အရှေ့အာဖရိက၏ “မိုက်ရူးရဲအမြန်ရထား”
ကင်ညာနိုင်ငံမှ နိုးလော့! သတင်းထောက်ပေးပို့သည်
လွန်ခဲ့သောနှစ် ၁၀၀ ကျော်စက အရှေ့အာဖရိကကိုရထားလမ်းဖြတ်ဖောက်မည့် ဗြိတိသျှစီမံကိန်းများကို လန်ဒန်ပါလီမန်အဖွဲ့ဝင်တိုင်းက အားတက်သရောမထောက်ခံခဲ့ကြပါ။ အတိုက်အခံပြုသူတစ်ဦးက ဤသို့လှောင်ပြောင်ရေးသားခဲ့သည်–
“သောက်သောက်လဲကုန်ကျလိုက်မည်ဖြစ်ခြင်း;
ယင်း၏ရည်ရွယ်ချက်ကို မှန်းဆနိုင်သည့်ပညာရှင်မရှိ;
အဘယ်နေရာမှစတင်မည်ကို ခန့်မှန်းနိုင်သူမရှိ;
ဦးတည်မည့်အရပ်ကို သိသူမရှိ;
ယင်း၏အသုံးဝင်မှုကို ထင်ကြေးပေးနိုင်သူမရှိ;
အဘယ်အရာသယ်ယူပို့ဆောင်မည်ကို တပ်အပ်ပြောနိုင်သူမရှိ;
မိုက်ရူးရဲရထားလမ်းဖြစ်သည်မှာ ရှင်းလှပေ၏။”
စီမံချက်သည် စင်စစ်အားဖြင့် အထက်တွင်ဖော်ပြသလောက် မဆိုးရွားခဲ့ပါ။ ရထားလမ်းသည် အိန္ဒိယသမုဒ္ဒရာရှိ ကင်ညာနိုင်ငံ၏ပင်လယ်ဆိပ်ကမ်းဖြစ်သော မွန်ဘာဆာမြို့မှ ဗစ်တိုးရီးယားရေအိုင်အထိ မိုင် ၆၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ ယင်းပြီးစီးသွားလျှင် ကူးသန်းရောင်းဝယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေမည့်အပြင် ထိုဒေသရှိကျွန်ရောင်းဝယ်ရေးကိုလည်း အဆုံးတိုင်စေမည်ဟု ထောက်ခံသူများကအာမခံခဲ့ကြသည်။ ရထားလမ်းဖောက်လုပ်ရေးအတွက် ကုန်ကျမည်ဟုခန့်မှန်းထားသော (ယူအက်စ်) ဒေါ်လာ ၅ သန်းကို ဗြိတိသျှအခွန်ထမ်းများမှ ပေးဆောင်ရန် သတ်မှတ်ထားသည်။ ခန့်မှန်းထားသောဆောက်လုပ်ရေးကာလမှာ လေးနှစ်မှငါးနှစ်ဖြစ်သည်။
သို့တိုင်၊ အသေးစိတ်အချက်အလက်များသည် မရှင်းမလင်းဖြစ်နေဆဲပင်။ ၁၈၉၅ ခုနှစ်၌ မွန်ဘာဆာမြို့သို့ အင်ဂျင်နီယာချုပ် ဂျော့ဂ်ျ ဝှိုက်ဟောက်စ်ရောက်ရှိလာခဲ့ချိန်တွင် ရထားလမ်းကြောင်းပုံကြမ်းတစ်ခုသာ သူ့တွင်ရှိထားသည်။ အလွန်ထိတ်လန့်စရာကောင်းသည်ကို နောက်ပိုင်းမှဝှိုက်ဟောက်စ်သိရှိခဲ့သည်။ မွန်ဘာဆာအနောက်ဘက်တည့်တည့်တွင် ယာဉ်တန်းအများစုရှောင်ကွင်းသွားတတ်သည့် အလွန်ပူပြင်းခြောက်သွေ့ကာ ရေကင်းမဲ့သောဒေသရှိ၏။ ယင်းကိုလွန်ပြီးနောက် ရထားလမ်းသည် ခြင်္သေ့ပေါများပြီး ယင်ရဲနှင့် ခြင်အုပ်အလွန်ပေါသည့် ဆဗားနားမြက်ခင်းပြင်နှင့် ချုံပင်များရှိသည့်ဒေသတစ်လျှောက်မိုင် ၃၀၀ ဖြတ်သန်းရပေမည်။ ထို့နောက် ပေ ၂,၀၀၀ မတ်စောက်နိမ့်ဆင်းသွားကာ မိုင် ၅၀ ကျယ်ဝန်းသော မဟာချိုင့်ဝှမ်းဖြင့် ခြားထားသည့် မီးတောင်ကုန်းမြင့်ပိုင်းဒေသသို့ရောက်ရှိလာ၏။ နောက်ဆုံး ရေအိုင်အထိမိုင် ၁၀၀ သည် ရွှံ့ဗွတ်အိုင်ဟုဆိုရမည်။ ဤရထားလမ်းဖောက်လုပ်ခြင်းသည် စိတ်ဝင်စားဖွယ်အကောင်းဆုံးအာဖရိကဇာတ်လမ်းတစ်ပုဒ်ဖြစ်လာသည်မှာ အံ့သြဖွယ်ရာမဟုတ်ချေ။
အစောပိုင်းအခက်အခဲများ
အဆိုပါကြီးကျယ်လှသည့်စီမံချက်အတွက် အလုပ်သမားများစွာလိုသည်မှာ ထင်ရှားပါသည်။ မွန်ဘာဆာမြို့သည် မြို့ငယ်လေးဖြစ်သောကြောင့် အလုပ်သမားများကို အိန္ဒိယနိုင်ငံမှခေါ်လာရသည်။ ၁၈၉၆ ခုနှစ်တစ်နှစ်တည်းတွင် ကျောက်ပန်းရန်များ၊ ပန်းပဲသမားများ၊ လက်သမားများ၊ မြေတိုင်းသမားများ၊ ပုံဆွဲသူများ၊ စာရေးများနှင့် အလုပ်ကြမ်းသမားများ ၂,၀၀၀ ကျော်သည် သင်္ဘောဖြင့်ရောက်ရှိခဲ့ကြသည်။
ထို့အပြင် မိုင် ၆၀၀ ရှိသည့်ရထားလမ်းဖောက်လုပ်ရန် သင်္ဘောဖြင့်တင်ပို့လိုက်သော များပြားလှသည့်ပစ္စည်းကိရိယာများအတွက် မွန်ဘာဆာမြို့ကို သင့်တော်သောထိန်းသိမ်းလက်ခံရာနေရာတစ်ခုဖြစ်ရန် လုပ်ဆောင်ရမည့်ကိစ္စလည်းရှိသေး၏။ ရထားလမ်းချည်းအတွက်ပင် ၃၀ ပေရှည်ပြီး ပေါင် ၅၀၀ ခန့်လေးသည့် သံလမ်း ၂၀၀,၀၀၀ လိုမည်ဖြစ်သည်။ (အားလုံးနီးပါးသံမဏိဖြစ်သည့်) ဇလီဖားတုံး ၁.၂ သန်းလည်းလို၏။ သံလမ်းနှင့် ဇလီဖားတုံးများကိုခိုင်ခံ့စေရန် ပိုးဆက်ပြား ၂၀၀,၀၀၀၊ ပိုးဆက်ပြားစွဲသည့်မူလီ ၄၀၀,၀၀၀ နှင့်သံမဏိသံလမ်းညှပ်တုံး ၄.၈ သန်းလိုပေမည်။ ထို့အပြင် မီးရထားစက်ခေါင်းများ၊ တင်ဒါများ၊ ဘရိတ်တွဲများ၊ ကုန်စည်တင်တွဲများနှင့် ခရီးသည်တင်တွဲများကို တင်သွင်းရမည်ဖြစ်သည်။ သို့သော် ပထမဆုံးရထားလမ်းကိုမခင်းမီတွင် ဆိပ်ခံတံတားများ၊ ကုန်သိုလှောင်ရုံများနှင့် အလုပ်သမားတည်းခိုဆောင်၊ ပြုပြင်ရေးရုံများနှင့် အလုပ်ရုံများဆောက်လုပ်ဖို့လိုသည်။ တိတ်ဆိတ်သောပင်လယ်ဆိပ်ကမ်းမြို့သည် ခေတ်သစ်ဆိပ်ကမ်းအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားခဲ့သည်။
ဝှိုက်ဟောက်စ်သည် ရေအခက်အခဲရှိမည်ဖြစ်ကြောင်း ချက်ချင်းသိရှိခဲ့သည်; မွန်ဘာဆာမြို့ရှိရေတွင်းအနည်းငယ်သည် ဒေသခံလူထု၏လိုအပ်ချက်ကိုဖြည့်ဆည်းပေးရန်ပင် အနိုင်နိုင်ဖြစ်ခဲ့၏။ သောက်သုံးရန်၊ ရေချိုးရန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ရေပမာဏများစွာလိုအပ်မည်ဖြစ်သည်။ “ထိုနိုင်ငံနှင့်ပတ်သက်၍ ကျွန်ုပ်တွေ့မြင်သိရှိသည့်အတိုင်းဆိုလျှင် ပထမမိုင် ၁၀၀ အတွက် ရထားဖြင့်ရေသယ်ဖို့ကလွဲ၍ စဉ်းစားမရပါ” ဟုဝှိုက်ဟောက်စ်ကရေးသားခဲ့သည်။ ထိုရေသယ်ရထားများသည် နေ့စဉ်အနည်းဆုံးဂါလံ ၁၀,၀၀၀ ကိုသယ်ပို့ပေးရန်လိုမည်တကား!
ဦးစွာ ရထားလမ်းအင်ဂျင်နီယာများသည် ချောင်းရေကိုတမံတုပ်ခြင်း၊ မိုးရေသိုလှောင်ကန်များဆောက်လုပ်ခြင်းအားဖြင့် ရေအခက်အခဲကိုဖြေရှင်းခဲ့ကြသည်။ နောက်ပိုင်းတွင် ပင်လယ်ရေကို ပေါင်းခံသည့် စက်ယန္တယားများကိုယူဆောင်လာခဲ့ကြသည်။
လုပ်ငန်းစတင်ကာ မွန်ဘာဆာမြို့သို့ ဝှိုက်ဟောက်စ်ရောက်ရှိပြီး တစ်နှစ်အကြာ ၁၈၉၆ ခုနှစ်တွင် ရထားသံလမ်း ၂၃ မိုင်ကိုခင်းပြီးခဲ့ပြီ။ ဤသို့ပြီးမြောက်အောင်မြင်လင့်ကစား ဆောက်လုပ်ရေးသည် ပို၍မမြန်ခဲ့လျှင် ပထမဆုံးရထားသည် ၁၉၂၀ ပြည့်လွန်များအစောပိုင်းတစ်ချိန်ချိန်အထိ ပင်လယ်ဆိပ်ကမ်းမှ ဗစ်တိုးရီးယားရေအိုင်ခရီးစဉ်ကို စတင်ခုတ်မောင်းနိုင်မည်မဟုတ်ကြောင်း အပြစ်ရှာဝေဖန်သူများက ချက်ချင်းသတိပြုကြသည်!
တားရူးလွင်ပြင်ကို ဖြတ်သန်းခြင်း
ထိုအတောအတွင်းတွင် ဆောက်လုပ်ရေးလုပ်သားများသည် ကပ်ရောဂါသင့်ခဲ့ကြသည်။ ၁၈၉၆ ခုနှစ်၊ ဒီဇင်ဘာတွင် ရွက်ဖျင်ဆေးရုံများတွင် ငှက်ဖျားရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အပူပိုင်းပြည်တည်နာရောဂါနှင့် အဆုတ်ရောင်ရောဂါဖြစ်နေသူ လုပ်သား ၅၀၀ ကျော်ရှိနေသည်။ နောက်ထပ်အပတ်အနည်းငယ်အတွင်း လုပ်သားအင်အားထက်ဝက်သည် ဖျားနာမှုကြောင့် မလှုပ်မရှားနိုင်အောင်ဖြစ်ခဲ့ရသည်။
သို့သော်ငြားလည်း လုပ်ငန်းကိုဆက်ခဲ့ကြရာ မေလတွင် ခြောက်သွေ့သောတားရူးလွင်ပြင်အထိ ရထားလမ်းကိုမိုင် ၅၀ ကျော်တိုးချဲ့ခဲ့ကြသည်။ မြေအနေအထားအရ ဆောက်လုပ်ရေးအတွက် အလွန်ကောင်းမည့်ဒေသဟု အစတွင်ယူမှတ်ခဲ့ကြသော်လည်း တားရူးဒေသသည် လူတစ်ရပ်စာရှိသည့် ဆူးချုံနွယ်ပိတ်ပေါင်းများထူထပ်သော သစ်တောဖြစ်သည်။ တလိပ်လိပ်ထနေသည့်အနီရောင်ဖုန်များက လုပ်သားများကိုမွန်းကျပ်စေ၏။ နေသည် ခြစ်ခြစ်တောက်ပူပြင်းလှရာ ထိုဒေသသည် ဆူးများအပြည့်ပါသည့် အကြော်ဒယ်အိုးကြီးနှယ်ဖြစ်၏။ ညဘက်တွင်ပင် အပူချိန်သည် ၁၀၀ ဒီဂရီဖာရင်ဟိုက်အောက်ကျခဲ၏။ ရိုက်တာ အမ်. အက်ဖ်. ဟီးလ်က ရထားလမ်းဖောက်လုပ်သည့် သူ၏တရားဝင်အစီရင်ခံစာတွင် ဤသို့ဖော်ပြခဲ့သည်– “အာဖရိက၏အတွင်းသဘောထားကိုက မျက်နှာဖြူရထားလမ်းကျူးကျော်ဝင်ရောက်လာမှုကို မကျေမနပ်ဖြစ်နေဘိသကဲ့သို့ဖြစ်သည်။”
ခြင်္သေ့များ၏ထိတ်လန့် ဖွယ်အန္တရာယ်
၁၈၉၈ ခုနှစ်နှောင်းပိုင်းတွင် ရထားလမ်းသည် ၁၂၁ မိုင်ရှိကာ ဆာဗိုဒေသအထိရောက်ရှိလာခဲ့၏။ ထိုကြမ်းတမ်းသည့်နယ်မြေတွင် ခြင်္သေ့နှစ်ကောင်က လုပ်သားများကိုစတင်ရန်မူတိုက်ခိုက်ပြန်ရာ မြွေပူရာကင်းမှောက်ဖြစ်ရလေသည်။ ခြင်္သေ့အများစုသည် လူကိုရှောင်လေ့ရှိ၏။ လူတို့ကိုရန်မူတိုက်ခိုက်သောခြင်္သေ့များသည် သားကောင်ကိုဖမ်းဆီးနိုင်စွမ်းမရှိသည့် အလွန်အိုမင်းမစွမ်းသောအကောင်များသာဖြစ်လေ့ရှိသည်။ ဆာဗိုဒေသရှိ ခြင်္သေ့အထီးတစ်ကောင်နှင့် အမတစ်ကောင်မူ ခြွင်းချက်ဖြစ်၏။ အိုမင်းမစွမ်းမဟုတ်ဘဲလျက် ညဘက်တွင် တိတ်တဆိတ်လာရောက်ပြီး သားကောင်များကိုဆွဲယူသွားသည်။
ကြောက်လန့်သောအလုပ်ကြမ်းသမားများသည် သူတို့၏စခန်းပတ်လည်တွင် ဆူးများဖြင့်ကာရံထားကြကာ မီးမပြတ်ဖိုထားကြပြီး တောကောင်များကို မောင်းထုတ်ရန် ရေနံစည်ပိုင်းလွတ်များကိုတီးမည့် အစောင့်များချထားကြသည်။ ဒီဇင်ဘာလတွင် အလုပ်သမားများသည် ခြင်္သေ့များ၏ထိတ်လန့်ဖွယ်အန္တရာယ်ကြောင့် အလုပ်သမားတချို့သည် သံလမ်းများပေါ်လှဲချကာ မွန်ဘာဆာသို့ပြန်သောရထားကိုတားခဲ့ပြီး ၅၀၀ ခန့်သည် ရထားပေါ်အုပ်လိုက်တက်ခဲ့ကြ၏။ နောက်ပိုင်းတွင် လုပ်သားလေးဒါဇင်ခန့်သာ ကျန်ရှိတော့၏။ အလုပ်သမားများသည် အကာအကွယ်များကိုခိုင်ခံ့အောင်ပြုလုပ်နေခဲ့ကြသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသည် သုံးပတ်ရပ်တန့်ခဲ့သည်။
နောက်ဆုံးတွင် ခြင်္သေ့များကိုဖမ်းမိသတ်ပစ်နိုင်ခဲ့ရာ လုပ်ငန်းပြန်လည်စတင်ခဲ့သည်။
အခြားအခက်အခဲများ
၁၈၉၉ ခုနှစ်အလယ်ပိုင်းတွင် ရထားလမ်းသည် နိုင်ရိုဘီမြို့အထိရောက်ရှိလာခဲ့၏။ ထိုနေရာမှ လမ်းကြောင်းကို အနောက်ဘက်သို့ဆက်ခဲ့ကြရာ ရိဖ်ချိုင့်ဝှမ်းအထိ ပေ ၁,၅၀၀ ကျော်နိမ့်ဆင်းသွားပြီး တစ်ဖန်အခြားတစ်ဖက်မှပြန်တက်သွားကာ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ၈,၇၀၀ ရှိသောမောတောင်ထိပ်သို့မရောက်မီအထိ ထူထပ်သောသစ်တောများနှင့် နက်လှသောလျှိုမြောင်များကိုဖြတ်တက်သွားရသည်။
ဤကဲ့သို့သော ကြမ်းတမ်းသည့်နယ်မြေတွင် ရထားလမ်းဖောက်လုပ်ခြင်းအခက်အခဲများနှင့် အတောမသတ်နိုင်သေးဘဲ အခြားအခက်အခဲများရှိပါသေးသည်။ ဥပမာ၊ ဒေသခံတိုက်ခိုက်သူများသည် စခန်းတွင်ဟိုဟိုသည်သည်လိုက်ကြည့်ကြကာ ဆောက်လုပ်ရေးပစ္စည်းများဖြစ်သော ကြေးနန်းကြိုးများကို လက်ဝတ်လက်စားများပြုလုပ်ရန်နှင့် မူလီများ၊ သံမှိုများနှင့် သံလမ်းများကို လက်နက်များပြုလုပ်ရန် ယူဆောင်သွားခဲ့ကြသည်။ ယင်းနှင့်ပတ်သက်၍ အရှေ့အာဖရိကရှိအစိုးရကိုယ်စားလှယ်တစ်ဦးက ဤသို့ရေးသားခဲ့သည်– “ကြေးနန်းကြိုးများသည် ပုလဲလည်ဆွဲများဖြစ်၍ သံလမ်းများသည် ပထမတန်းစားသေနတ်များဖြစ်သည်ဆိုလျှင် ဥရောပရထားလမ်းတွင် သူခိုးများသည် ခိုးမှုမည်မျှကျူးလွန်ကြမည်ကို မြင်ယောင်ကြည့်နိုင်ပါသည်။ . . . ယင်းသည် [လူမျိုးနွယ်စုဝင်များ] အတွက် သွေးဆောင်မှုတစ်ခုဖြစ်သည်မှာ အံ့ဩစရာမရှိချေ။”
နောက်ဆုံးလုပ်ငန်း
ရထားလမ်းအလုပ်သမားများသည် ဗစ်တိုးရီးယားရေအိုင်ရောက်ရန် နောက်ဆုံးခြောက်မိုင်အလိုသို့ရောက်ရှိလာသည်နှင့် စခန်းတစ်ခုလုံးသည် ဝမ်းကိုက်ရောဂါနှင့် ငှက်ဖျားရောဂါဖြစ်ကုန်ကြ၏။ လုပ်သားအင်အားထက်ဝက်သည် ဖျားနာခဲ့ကြ၏။ တစ်ချိန်တည်းတွင် မိုးကျလာရာ ဖုန်မှုန့်များသည် ရွှံ့များအဖြစ်ပြောင်းလဲကုန်၏။ ဖို့ထားသည့်ရထားလမ်းမြေသည် အလွန်ပျော့ပျောင်းလာရာ ပစ္စည်းများသယ်ဆောင်သည့်ရထားများသည် သွားလာနေစဉ်တွင် ပစ္စည်းများချရသည်; သို့မဟုတ်လျှင် လဲကျသွားကာ ရွှံ့ထဲနစ်သွားပေလိမ့်မည်။ ထိုရထားသည် “တစ်ဖက်တစ်ချက်ဆီယိမ်းထိုးကာ နိမ့်တုံမြင့်တုံဖြစ်လျက် ဖြည်းဖြည်းနှင့်သတိကြီးစွာလာနေရာ ပင်လယ်လှိုင်းကြက်ခွပ်ကြားတွင် ခုတ်မောင်းနေသော သင်္ဘောတစ်စီးနှယ်ဖြစ်ပြီး လမ်းတစ်လျှောက်တွင် ရွှံ့ရည်များသည် တစ်ဖက်တစ်ချက်စီသို့ ဆယ်ပေအထိဖြာထွက်နေသည်” ဟုအလုပ်သမားတစ်ဦးက ဖော်ပြထားသည်။
နောက်ဆုံး ၁၉၀၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ၌ဗစ်တိုးရီးယားရေအိုင်ကမ်းခြေရှိ ပေါ့ထ်ဖလော်ရဲန်းစ် (ယခုအခေါ် ကီဆူမူ) တွင် နောက်ဆုံးသံလမ်းတွင် နောက်ဆုံးသံလမ်းညှပ်သံချိတ်ကို ရိုက်ချခဲ့သည်။ ၅၈၂ မိုင်ရှည်သောရထားလမ်းဆောက်လုပ်ရန် ငါးနှစ်နှင့်လေးလအချိန်ယူခဲ့ရပြီး ဒေါ်လာ ၉,၂၀၀,၀၀၀ ကုန်ကျခဲ့သည်။ အိန္ဒိယနိုင်ငံမှခေါ်ဆောင်လာခဲ့သော အလုပ်သမား ၃၁,၉၈၃ အနက် ၂,၀၀၀ ကျော်သေဆုံးခဲ့ကာ တချို့သည် အိန္ဒိယသို့ပြန်သွားခဲ့ကြပြီး ထောင်နှင့်ချီသောသူများသည် ဆက်နေထိုင်ခဲ့ကြရာ ယခုအခါ အရှေ့အာဖရိကတွင် အာရှလူဦးရေအကြီးအကျယ်တိုးပွားခဲ့သည်။ ရထားဘူတာ လေးဆယ်သုံးခုဆောက်လုပ်ခဲ့ပြီး ခရီးလမ်းတစ်လျှောက်တွင် တောင်ကြားကူးတံတား ၃၅ ခု၊ တံတားကြီးတံတားငယ် ၁,၀၀၀ ကျော်ဆောက်လုပ်ခဲ့ကြသည်။
ရိုက်တာအဲလ်စပက် ဟဂ်စ်လီက ယင်းကို “ကမ္ဘာတွင် ရဲစွမ်းသတ္တိအပြောင်မြောက်ဆုံးရထားလမ်း” ဟုခေါ်ခဲ့သည်။ သို့သော် ကြိုးစားရကျိုးနပ်ပါသလော သို့မဟုတ် ရထာလမ်းသည် အမှန်ပင် အကြီးအကျယ်အချိန်ကုန်၊ ငွေကုန်ကာ အသက်များအတော်စတေးခဲ့ရသည့် “မိုက်ရူးရဲရထားလမ်း” ဖြစ်ခဲ့ပါသလော ဟူသည့်မေးခွန်းမူကျန်နေခဲ့သည်။
ယနေ့ရထားလမ်း
ကနဦးလမ်းကြောင်းပြီးစီးကတည်းက အနှစ် ၁၀၀ နီးပါးအတွင်း ဖြစ်ပျက်ခဲ့ရာကိုသုံးသပ်ခြင်းဖြင့် ထိုမေးခွန်း၏အဖြေကိုသိရှိရသည်။ ထင်းလောင်စာသုံးရေနွေးငွေ့စက်ခေါင်းနေရာတွင် ယင်းထက် အဆ ၂၀၀ ကျော်စွမ်းအားပိုကောင်းသော ယနေ့ဒီဇယ်စက်အားသုံးစက်ခေါင်းများဖြင့် အစားထိုးလိုက်သည်။ ရထားလမ်းကို ကင်ညာနိုင်ငံနှင့် ယူဂန္ဒာနိုင်ငံတို့ရှိ မြို့ကြီးမြို့ငယ်တော်တော်များများသို့ ထပ်၍တိုးချဲ့ခဲ့ကြပြီ။ ယင်းသည် နိုင်ရိုဘီမြို့နှင့် ကမ်ပါလာမြို့တော်များကိုဖွံ့ဖြိုးတိုးတက်စေရာတွင် အရေးပါသည့်ကဏ္ဍမှပါဝင်ခဲ့သည်။
ယနေ့ ရထားလမ်း၏အပိုင်းကဏ္ဍ နှစ်ခုရှိ၏။ ပထမကဏ္ဍမှာ ခရီးသည်များကို စိတ်ချလုံခြုံစွာ လိုရာသို့သယ်ယူပို့ဆောင်ပေးသည်။ ဒုတိယကဏ္ဍမှာ ဘိလပ်မြေ၊ ကော်ဖီ၊ စက်ပစ္စည်း၊ သစ်နှင့် စားနပ်ရိက္ခာများစသည့်ကုန်စည်များကိုသယ်ပို့ပေးနိုင်သည်။ သင်္ဘောများမှပစ္စည်းများချပြီး မရေမတွက်နိုင်သော ကုန်သေတ္တာကြီးများကို ကုန်းတွင်းပိုင်းသို့ သယ်ယူပို့ဆောင်ခြင်းသည် ကင်ညာရထားလမ်းများအတွက် အကျိုးအမြတ်များသောစီးပွားရေးလုပ်ငန်းလည်းဖြစ်သည်။
ရထားလမ်းသည် အရှေ့အာဖရိကအတွက် အလွန်အဖိုးတန်သည်မှာ ရှင်းနေပါသည်။ တစ်နေ့တစ်ချိန်တွင် သင်သည် “မိုက်ရူးရဲအမြန်ရထား” ဟုတစ်ချိန်ကခေါ်ခဲ့ကြသော ကျော်ကြားလှသည့်ရထားလမ်းတွင် ခရီးသည်တစ်ဦးဖြစ်ကောင်းဖြစ်နိုင်ပေသည်။
[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ရထားဖြင့်ခရီးသွားခြင်း
ကမ္ဘာလှည့်ခရီးသည်များရော ဒေသခံလူထုအတွက်ပါ ရထားသည် လူကြိုက်များသည့်ခရီးသွားနည်းဖြစ်သည်၊ အထူးသဖြင့် မွန်ဘာဆာမြို့နှင့် နိုင်ရိုဘီမြို့ကြားတွင်ဖြစ်၏။ ခရီးသည်တင်ရထားများသည် နိုင်ရိုဘီမြို့နှင့် မွန်ဘာဆာမြို့နှစ်မြို့စလုံးတွင် နေ့စဉ် ညနေ ၇:၀၀ နာရီတိတိတွင်ထွက်ခွာကြသည်။ သင်သည် ပထမတန်းစား သို့မဟုတ် ဒုတိယတန်းစားဖြင့် ခရီးသွားမည်ဆိုလျှင် ရထားပေါ်မတက်မီ သင်စီးရမည့်တွဲနှင့်အခန်းတို့အတွက် အသိပေးနို့တစ်စာများကို စစ်ဆေးကြည့်ရှုပါ။ ညနေ ၇:၁၅ သို့မဟုတ် ၈:၃၀ ညစာစားလိုပါသလားဟု အနီးတွင်ရပ်နေသော ရိက္ခာမှူးတစ်ဦးက သင့်အားမေးမည်။ စားမစားကို သင်ဆုံးဖြတ်ရပြီး သူသည် သင့်အား သက်ဆိုင်ရာကူပွန်တစ်ခုပေးမည်ဖြစ်သည်။
သင် ရထားပေါ်တက်လိုက်သည်။ ရထားသည်ဥသြဆွဲကာ ဘူတာမှတရွေ့ရွေ့ထွက်ခွာသည်နှင့် တေးသံပေါ်လာသည်။
ညစာစားချိန်ရောက်သောအခါ တစ်ယောက်ယောက်သည် အစားအစာအသင့်ဖြစ်ပြီးဖြစ်ကြောင်းကိုအသိပေးဖို့ ကျဉ်းမြောင်းသောကော်ရီဒါတစ်လျှောက် လက်ကိုင်ပတ္တလားငယ်ကိုတီးသွား၏။ စားသောက်တွဲတွင် ဟင်းလျာစာရင်းမှ သင်မှာယူလိုက်သည်; သင်စားနေစဉ်တွင် အစောင့်ဖြစ်သူသည် သင့်အိပ်ရာကိုပြင်ဆင်ရန် သင့်အခန်းထဲဝင်သွားမည်။
ခရီးစဉ်၏အစပိုင်းသည် အမှောင်ထုတွင်ဖြစ်သည်။ သို့သော် သင်အိပ်ရာမဝင်မီတွင် သင့်အခန်းထဲရှိ မီးများကိုထွန်းချင်ပေမည်၊ ပြတင်းပေါက်ကိုအသေအချာကြည့်ပြီး ‘လရောင်နဲ့မြင်ရတဲ့ အရိပ်မည်းမည်းတွေဟာ ဆင်တွေ၊ ခြင်္သေ့တွေလား၊ ဒါမှမဟုတ် ချုံနွယ်ပိတ်ပေါင်းတွေနဲ့ သစ်ပင်တွေပဲလား၊ ရထားလမ်းဖောက်လုပ်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်တစ်ရာနီးပါးလောက်က ဒီလိုနေရာမျိုးမှာ အိပ်ရရင်ဘယ်လိုနေမလဲ၊ ငါကြောက်များကြောက်နေမလား၊ အခုကောဘယ်လိုနေလဲ’ ဟုကိုယ့်ကိုယ်ကိုမေးကြည့်ပါ။
ခရီးစဉ်သည် ၁၄ နာရီပင်မကြာရာ အာဖရိကရှုခင်းကို အရုဏ်ဦးအလင်းရောင်အောက်၌ ကြည့်ရှုစရာများစွာရှိမည်ဖြစ်သည်။ မွန်ဘာဆာမြို့သို့သွားမည်ဆိုလျှင် နံနက်နေဝန်းသည် ဆူးခြုံတောထက်မှရောင်နီပေါ်လာ၍ တဖြည်းဖြည်းနှင့် အုန်းထန်းပင်များကို တွေ့ရလေသည်၊ ထို့နောက် ရိတ်ထားသော မြက်ခင်းများနှင့် ညှပ်ထားသော ခြံစည်းရိုးပင်များ၊ မွန်ဘာဆာမြို့၏ခေတ်မီအဆောက်အဦများကို တွေ့ရမည်ဖြစ်သည်။ လယ်သမားများသည် လယ်ကွင်းထဲတွင် အလုပ်လုပ်နေကြဆဲဖြစ်ပြီး ဖိနပ်စီးမထားသောကလေးများသည် ရထားပေါ်ရှိခရီးသည်များကို စိတ်အားထက်သန်စွာ လက်ဝှေ့ယမ်း၍ ကျယ်လောင်စွာနှုတ်ဆက်နေကြမည်။
နိုင်ရိုဘီမြို့သို့ သွားမည်ဆိုလျှင် ကြီးမားကျယ်ပြောလှသည့်လွင်ပြင်ကို တဂျုံးဂျုံးတဂျက်ဂျက်ဖြတ်သည်နှင့် အလင်းရောင်ကို စတွေ့ရမည်။ ထိုတွင် တိရစ္ဆာန်များကိုအလွယ်တကူမြင်ရမည်၊ အထူးသဖြင့် နိုင်ရိုဘီအမျိုးသားပန်းခြံကိုဖြတ်သန်းစဉ်တွင် ဖြစ်သည်။
ထိုအတွေ့အကြုံသည် အမှန်ပင်ထူးခြားလှပေ၏။ အခြားမည်သည့်ရထားတစ်စင်းဖြင့် မြင်းကြားနှင့် အန်တီလုပ်ဒရယ်အုပ်များကို ပြူတင်းပေါက်မှ ငေးကြည့်ရင်း နံနက်စာကို မြိန်ရေရှက်ရေစားနိုင်ပါမည်နည်း။
[Credit Line]
Kenya Railways
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ကင်ညာနိုင်ငံ
ဗစ်တိုးရီးယားရေအိုင်
ကီဆူမူ
နိုင်ရိုဘီ
ဆာဗို
မွန်ဘာဆာ
အိန္ဒိယ သမုဒ္ဒရာ
[Credit Lines]
ကမ္ဘာလုံးပုံ– Mountain High Maps® Copyright © 1997 Digital Wisdom, Inc.
ကမ္ဘာလုံးပေါ်ရှိ အာဖရိကမြေပုံ– The Complete Encyclopedia of Illustration/J. G. Heck
ရထားများ– ကင်ညာရထားလမ်း
ကူးဒူးအထီးနှင့်အမ။ လစ်ဒီကာ
ကင်ညာ ရထားလမ်း
ခြင်္သေ့မ။ ရာစုနှစ်မဂ္ဂဇင်း