရာ (ပါတရ) မြို့သို့သွားသည့် နောက်ပိုင်းခရီးစဉ်တွင် ရေယာဉ်ငယ်များကိုလည်း အသုံးပြုခဲ့ပေမည်။ (တမန်တော် ၁၆:၈-၁၁; ၁၇:၁၄၊ ၁၅; ၂၀:၁-၆၊ ၁၃-၁၅; ၂၁:၁) ထိုသို့သောသင်္ဘောငယ်များကို အသုံးပြုခြင်းသည် အချိန်ကုန်သက်သာစေသော်လည်း ကုန်းမြေနှင့်အလှမ်းဝေးဝေး မသွားဝံ့ကြချေ။ ထို့ကြောင့် ပေါလုကို ကုပရုကျွန်းမှ ပံဖုလိပြည်သို့ပို့ဆောင်ပြီး ဧဖက်မြို့မှ ကဲသရိမြို့သို့၊ ပါတရမြို့မှ တုရုမြို့သို့သွားရာတွင်စီးနင်းခဲ့သော သင်္ဘောများမှာ အတော်အတန်ကြီးမားသောသင်္ဘောများဖြစ်ရပေမည်။ (တမန်တော် ၁၃:၄၊ ၁၃; ၁၈:၂၁၊ ၂၂; ၂၁:၁-၃) ပေါလုစီးနင်းလိုက်ပါလာပြီး မေလိတေကျွန်းတွင် ပျက်သွားသောသင်္ဘောမှာလည်း သင်္ဘောကြီးတစ်စင်းဖြစ်မည်ဟုယူမှတ်ရသည်။ ဤသင်္ဘောများသည် မည်မျှကြီးနိုင်သနည်း။
ပညာရှင်တစ်ဦး စာပေလေ့လာရာမှ သိရှိလာချက်အရ– “ရှေးခေတ်လူတို့ အသုံးတည့်လေ့ရှိသော အငယ်ဆုံး [သင်္ဘော] မှာတန်ချိန် ၇၀ မှ ၈၀ ခန့်အထိရှိသည်။ ဟယ်လင်နစ္စတစ်ခေတ်တွင် အသုံးအများဆုံးအရွယ်အစားမှာ တန်ချိန် ၁၃၀ ရှိသည်။ တန်ချိန် ၂၅၀ ရှိသည့်သင်္ဘောသည် မြင်တွေ့နေကျဖြစ်သော်လည်း သာမန်ထက်ပို၍ကြီးသည်။ ရောမခေတ်တွင် မင်းဧကရာဇ်၏သယ်ယူပို့ဆောင်ရေး၌ အသုံးပြုသောသင်္ဘောများမှာ သာ၍ပင်ကြီးမားကာ တန်ချိန် ၃၄၀ ရှိသည့်သင်္ဘောကိုပို၍နှစ်သက်ကြသည်။ တန်ချိန် ၁၃၀၀ ရှိသည့် အကြီးမားဆုံးသင်္ဘောများမှာ အနည်းငယ်ပို၍ကြီးနိုင်သည်။” စီ.အီး. ဒုတိယရာစုမှ ရေးသားချက်တစ်ခုအရ ဂျုံစပါးတင်သည့်အလက်ဇန္ဒြီးယားရေယာဉ် အိုင်စစ္စသည် အရှည်ပေ ၁၈၀ ကျော်၊ အကျယ် ၄၅ ပေခန့်၊ သင်္ဘောဝမ်းအနက် ၄၄ ပေခန့်ရှိပြီး ဂျုံစပါးတန်ချိန်တစ်ထောင်ကျော်နှင့် ခရီးသည်ရာချီသယ်ဆောင်နိုင်သည်။
ဂျုံစပါးတင်သည့်သင်္ဘောပေါ်တွင် ခရီးသည်များသည် မည်သို့နေကြရသနည်း။ ကုန်စည်များကိုအဓိကတင်ဆောင်သည့် သင်္ဘောများဖြစ်ရာ ခရီးသည်များကို အဓိကမထားချေ။ သူတို့အတွက် ရေမှလွဲ၍ အစားအသောက် သို့မဟုတ် ဝန်ဆောင်လုပ်ငန်းများမရှိပါ။ သင်္ဘောကုန်းပတ်ပေါ်တွင် ညအချိန်စိုက်ထူ၍ နံနက်တိုင်းဖြုတ်သိမ်းရသော တဲရှင်ကဲ့သို့သောအမိုးအကာအောက်၌ အိပ်စက်ကြရပေမည်။ ခရီးသည်များသည် သင်္ဘောမီးဖိုဆောင်ကိုအသုံးပြုခွင့်ရှိကြသော်လည်း ချက်ပြုတ်ရန်၊ စားသောက်ရန်၊ ရေချိုးရန်နှင့် အိပ်ဖို့ရန်—အိုးခွက်မှအစ အိပ်ရာလိပ်အထိ—လိုအပ်သမျှကို ကိုယ်တိုင်ပြင်ဆင်ကြရပေမည်။
ပင်လယ်ခရီးသွားခြင်း—မည်မျှအန္တရာယ်ကင်းသနည်း
ကိရိယာများ—အိမ်မြှောင်တစ်ခုပင်—မရှိခြင်းကြောင့် ပထမရာစုမှ ရေကြောင်းထိန်းသူတို့သည် မြင်ရသည့်အရာအရ အဓိကသွားလာကြရသည်။ ထို့ကြောင့် ထင်ရှားစွာမြင်နိုင်သည့်အချိန်—အများအားဖြင့် မေလနှောင်းပိုင်းမှ စက်တင်ဘာလလယ်ပိုင်းအထိ—တွင် ခရီးသွားခြင်းသည် ဘေးအကင်းဆုံးဖြစ်သည်။ ထိုအချိန်မတိုင်မီနှင့် ၎င်းနောက်ပိုင်းနှစ်လအတွင်းတွင် ကုန်သည်များသည် အရဲစွန့်ပြီးပင်လယ်ကူးကြပေမည်။ သို့သော် ဆောင်းအခါတွင် မြူခိုးနှင့်တိမ်များက နေ့အခါတွင် မြေပြင်လက္ခဏာများနှင့် နေကိုလည်းကောင်း၊ ညအခါတွင် ကြယ်များကိုလည်းကောင်း မထင်မရှားဖြစ်စေလေ့ရှိသည်။ အမှန်တကယ်လိုအပ်မှ သို့မဟုတ် အရေးတကြီးကိစ္စမှလွဲ၍ နိုဝင်ဘာ ၁၁ မှမတ် ၁၀ ရက်အထိ ရေကြောင်းသွားလာခြင်းကို ပိတ်ထားသည်ဟုမှတ်ယူကြသည်။ ထိုရာသီ၏အချိန်နှောင်းကာလတွင်ခရီးသွားကြရသူများသည် နိုင်ငံခြားဆိပ်ကမ်းမြို့တစ်မြို့တွင် ဆောင်းခိုရစရာအကြောင်းရှိသည်။—တမန်တော် ၂၇:၁၂; ၂၈:၁၁။
ရွက်လွှင့်ခြင်းသည် အန္တရာယ်ရှိ၍ ရာသီအလိုက်ဖြစ်သော်လည်း ကုန်းလမ်းခရီးထက် အကျိုးတစ်စုံတစ်ရာရှိသလော။ အမှန်ပင်ရှိပါသည်! ပင်လယ်ခရီးသွားခြင်းသည် မပင်ပန်းဘဲ ငွေကုန်သက်သာ၍ မြန်ဆန်သည်။ လေသင့်သည့်အခါ သင်္ဘောသည် တစ်နေ့လျှင်မိုင် ၁၀၀ ခန့်သွားနိုင်သည်။ ခြေလျင်ခရီးရှည်အတွက် သာမန်နှုန်းမှာ တစ်နေ့လျှင် ၁၅ မှ ၂၀ မိုင်ရှိသည်။
ရွက်လွှင့်နှုန်းမှာ လေအပေါ် လုံးလုံးနီးပါးမူတည်သည်။ အီဂျစ်မှ အီတလီသို့ခရီးစဉ်သည် အကောင်းဆုံးရာသီ၌ပင် အဆက်မပြတ်လေဆန်သွားရသည်။ အတိုဆုံးခရီးစဉ်မှာ ဗိုင် ရောဒီးစ် (ရောဒုကျွန်း) သို့မဟုတ် မာရာ (မုရမြို့) သို့မဟုတ် အာရှမိုင်းနားရှိ လစ်ရှီးရယ် (လုကိပြည်) ကမ်းရိုးတန်းရှိ ဆိပ်ကမ်းမြို့တစ်မြို့မှတစ်ဆင့်ဖြစ်လေ့ရှိသည်။ တစ်ကြိမ်တွင် ဂျုံစပါးတင်သည့် အိုင်စစ္စသင်္ဘောသည် အလက်ဇန္ဒြီးယား (အာလေဇန်ဒိ) မှထွက်ခွာလာပြီးနောက် မုန်တိုင်းမိ၍ လမ်းပျောက်သွားရာ ရက်ပေါင်း ၇၀ ပီးရီးအက်စ်မြို့တွင် သင်္ဘောဆိုက်ထားရသည်။ အနောက်မြောက်မှ လေစုန်လိုက်၍ အီတလီမှအပြန်ခရီးကို ရက်ပေါင်း ၂၀ မှ ၂၅ ရက်အတွင်းတွင်ရောက်နိုင်သည်။ ကုန်းကြောင်းဖြင့်ဆိုလျှင် ထိုခရီးစဉ်ကို ရာသီဥတုကောင်းချိန်တွင် ရက်ပေါင်း ၁၅၀ ကျော်သွားရပေမည်။
အလှမ်းဝေးသည့်ပင်လယ်ရပ်ခြားသို့သတင်းကောင်းပို့ဆောင်ခဲ့
ရာသီချိန်မဟုတ်ဘဲ ပင်လယ်ခရီးသွားခြင်း၏အန္တရာယ်များကို ပေါလုသိထားသည်မှာထင်ရှားသည်။ ပေါလုက “အချင်းလူတို့၊ ယခုမှာပင်လယ်ကူးလျှင် သင်္ဘောနှင့်ကုန်များတို့သည် ဆုံးရှုံးသည်သာမက၊ ငါတို့အသက်ပျက်စီးရာသော ဘေးအန္တရာယ်ရောက်မည်ကို ငါထင်မြင်သည်” ဟုဆိုလျက် စက်တင်ဘာနှောင်းပိုင်း သို့မဟုတ် အောက်တိုဘာအစောပိုင်းတွင် ရွက်မလွှင့်ရန်အကြံပေးခဲ့သည်။ (တမန်တော် ၂၇:၉၊ ၁၀) သို့ရာတွင် တာဝန်ခံတပ်မှူးဖြစ်သူသည် ထိုစကားများကိုလျစ်လျူရှုခဲ့သောကြောင့် မေလိတေကျွန်းတွင် သင်္ဘောပျက်ခဲ့ရခြင်းဖြစ်သည်။
ပေါလု၏သာသနာပြုလုပ်ငန်းပြီးဆုံးချိန်တွင် အနည်းဆုံးလေးကြိမ် သင်္ဘောပျက်သည့်အဖြစ်ကို သူကြုံတွေ့ခဲ့ရသည်။ (တမန်တော် ၂၇:၄၁-၄၄; ၂ ကောရိန္သု ၁၁:၂၅) သို့တိုင် ထိုသို့ဖြစ်ပျက်နိုင်စရာများကို စိုးရိမ်ပူပန်မှုလွန်ကဲပြီး ရှေးခေတ်သတင်းကောင်းဟောပြောသူတို့သည် ရေကြောင်းခရီးမသွားဘဲမနေခဲ့ပါ။ ဘုရားသခင့်နိုင်ငံတော်သတင်းပျံ့နှံ့စေရန် ခရီးသွား၍ရနိုင်သည့်နည်းအမျိုးမျိုးကို အပြည့်အဝအသုံးပြုခဲ့ကြသည်။ ထို့ကြောင့် ယေရှု၏မိန့်မှာချက်ကိုနာခံသောအားဖြင့် နေရာအနှံ့တွင် သက်သေခံခဲ့ကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်တော် ၁:၈) သူတို့၏ဇွဲ၊ သူတို့၏ပုံသက်သေကို လိုက်လျှောက်ခဲ့ကြသူတို့၏ယုံကြည်ခြင်းနှင့် ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်လမ်းညွှန်မှု၏ကျေးဇူးကြောင့် သတင်းကောင်းသည် ကမ္ဘာ့အစွန်အဖျားဒေသသို့ ရောက်ရှိခဲ့ပေပြီ။
[Picture Credit Line on page 31]
Pictorial Archive (Near Eastern History) Est