၂ ရှမွေလ
၂၄ တစ်စုံတစ်ဦးက ဒါဝိဒ်မင်းကို “အစ္စရေးနဲ့ ယုဒလူတွေကို+ လူဦးရေစာရင်း သွားကောက်ပါ”+ လို့တိုက်တွန်းတဲ့အခါ အစ္စရေးတွေကို ယေဟောဝါ အမျက်ထွက်ပြန်တယ်။+ ၂ ဒါဝိဒ်လည်း အနားမှာရှိတဲ့ ဗိုလ်ချုပ်ယွာဘကို+ “ဒန်မြို့ကနေ ဗေရရှေဘမြို့အထိ အစ္စရေးအနွယ်အားလုံးဆီ သွားပြီး+ လူဦးရေစာရင်း ကောက်ပါ။ ဒါမှ လူဘယ်လောက်ရှိမှန်း သိနိုင်မယ်” လို့ပြောတယ်။ ၃ ဒါပေမဲ့ ယွာဘက “မင်းကြီးရဲ့ဘုရားသခင် ယေဟောဝါဟာ ဒီလူမျိုးကို အခုထက် အဆ ၁၀၀ တိုးများအောင် လုပ်ပေးပါစေ။ အဲဒါကို မင်းကြီး တပ်အပ်မြင်ရပါစေ။ ဒီကိစ္စကို မင်းကြီး ဘာလို့ လုပ်ချင်ရတာလဲ” ဆိုပြီးလျှောက်တင်တယ်။
၄ ဒါပေမဲ့ ဒါဝိဒ်မင်းရဲ့စကားက ယွာဘနဲ့ ဗိုလ်ချုပ်တွေကို လွှမ်းမိုးနိုင်ခဲ့တဲ့အတွက် အစ္စရေးလူဦးရေစာရင်း ကောက်ဖို့ သူတို့ထွက်သွားကြတယ်။+ ၅ သူတို့က ဂျော်ဒန်မြစ်ကို ဖြတ်ကူးပြီးနောက် အာရော်မြို့မှာ+ စခန်းချတယ်။ ပြီးတော့ ချိုင့်ဝှမ်းအလယ်မှာရှိတဲ့ မြို့ရဲ့ ညာဘက်ကနေ ဂဒ်အနွယ်ရဲ့ နယ်မြေဘက်၊ ယာဇာမြို့ဘက်ကို ဆက်သွားကြတယ်။+ ၆ အဲဒီနောက် ဂိလဒ်ပြည်နဲ့+ တာတိမ်ဟောဒရှ နယ်မြေကို ရောက်လာတယ်။ အဲဒီကနေ ဒန်ယန်အရပ်ကို ဆက်သွားပြီး ဆိုင်ဒုန်မြို့ဘက် ပတ်သွားကြတယ်။+ ၇ တိုင်ရာခံတပ်မြို့၊+ ဟိဝိနဲ့+ ခါနန်လူမျိုးတို့ရဲ့ မြို့တွေဆီ ဆက်သွားပြီး ယုဒနယ်မြေ၊ နေဂပ်အရပ်မှာရှိတဲ့+ ဗေရရှေဘမြို့မှာ+ ခရီးဆုံးတယ်။ ၈ သူတို့က တစ်ပြည်လုံးအနှံ့ သွားပြီးနောက် ကိုးလနဲ့ ရက် ၂၀ အကြာမှာ ဂျေရုဆလင်မြို့ကို ပြန်ရောက်လာတယ်။ ၉ ယွာဘလည်း ဒါဝိဒ်မင်းကို လူဦးရေစာရင်း ပေးလိုက်တယ်။ အစ္စရေးအမျိုးမှာ ဓားကိုင်တပ်သား ၈၀၀,၀၀၀၊ ယုဒအမျိုးမှာ ၅၀၀,၀၀၀ ရှိတယ်။+
၁၀ လူဦးရေစာရင်း ကောက်ပြီးနောက်မှာ ဒါဝိဒ်ရဲ့စိတ်က* ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး နောင်တရနေတယ်။+ ဒါကြောင့် “ကျွန်တော်လုပ်ခဲ့တဲ့အပြစ်ဟာ+ ကြီးလေးလွန်းပါတယ်။ ယေဟောဝါဘုရား၊ မိုက်မဲတဲ့လုပ်ရပ်ကို ကျွန်တော် ကျူးလွန်မိပါပြီ။+ ကျွန်တော့်အပြစ်ကို ခွင့်လွှတ်ပေးပါ”+ ဆိုပြီး ယေဟောဝါကို အသနားခံတယ်။ ၁၁ မနက်အိပ်ရာထတဲ့အခါ ဒါဝိဒ်ကို စိတ်အာရုံတွေ အသိပေးရတဲ့ ပရောဖက်ဂဒ်ဆီ ယေဟောဝါရဲ့ စကားတော် ရောက်လာတယ်–+ ၁၂ “ဒါဝိဒ်ကို သွားပြောပါ၊ ‘မင်းကို ငါဒဏ်ခတ်မယ်၊ ဒီဘေးဒဏ်သုံးခုထဲက တစ်ခုကို ရွေးပါ’ လို့ယေဟောဝါ ပြောတယ်။”+ ၁၃ ဂဒ်လည်း ဒါဝိဒ်မင်းဆီ ရောက်လာပြီး “တိုင်းပြည်မှာ ခုနစ်နှစ် အငတ်ဘေး ကျရောက်တာ၊+ သုံးလလုံးလုံး ရန်သူလိုက်လို့ မင်းကြီး ထွက်ပြေးရတာ၊+ တိုင်းပြည်မှာ သုံးရက်လုံးလုံး ကပ်ရောဂါ ကျရောက်တာ၊+ ဒီဘေးဒဏ်သုံးခုထဲက ဘယ်တစ်ခုကို ရွေးမလဲ။ ကျွန်တော့်ကို လွှတ်လိုက်တဲ့အရှင်ကို ပြန်ပြောပြရမှာမို့လို့ မင်းကြီး အသေအချာ စဉ်းစားပါ” ဆိုပြီး လျှောက်တင်တယ်။ ၁၄ အဲဒီအခါ ဒါဝိဒ်က “ငါတော့ ဘေးကျပ်နံကျပ် ဖြစ်နေပြီ။ ယေဟောဝါရဲ့ ကရုဏာကြီးမားတဲ့အတွက်+ ကိုယ်တော့်လက်ထဲမှာပဲ ကျရောက်ပါစေ။+ လူ့လက်ထဲမှာတော့ မကျရောက်ပါစေနဲ့”+ ဆိုပြီးပြောတယ်။
၁၅ အဲဒီအခါ ယေဟောဝါက မနက်ကနေ သတ်မှတ်ထားချိန်အထိ အစ္စရေးပြည်မှာ ကပ်ရောဂါ ကျရောက်စေတယ်။+ ဒါကြောင့် ဒန်မြို့ကနေ ဗေရရှေဘမြို့အထိ+ လူပေါင်း ၇၀,၀၀၀ သေဆုံးသွားတယ်။+ ၁၆ ဂျေရုဆလင်မြို့ကို ဖျက်ဆီးဖို့ ကောင်းကင်တမန် လက်ဆန့်လိုက်တဲ့အခါ ယေဟောဝါက ကပ်ရောဂါနဲ့ ဒဏ်ခတ်ခဲ့တာကို စိတ်မကောင်းဖြစ်တဲ့အတွက်+ လူတွေကို ဖျက်ဆီးနေတဲ့ ကောင်းကင်တမန်ကို “တော်ပြီ။ လက်ပြန်ရုပ်လိုက်တော့” လို့တားတယ်။ အဲဒီအချိန်မှာ ယေဟောဝါရဲ့ ကောင်းကင်တမန်က ယေဗုသိလူမျိုး+ အရောနရဲ့+ ကောက်နယ်တလင်းနားကို ရောက်နေတယ်။
၁၇ လူတွေကို ဖျက်ဆီးနေတဲ့ ကောင်းကင်တမန်ကို ဒါဝိဒ်မြင်တဲ့အခါ “ပြစ်မှားသူဟာ ကျွန်တော်ပါ။ ကျွန်တော် အမှားလုပ်ခဲ့တာပါ။ ဒီလူတွေ*+ ဘာလုပ်မိလို့လဲ။ ကျွန်တော်နဲ့ အဖေ့အိမ်သားတွေပေါ်မှာပဲ ကိုယ်တော့်လက် ကျရောက်ပါစေ”+ ဆိုပြီး ယေဟောဝါကို ပြောတယ်။
၁၈ ဒါကြောင့် အဲဒီနေ့မှာ ဒါဝိဒ်ဆီ ပရောဖက်ဂဒ် ရောက်လာပြီး “မင်းကြီး၊ တက်သွားပါ။ ယေဗုသိလူမျိုး အရောနရဲ့ ကောက်နယ်တလင်းမှာ ယေဟောဝါဘုရားအတွက် ပူဇော်ရာပလ္လင်တည်ပါ”+ လို့ပြောတယ်။ ၁၉ ဒါဝိဒ်လည်း ဂဒ်ပြောတဲ့အတိုင်း၊ ယေဟောဝါ မိန့်မှာတဲ့အတိုင်း တက်သွားတယ်။ ၂၀ အရောန လှမ်းကြည့်လိုက်တော့ ဒါဝိဒ်နဲ့မင်းမှုထမ်းတွေ လာနေတာကို မြင်တဲ့အခါ ချက်ချင်းထွက်လာပြီး ရှေ့မှာ ဦးညွှတ်ပျပ်ဝပ်တယ်။ ၂၁ အရောနက “အရှင်မင်းကြီး၊ ကျွန်တော်မျိုးဆီ ဘာလို့လာတာလဲ” လို့ မေးတော့ ဒါဝိဒ်က “မင်းရဲ့ကောက်နယ်တလင်းကို ဝယ်ဖို့လာတာ။ အဲဒီမှာ ယေဟောဝါဘုရားအတွက် ပူဇော်ရာပလ္လင် တည်မလို့။ ဒါမှ လူတွေအပေါ် ကျရောက်နေတဲ့ ဘေးဒဏ် ရပ်တန့်သွားမှာ”+ လို့ပြောတယ်။ ၂၂ ဒါပေမဲ့ အရောနက “အရှင်မင်းကြီး၊ ဒီကောက်နယ်တလင်းကို ယူပြီး အလိုရှိတဲ့အတိုင်း ပူဇော်ပါ။ ပူဇော်ဖို့ နွားတွေ ရှိပါတယ်။ ထင်းဆိုက်ဖို့ ကောက်နယ်ပြားနဲ့ လယ်ထွန်ပစ္စည်းတွေလည်း ရှိပါတယ်။ ၂၃ အရှင်မင်းကြီးကို ဒါတွေအားလုံး ပေးပါမယ်။ မင်းကြီးကို ယေဟောဝါဘုရား မျက်နှာသာ ပေးပါစေ” လို့ပြောတယ်။
၂၄ ဒါပေမဲ့ ဒါဝိဒ်မင်းက “မဖြစ်ဘူး။ တန်ရာတန်ကြေးပေးပြီး ဝယ်မှဖြစ်မယ်။ အဖိုးအခမပေးဘဲရတဲ့ မီးရှို့ရာပူဇော်သက္ကာတွေကို ယေဟောဝါဘုရားဆီ ငါမပူဇော်ဘူး” လို့အရောနကို ပြောပြီး ကောက်နယ်တလင်းနဲ့ နွားတွေကို ငွေရှယ်ကယ်* ၅၀ ပေးပြီး ဝယ်တယ်။+ ၂၅ ဒါဝိဒ်က အဲဒီမှာ ယေဟောဝါအတွက် ပူဇော်ရာပလ္လင်တည်ပြီး+ မီးရှို့ရာပူဇော်သက္ကာတွေနဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေကို ပူဇော်တယ်။ တိုင်းပြည်အတွက် အသနားခံတာကို ယေဟောဝါ နားထောင်တဲ့အခါ+ အစ္စရေးပြည်မှာ ကျရောက်တဲ့ ဘေးဒဏ် ရပ်တန့်သွားတယ်။